top of page
Writer's pictureMyo Yan Naung Thein

တောင်ပိုင်းထိုးစစ်အောင်မြင်မှုများ - ၂၀၂၄ မတ် ၇ - ဧပြီ ၁၂

Updated: Apr 12

KNLA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ်

( ၂၀၂၄ မတ်လ ၇ ရက်မှ ၂၀၂၄ ဧပြီလ ၁၁ ရက်အထိ )


ဧပြီလ ၁၁ ရက်နေ့မှာ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့စောင့်တပ် ခမရ ၂၇၅ ကို အပြီးတိုင်းရှင်းလင်းခဲ့ပြီးမြဝတီကိုရရှိသိမ်းပိုက်ခဲ့ပါတယ်။ မြဝတီမကျစေဖို့ စစ်တပ်ကနည်းမျိုးစုံကြိုးစားပါတယ်။ ဒုချုပ်စီုးဝင်းကိုယ်တိုင်မော်လမြိုင်ကိုလာရောက်ကွတ်ကဲပါတယ်။ လာကွတ်ကဲတဲ့ စီုးဝင်းကိုယ်တိုင်ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။  ဘယ်သူပဲကွတ်ကဲပါစေ စိတ်ဓါတ်ပျက်ပြားနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ စခန်းစွန့်ပြီးအလွယ်တကူထွက်ပြေးကြတဲ့အတွက် မြဝတီကို အလွယ်တကူပဲ သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။


လောက်ကိုင် ဒကစမှာ ဒကစမှုး၊တပ်မမှုး၊ စစ်ဆင်ရေးမှုး စတဲ့ ဗိုလ်မှုးချုပ် ၆ ဦး အပါအဝင် အရာရှိ နှင့် တပ်သား ၂၁၀၀ ကျော် လက်နက်ချအညံ့ခံတာ၊ ဟိုပန် နှင့် ပန်လုံမှာ ၇၀၀ နီးပါးလက်နက်ချတာ၊ ရခိုင်ဒေသမှာ တစ်မြို့ပြီးတစ်မြိုကို ဆက်တိုက်သိမ်းနေပြီး စကစတပ်ဖွဲ့ဝင်တွေ ဆက်တိုက်လက်နက်ချအညံ့ခံနေတာ။ မဆုတ်တမ်းခံစစ်လို့အမည်ပေးထားတဲ့ ဖလူးစခန်းကို ၅ မိနစ်နဲ့ သိမ်းနိုင်တာ။ မြဝတီကိုကာကွယ်ထားတဲ့ ခမရ ၃၅၅၊ ခမရ ၃၅၆ ၊ ခမရ ၃၅၇ တို့တွေရဲ့တပ်ရင်းလိုက်တပ်စခန်းတွေအားလုံး၊ မဲသရောထစခန်း၊ ရေတလျောက်စခန်း စတဲ့ခံစစ်စခန်းတွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပြီး  ကျိုက်ဒုံဗျုဟာ  ၊ သင်္ကန်းညီနောင်ဗျုဟာတွေမှာ ဗျုဟာမှုးတွေကိုယ်တိုင် အလွယ်တကူလက်နက်ချအညံ့ခံတာတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ စိတ်ဓါတ်ပျက်ပြားနေမှုအခြေအနေကိုဖော်ပြနေတာဖြစ်ပါတယ်။


သူတို့တွေအခုလို အသက်ရင်းပြီးတိုက်နေရတာဟာ လူတစ်စု ရဲ့ အာဏာရူးတာတာကြောင့်ဖြစ်ပြီး၊ သူတို့ နဲ့ သူတို့ရဲ့မိသားစုတွေကိုကာကွယ်ဖို့ဆိုတာ စစ်ကောင်စီတပ်သားတွေဟာသိကြပါတယ်။ ဒါကြောင့်လည်းသူတို့ဟာ တိုက်ချင်ခိုက်ချင်စိတ်လုံးဝမရှိကြတော့ပဲ မိမိအနေချောင်ရေး အသက်ရှင်ရရေးကိုပဲစဉ်းစားကြတော့တာပါ။ ဒါဟာ နွေဦးတော်လှန်ရေးမှာကိုယ်လက်နက်ကိုယ်လုပ်ပြီး၊ တူမီးသေနတ်ကိုင်ပြီး ခေတ်မှီအော်တိုသေနတ်တွေကိုရဲရဲဝင့်ဝင့်ရင်ဆိုင်ခဲ့တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေနဲ့ မိုးနဲ့မြေလိုကွာနေတာပါ။ အခုဆို လေယဉ်မရှိတာကလွဲလို့ လက်နက်ချင်းယှဉ်လို့ရသွားတဲ့အခြေအနေမှာ တော်လှန်ရေးသူရဲကောင်းတွေက ကိုယ်မှာအသက်ပါတယ်လို့တောင်သဘောမထားတော့ပဲ တရကြမ်းကိုတိုက်ကြတဲ့အနေအထားဖြစ်သွားပါပြီ။


ဒါတင်မကသေးပါဘူး အခုပြုလုပ်တဲ့ ၁၀၂၇ စစ်ဆင်ရေး နှင့် AA, KIA, KNLA တို့ရဲ့စစ်ဆင်ရေးတွေကို စနစ်တကျမဟာဗျုဟာကျကျဖော်ဆောင်တာကိုတွေ့ရပါတယ်။ အဓိက မဟာဗျူဟာလမ်းမကြီးတွေနှင့် မဟာဗျုဟာကျတဲ့ စခန်းတွေကိုအဓိက အရင်သိမ်းပိုက်ပြီး မြို့တွေကို အလိုလိုပြိုလဲကျလာအောင် ဖြတ်လေးဖြတ်နဲ့ ဝိုင်းပြီးပိတ်ဆို့ဝန်းရံလိုက်တဲ့အတွက် စကစတပ်တွေဟာ နဂိုစိတ်ဓါတ်ပျက်ပြားလက်စအခံရှိနေတာကြောင့် သွေးအလွယ်တကူပျက်ပြီး အလွယ်တကူ စခန်းစွန့် ကိုယ်လွှတ်ရုံးထွက်ပြေးကြ ၊ လက်နက်ချအညံ့ခံကြတော့တာဖြစ်ပါတယ်၊  အခုဆို စကစဟာ တပ်သားဦးရေနည်းပါးနေပြီဖြစ်တဲ့အတွက် အတင်းအဓမ္မစစ်သားစုဆောင်းပြီးရှေ့တန်းပို့ဖို့လုပ်နေပါတယ်။



မိမိသဘောအလျောက် တပ်ထဲဝင်ထားခဲ့သူတွေ အလွယ်တကူ အပြိုင်အဆိုင် လက်နက်ချအညံ့ခံနေချိန်မှာ အခုလိုလုပ်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့လွန်စွာဆောက်တည်ရာမဲ့လုပ်ရပ်ဆိုတာထင်ရှားပါတယ်။ အလွယ်တကူလက်နက်ချရုံမကပဲ နောက်ကျဉ်တွေပလုံပျံသွားမည့်အနေအထားကို မင်းအောင်လှိုင်ကဖန်တီးလိုက်တာဖြစ်ပါတယ်။



နွေဦးတော်လှန်ရေးမတိုင်ခင်က စစ်တပ်မှာ အင်အား ၁ သိန်းခွဲရှိတယ်လို့ခန့်မှန်းကြပြီး အဲ့ဒီထဲမှာ တိုက်ခိုက်ရေးစစ်သားက ၇ သောင်းလောက်ပဲရှိပါတယ်။ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း မအလတပ်သား ၃ သောင်းကျော်ဟာ ပြည်သူ့ဖက်ပြောင်း၊ ထွက်ပြေး၊ သေဆုံး၊ အဖမ်းခံရတဲ့အတွက် အခုဆို တိုက်ပွဲဝင်စစ်သား ၃ သောင်းကျော်လောက်သာ ကျန်တဲ့သဘောဖြစ်တယ်။ တိုက်ပွဲဝင်စစ်သည် ၃ သောင်းကျော်ဆိုတာ ကချင်ပြည်နယ်မှာရှိတဲ့ KIA နှင့် KPDF တွေရဲ့ပူးပေါင်းတပ်အင်အားလောက်တောင်မရှိတော့တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် လူအင်းအားလည်းမရှိ၊ စိတ်ဓါတ်လဲပြိုလဲကျနေတဲ့စစ်တပ်ဟာ နွေဦးတော်လှန်ရေးအစမှာ အထက်စီးကရှိနေပေမယ် ၃ နှစ်အကြာမှာ အောက်စည်းရောက်သွားပြီး အနှေးနဲ့အမြန် အရှုံးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။



KNLA တပ်ပေါင်းစုဟာ မတ်လ ၇ ရက်နေ့ကစပြီး တစ်လအတွင်းမှာ စကစရဲ့အဓ်ကမဟာဗျုဟာစခန်းကြီးတွေကိုသိမ်းပိုက်ခဲ့ပြီး မြဝတီကိုပါသိမ်းနိုင်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်လိုက်နိုင်ပါပြီ။ ထို့အတူ မြန်မာပြည်မြောက်ဖက် နှင့်အရှေ့မြောက်က တရုတ်မြန်မာကုန်သွယ်ရေး၊ အနောက်နှင့်အနောက်မြောက်ဖက်က အိန္ဒိယ-ဘင်္ဂလားဒေ့ရှ့်-မြန်မာ ကုန်သွယ်ရေးတွေကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားပါပြီ။ အခုလိုနယ်စပ်ကုန်သွယ်ရေးနှင့် နယ်ခြားဒေသကိုစီုးမိုးနိုင်တာဟာ စီးပွါးရေးအတွက်သာမကပဲ ဒေသတွင်းနိုင်ငံတွေရဲ့ စကစအပေါ်သဘောထားရပ်တည်ချက်၊ နွေဦးတော်လှန်ရေးအပေါ်သဘောထားရပ်တည်ချက်တွေအပေါ် သိသိသာသာရိုက်ခိုက်ပြောင်းလဲသွားစေပါလိမ့်မယ်။ နွေဦးတော်လှန်ရေးအပေါ်နိုင်ငံတကာယုံကြည်မှုပိုမိုအားကောင်းလာပြီး NUG နိုင်ငံတကာအသိအမှတ်ပြုမှုပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ အိန္ဒိယအထက်လွတ်တော်အမတ်က ရက္ခိုင့်တပ်တော်နှင့်လာရောက်ဆွေးနွေးတာ ၊ ထိုင်းဝန်ကြီးချုပ်က မြန်မာအရေးအထူးအစည်းအဝေးခေါ်တာ ၊ မြန်မာအရေးအတွက် ဖက်စုံပူးပေါင်းဆောင်ရွက်မှရမယ်လို့ပြောလာတာတွေဟာထင်ရှားတဲ့ သာဓကတွေဖြစ်ပါတယ်။



ဒီသုံးသပ်ချက်မှတ်တမ်းထဲမှာ မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ KNLA နှင့် ပူးပေါင်းတပ်တွေရဲ့ထိုးစစ်နှင့် အောင်မြင်မှုတွေကိုဖော်ပြလိုက်ပါတယ်။ ယခုဆောင်းပါးကိုသုံးသပ်ချက်အပြင် အနှစ်ချုပ်မှတ်တမ်းတစ်ခုအဖြစ်ပါပြုစုခဲ့တာဖြစ်ပါတယ်။ မည်သူမဆိုအလွယ်တကူဖတ်ရှုကိုးကားဖို့ရည်ရွယ်ပါတယ်။ ကချင် နှင့် ရခိုင်ဒေသထိုးစစ်တွေအကြောင်းကိုလည်း သုံးသပ်ချက်မှတ်တမ်းအဖြစ်မကြာခင်ရက်ပိုင်းအတွင်းထပ်မံရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။



KNLA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ်

( ၂၀၂၄ မတ်လ ၇ ရက်မှ ၂၀၂၄ ဧပြီလ ၁၁ ရက်အထိ )


၁။ မတ်လ ၇ ရက်နေ့မှာ မြောက်ပိုင်း KIA နှင့်အတူစတင်ခဲ့တဲ့ ကရင်ပြည်နယ်ထဲက 0703 စစ်ဆင်ရေးဟာ ၁ လအတွင်း ပြောင်မြောက်တဲ့အောင်မြင်မှုတွေရခဲ့ပါတယ်။


၂။ မတ်လ ၇ ရက်ပွဲဦးထွက်မှာ သင်္ကန်းညီနောင်ဗျုဟာရဲ့လက်အောက်ခံ ခလရ ၃၅၅ ကို KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တွေကသိမ်းပိုက်ခဲ့ပါတယ်။ ခလရ ၃၅၅ ကိုမနက် ၁၀ နာရီမှာစတိုက်တယ် ညနေ ၆ နာရီမှာရပါတယ်။ မနက်စာစာပြီးတိုက်လိုက်တာ ညနေစာမစားခင် တပ်ရင်းတစ်ခုလုံးကိုရတဲ့သဘောဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စကစ ၁၉ ဦးသေတယ်။ လက်နက်မျိုးစုံ ၁၅၀ သိမ်းဆီးရရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဖက်က ၆ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာရတယ် ၊ ၄ ဦးဒဏ်ရာအနည်းငယ်ရတယ်။


၃။ မတ်လ ၉ ရက်နေ့မှာ သင်္ကန်းညီနောင်ရဲစခန်းကိုသိမ်းပိုက်ပြီး သင်္ကန်းညီနောင်မြို့ကိုထိန်းချုပ်နိုင်ခဲ့တယ်။


၄။  မတ်လ ၁၁ ရက်နေ့မှာ မဆုတ်တမ်းခံစစ်ကုန်းလို့အမည်ပေးထားတဲ့ ဖလူးစခန်းကို စကစတပ်ဖွဲ့တွေက “ မခံတမ်းဆုတ်စစ် “ နဲ့ခုခံခဲ့ကြတဲ့အတွက် ၅ မိနစ်အတွင်းသိမ်းပိုက်ရရှိပါတယ်။ ဒါကြောင့်လည်း ၅ မိနစ်ခံဖလူးစခန်းဆိုပြီးကမ္ဘာကျော်သွားခဲ့ပါတယ်။ ၂ ဦးဖမ်းမိပြီးကျန် စကစ တပ်သားတွေဟာထိုင်းနိုင်ငံဖက်ကိုထွက်ပြေးသွားကြပါတယ်။ လက်နက်ခဲယမ်းတွေအမြောက်အများသိမ်းပိုက်ရရှိပါတယ်။


၅။ မတ်လ ၁၄ ရက်နေ့မှာ အမှတ် ၁၃ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ်လက်အောက်ခံ ကျိုက်ဒုံဗျုဟာကိုဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဗျုဟာမှုးအပါအဝင်အားလုံးက အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့တဲ့အတွက် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ အလံဖြူကျိုက်ဒုံဗျုဟာစခန်းဆိုပြီး  ကမ္ဘောကျာ်သွားပါတယ်။ ကျိုက်ဒုံဗျုဟာစခန်းသိမ်းတိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ဥိးဒဏ်ရာရပါတယ် ၊ KNLA ပူးပေါင်းတပ်ဖက်မှ ၂ ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရပါတယ်။ ကျိုက်ဒုံဗျုဟာစခန်းမှ ဗျုဟာမှုးဗိုလ်မှုးကြီးအောင်ကျော်စီုးနှင့် အရာရှိ ၁၂ ဦးအပါအဝင် စကစ ၆၆ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၁၃၀ ကျော်သိမ်းဆည်းရရှိပါတယ်။


၆။ မတ်လ ၁၅ ရက်နေ့မှာ သင်္ကန်းညီနောင်ဗျုဟာအောက်က ခမရ ၃၅၆ တပ်ရင်းကိုသိမ်းပိုက်ခဲ့တယ်။ မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီမှာ စတင်တိုက်ခိုက်ပြီး ည ၇ နာရီမှာသိမ်းပိုက်းရှိတာဖြစ်တဲ့အတွက် “ ၄ နာရီခံ ခမရ ၃၅၆ “ ဆိုပြီးအမည်တွင်ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိပါတယ်။ စကစတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်။  ခမရ ၃၅၆ ဆီကနေ လက်နက်ကြီးလက်နက်ငယ် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရခဲ့တယ်။


၇။ မတ်လ ၁၉ ရက်နေ့မှာ ကျိုက်ဒုံမြို့နားက မဲသရောထစခန်းကို KNLA တပ်မဟာ ၆ နှင့် SOF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၅၇)နှင့် (၅၅၈)မှ စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားသည့် မဲသရောထစခန်းကုန်းကို မတ်လ ၁၅ ရက် နေ့မှစပြီးပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ မယ်သရောထ စစ်စခန်းမှာရှိတဲ့ တပ်ရင်းမှုးအပါအဝင် စကစတပ်ဖွဲ့ဝင် ၄၈ ဦး စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံ ၊ ပိုင်ခလန်ကျေးရွာထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ စကစရုပ်အလောင်း ၅ လောင်းနှင့် လက်နက်မျိုးစုံ ၆၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိပါတယ်။


၈။ မတ်လ ၂၁ ရက်နေ့မှာ ကြာအင်းဆိပ်ကြီး၊ ရေတလျောက်စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။

စခန်းရှိစကစ တပ်ဖွဲ့ဝင် ၂၆ဦး  မတ်လ ၂၁ ရက် နံနက်ပိုင်းမှာ ထိုင်းနိုင်ငံ ပန်ခလန်ကျေးရွာထဲကို ထွက်ပြေးသွားခဲ့တဲ့အတွက်အလွယ်တကူသိမ်းပိုက်ရရှိပါတယ်။


၉။  မတ်လ ၂၈ ရက်နေ့မီာ KNLA တပ်မဟာ ၅ က ဖာပွန်မြို့ကိုသိမ်းပိုက်ခဲ့ပါတယ်။ KNLA တပ်ဖွဲ့တွေဟာ ဖာပွန်မြို့ကို မတ်လ ၁၉ ရက်နေ့ကတည်းကဝန်းရံပိတ်ဆို့ထားခဲ့ပြီး ခလရ ၁၉ ကိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဖာပွန်မြိုထဲမှာရှီတဲ့တပ်ရင်းတွေဆုတ်ခွါသွားပြီး ဖာပွန်နှင့်မိုင်အနည်းငယ်ဝေးတဲ့ ဗျုဟာစခန်းမှာသွားရောက်ပူးပေါင်းတဲ့အတွက် ဖာပွန်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။


၁၀။ မတ်လ ၃၁ ရက်နေ့မှာ လေးကေကော်ကို ကော်ဘရာစစ်ကြောင်းက ဦးဆောင်သိမ်းပိုက်ခဲ့ပါတယ်။


၁၁။ ဧပြီလ ၄ ရက်နေ့မှာ ကောကရိတ်မြို့ ခလရ ၉၇ ခြေလျင်တပ်ရင်းဌာနချုပ်ကိုတိုက်ခိုက်ပါတယ်။


၁၂။ ဧပြီလ ၆ ရက်နေ့မှာ မြဝတီနားက သင်္ကန်းညီနောင်ဗျုဟာစခန်းက ဗျုဟာမှုးဗိုလ်မှုးကြီးထွန်းထွန်းလတ် အပါအဝင် စကစအကြမ်းဖက်တပ်ဖွဲ့ဝင် စုစုပေါင်း ၆၁၇ ဦးလက်နက်ချအညံ့ခံခဲ့တယ်။ ၁၉၆၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၅၆ နှစ်ကြာ အခြေချခဲ့တဲ့ အရှေ့တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ကန်းညီနောင် စစ်ဗျူဟာအခြေချစခန်းကို KNLA တပ်မဟာ ၆  ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဗျုဟာတစ်ခုလုံးကို ၅ နာရီကြာပဲတိုက်လိုက်ရတာဖြစ်ပါတယ်။  တိုက်ခိုက်မှုအပြီးမှာ သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာစခန်းက အရာရှိအဆင့် ၆၇ ယောက်၊ ရဲမေ ၅၉ ယောက်အပါအဝင် တခြားအဆင့် အယောက် ၄၁၀၊ စုစုပေါင်း ၄၇၇ ယောက် ၊ တပ်မိသားစု ၁၄၀ စုစုပေါင်း ၆၁၇ ဦးလက်နက်ချခဲ့အညံခံခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဗျုဟာကုန်းကနေသိမ်းဆည်းရရှိတဲ့ လက်နက်တွေကိုကားများစွာနဲ့ အခေါက်ပေါင်းများစွာသယ်ယူခဲ့ရပါတယ်။


ဒါဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် လောက်ကိုင်ေဒသကွတ်ကဲမှုစစ်ဌာနချုပ် - လောက်ကိုင်ဒကစ လက်နက်ချပြီးတဲ့နောက်ပိုင်း ဒုတိယအကြိမ်အစုလိုက်အပြုံလိုက်လက်နက်ချတာဖြစ်ပါတယ်။ ရခိုင်တပ်တော် AA ရဲ့ထိုးစစ်တွေမှာ ရာနှင့်ချီတဲ့ အကြမ်းဖက်တွေလက်နက်ချအညံ့ခံနေတာလည်းရှိပါတယ်။


၁၀၂၇ စစ်ဆင်ရေးအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီလ ၄ ရက်နေ့မှာ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို တာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် မိုးကျော်သူ၊ စစ်ကောင်စီ ကိုးကန့်ဒေသ ဦးစီးအဖွဲ့ ယာယီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း ၊ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး အပါအဝင် အရာရှိအများအပြားနှင့် အခြားအဆင့်စစ်သည် ၂၁၀၀ ကျော်ဟာ MNDAA တပ်ဖွဲ့ဆီမှာ လက်နက်ချခဲ့ကြပါတယ်။


ဒါ့အပြင် ဇန်နဝါရီလ ၅ ရက်နေ့ ဟိုပန်နဲ့ ပန်လုံမြို့တွေမှာလည်း အကြမ်းဖက်တပ်က အရာရှိနဲ့ တပ်သား သုံးရာကျော်အပါအဝင် မိသားစုဝင် ခုနစ်ရာနီးပါးလက်နက်ချခဲ့ကြပါတယ်။


၁၃။ KNLA ပူးပေါင်းတပ်ဟာ မနေ့က မြဝတီမြို့စောင့်တပ်ဖြစ်တဲ့။ ခလရ ၂၇၅ ကို သိမ်းပိုက်ပြီး မြဝတီမြို့ကိုထိန်းချုပ်လိုက်ပါတယ်။ ခလရ ၂၇၅ ကို ဧပြီလ ၈ ရက်နေ့မှာစတင်ဝန်းရံခဲ့ပြီး ဝနလက်နက်မချတဲ့အတွက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး ဧပြီလ ၁၁ ရက် မနက် ၄ နာရီမှာအပြီးတိုင်သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။  စခန်းကနေလက်နက်ခဲယမ်းအမြောက်မမြားသိမ်းဆည်းရပြီး စကစတပ်သားအလောင်းတွေလည်းပြန့်ကြဲနေတယ်လို့သိရပါတယ်။ အခုဆိုရင် အမှတ် ၄၄ တပ်မမှုးအပါအဝင် စကစတပ်သားတွေဟာ မြဝတီအမှတ် ၂ တံတားဖက်ကိုဆုတ်ခွါသွားပြီး ထိုင်းနိာင်ငံဖက်ကိုထွက်ပြေးဖို့ကြိုးစားပေမယ့်  ထိုင်းနိုင်ငံက တံတားကိုပိတ်လိုက်တဲ့အတွက် ပိတ်မိသွားတဲ့အခြေအနေဖြစ်သွားပါပြီ။  အခုနောက်ဆုံးအခြေအေိအရ အကြမ်းဖက်တပ်သားတွေရှိနေတဲ့ အမှတ် ၂ တံတားနားကို တော်လှန်ရေးတပ်ဖွဲများချဉ်းကပ်လာတဲ့အတွက် အကြမ်းဖက်များထွက်ပေါက်၊ ပြေးပေါက်လုံးဝပိတ်သွားတဲ့ အနေအထားကိုရောက်သွားပါပြီ။  အရင်နယ်ခြားစောင့်တပ်က စောချစ်သူကြားဝင်ဖြေရှင်းနေပါတယ်။၌KNLA ဖက်ကလည်း ကရင်အချင်းချင်းနားလည်မှုယူပုံရပါတယ်။ စောချစ်သူကြောင့်သာမဟုတ်ရင် အမှတ် ၄၄ တပ်မမှုးအပါအဝင်အားလုံးကို ပိတ်ဆို့ဖမ်းဆီးပြီးသွားလောက်ပါပြီ။


၁၄။ အခုရေးပြသွားခဲ့တာက ၂၀၂၄ မတ်လ ၇ ရက်ကနေ ဒီနေ့ အခုအချိန်ထိသုံးသပ်ချက်မှတ်တမ်းဖြစ်ပါတယ် ။ ဆက်ပြီးရေးသွားပါမယ်။ မကြာမှီရက်ပိုင်းအတွင်း ကချင်နှင့် ရခိုင် သုံးသပ်ချက်မှတ်တမ်းအနှစ်ချုပ်ကိုရေးသားတင်ပြပါမယ်။



ဦးမျိုးရန်နောင်သိန်း

၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်


ကိုးကားစာရင်း


၁။

၂။

၃။

၄။

၅။

၆။

၇။

၈။

၉။

၁၀။

၁၁။

၁၂။

၁၃။

၁၄။

၁၅။

၁၆။

၁၇။

၁၈။

၁၉။

၂၀။

၂၁။

၂၂။

၂၃။

၂၄။

၂၅။

၂၆။

၂၇။

၂၈။

၂၉။

၃၀။

၃၁။

၃၂။

၃၃။

၃၄။

၃၅။
















130 views0 comments

Comments


bottom of page