နေ့စဉ်သတင်းစုစည်းမှု
16-April-2024
တိုက်ပွဲသတင်း
၁။ နောင်ချိုရှိ စစ်တပ်စခန်းတခုကို မန္တလေး PDF သိမ်းပိုက်
ဧပြီ ၁၆ ၊ Mizzima
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတခုကို ဧပြီ ၁၅ ရက် ညနေပိုင်းတွင် သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သတင်းထုတ်ပြန်သည်။
သရက်ကုန်းကျေးရွာရှိ အင်အား ၆၀ နီးပါးရှိသော စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၅ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော်၌ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း MDY-PDF ၏ ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်က ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ၄၀ ကျော်၊ ၆၀ မမ ၂ လက်၊ Drone Jammer ၁ ခု၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ MDY-PDF ဘက်မှ ကျဆုံးမှုရှိခဲ့သည်ဟု ဆိုထားသော်လည်း အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။သရက်ကုန်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကူလာသော စစ်ကြောင်း နှစ်ကြောင်း ကို ယမန်နေ့၌ ပြည်သူ့ကာကွယ်ရေးတပ်က ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာသွားသော်လည်း စစ်တပ်က အဆိုပါစခန်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိရာ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကိုအော်စမွန်က ပြောသည်။စစ်ကောင်စီတပ်သည် သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် တပ်စွဲလေ့ ရှိပြီး သရက်ကုန်းကျေးရွာတွင်လည်း ဘုရားစေတီနှင့် စာသင်ကျောင်းပေါ်၌ အခိုင်အမာတပ်စွဲကာ ခံစစ်ပြင်ဆင်ထားခဲ့ ကြောင်းလည်း MDY-PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
၂။ စစ်ကောင်စီ တပ်ရင်းမှူးအပါ ၄၈ ဦး KNU ထံ လက်နက်ချ
ဧပြီ ၁၆ ၊ The Irrawaddy
တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၁၀၃ မှ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ ထုတ်ပြန်သည်။
ဧပြီ ၁၅ ရက်တွင် အဆိုပါ ခလရ-၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီး၊ လက်နက်ငယ် ၆၇ လက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အဆိုပါတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားသော တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ဆုတ်ခွာလာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ-၄ က မောထောဒေသနှင့် ထီးထားကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီးနောက် ကျန်ရှိသူများ လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNU မြိတ်-ထားဝယ်ခရိုင်မှ တာဝန်ရှိသူများက နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဆိုထားသည်။
အဆိုပါ လက်နက်ချက်အညံ့ခံမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
၃။ ပုလောမြို့နယ်၊ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစားကျေးရွာ စစ်ဆေးရေးဂိတ်ကို ဗုံးသီး အလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး
ဧပြီလ ၁၆ ၊ D Day News
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစား ကျေးရွာရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံး ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ - PRDF ထံမှ သိရသည်။
ဧပြီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲရှိ အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်း ကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ စားဖိုဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ထမင်းမစား ကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ထပ်တိုးသေဆုံးထိခိုက်မှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းသည် လက်ရှိစစ်မှုထမ်းဥပဒေအရ အကြမ်းဖက် စစ်တပ်က တနင်္သာရီတိုင်းအတွင်းရှိ လူငယ် တပ်သားသစ်တွေကို စုဆောင်းကာ စစ်သင်တန်း ပေးနေသည့် နေရာ ဖြစ်ကြောင်း သိရသည်။
၄။ သင်္ကြန်ကာလအတွင်း ဆီဆိုင်မြို့နယ်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိအပါအဝင် ၁၅ ဦး သေဆုံး
ဧပြီ ၁၇ ၊ PVTV
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာတာကြောင့် သက်ြန်ကာလ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)မှ ထုတ်ပြန်လိုက်ပါတယ်။
ဆီဆိုင်မြို့နယ်မှာ ဧပြီလ ၁၅ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အမတ ၅၀၇ တပ်နဲ့ ခမရ ၅၀၉ တပ်မှ ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်း အပါအဝင် ၁၃ ဦး သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီလ ၁၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အောင်ပန်း ကုတင်၇၀၀ ဆေးရုံအတွင်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ပအိုဝ်းဒေသကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ ထိခိုက်သေဆုံးနေရပြီး ပအိုဝ်းတို့ အထွဋ်အမြတ်ထားတဲ့ ဘာသာရေး အဆောက် အဦးတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပစ်မှတ်ထား ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၅။ ကျောက်ဖြူမြို့နယ် ALD ပါတီ ဥက္ကဋ္ဌဟောင်း ဦးထွန်းလွင် ဖမ်းဆီးခံရ
ဧပြီ ၁၆ ၊ DVB
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌဟောင်း ဦးထွန်းလွင်ကို ဧပြီ ၁၄ ရက် မနက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ ဦးထွန်းလွင် ရဲ့နေအိမ်မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ မနက် ၉ နာရီလောက် ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတာလို့ မြို့နယ် ALD ပါတီဝင်တဦးက ပြောပါတယ်။ “သူ အိမ်မှာရှိနေချိန် ဝင်ဖမ်းသွားတာ။ အိမ်စီးကား အဖြူတစီးနဲ့ တင်ပြီး ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းကို ခေါ်သွားတာ။ အိမ်ထဲမှာလည်း ဝင်မွှေပြီးတော့ ကွန်ပျူတာတလုံးနဲ့ ဦးထွန်းလွင် ကိုင်နေကျ ဖုန်း ၂ လုံးကိုပါ သိမ်းသွားတယ်။” သူဟာ ကျောက်ဖြူမြို့နယ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေ မေးမြန်းချက်ကို တခါတရံ ဖြေကြားတာနဲ့ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့ဝင်တဦး ဖြစ်တာကြောင့် လူမှုကွန်ရက် စာမျက်နှာတွေမှာ သရော်စာ၊ သတင်းဆောင်းပါး ရေးသားမှုတွေကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင် ကြောင်း နိုင်ငံရေးပါတီတွေအကြား ပြောဆိုနေကြပါတယ်။
၆။ မိုးညှင်းမြို့နယ်၌ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး တောင်သူ ၂ ဦး သေဆုံး
ဧပြီ ၁၆ ၊ RFA
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မိုးညှင်းမြို့နယ် နန်းမားအမြောက်တပ်က ဧပြီ ၁၄ ရက် ညပိုင်းမှာ မြိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ တောင်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ဒေသခံ အမျိုးသားတဦးက “နန်းမား အခြေစိုက် အမြောက်တပ် ၃၆၇ ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ တိုက်ပွဲလည်း မရှိပါဘူး။ မြိုင်နဲ့ ထန်းတပင်ရွာကြား လယ်ကွင်းထဲ လက်နက်ကြီး ကျည် ကျတယ်။ အဲဒီမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တောင်သူနှစ်ယောက် လက်နက်ကြီးကျည်မှန်ပြီး ပွဲချင်းပြီး သေတယ်” လို့ ပြောပါတယ်။လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သူတွေဟာ မြိုင်ကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၄၀ ကျော်အရွယ် ဦးညိုဝင်းနဲ့ ဦးဇော်တူး တို့နှစ်ဦး ဖြစ်ပါတယ်။
၇။ ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး
ဧပြီ ၁၆ ၊ RFA
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကူးတို့ကုန်းရွာမှာ ဧပြီ ၁၆ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မုံရွာမြို့အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ ချင်းတွင်းမြစ်အနောက်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာမှာ အဲဒီထဲက လက်နက်ကြီးနှစ်လုံး ကူးတို့ကုန်းရွာမှာ ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ ကျော်အရွယ် ကိုဆန်းလင်း နေရာမှာ တင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲ ယင်းမာပင်နယ်ဘက်ကို လက်နက်ကြီးနဲ့ ငါးကြိမ်နီးပါး ပစ်ခတ် ခဲ့လို့ အရပ်သားသေဆုံးမှု ရှိခဲ့တာလို့ ဆားလင်းကြီးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ပစ်တာက လေး၊ ငါး လုံးလောက်ရှိမယ်။ ရွာထဲကျတာက နှစ်လုံးကျတာ။ တစ်လုံးက ကိုဆန်းလင်း နေတဲ့နေရာ တည့်တည့်ကိုကျပြီး ဆုံးသွားတယ်။ ရွာက တခြား ထိခိုက်တာတော့ မရှိဘူး”
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ ကြောင့် အရာတော်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ သေဆုံးရတဲ့ အရပ်သား ခြောက်ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
תגובות