top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ခုနှစ် ဧပြီလ ၁၇ ရက်

နေ့စဉ်သတင်းစုစည်းမှု

17-April-2024


တိုက်ပွဲသတင်း


၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (၂၁) နေရာ ၂၀ ကို PDFတပ်တွေက တစ်ပြိုင်နက် တိုက်ခိုက်


ဧပြီ ၁၇ ၊ Mizzima


အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှာရှိတဲ့ စစ်ဆင်ရေး ပစ်မှတ် နေရာ (၂၀)ခုကို ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။


ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)က ဆုံးဖြတ်သတ်မှတ်ပေးထားတဲ့ စစ်မဟာဗျုဟာ ပစ်မှတ်တွေ ထဲက တခုအဖြစ် မနေ့က ဧပြီ ၁၆ ရက် မနက် ၉ နာရီလောက်မှာ အမှတ် (၂၁) ကာကွယ် ရေးပစ္စည်းစက်ရုံရဲ့ စစ်ဆင်ရေး ပစ်မှတ် နေရာ (၂၀)ခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


အဲ့ဒီတိုက်ခိုက်မှုကြောင့် အမှတ် (၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ ထိခိုက်ပျက်စီးမှုတွေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင်ခဲ့တယ်ဆိုတာ ပြည်သူကို ကနဦး အသိပေးထားတာပါ။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှု နဲ့ မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင် ရာ စစ်ဆင်ရေး ပစ်မှတ်နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



၂။ ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ဧပြီ ၁၇ ၊ PVTV


ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။


ဆီဆိုင်မြို့နယ် တစ်နေရာမှာ ဧပြီလ ၁၆ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ဆီဆိုင်မြို့နယ်ရဲ့ အနောက်တောင်ဘက်တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် ၃ လက်နဲ့ မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



၃။ မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်ရဲစခန်းကို AA ဝင်ရောက်တိုက်ခိုက်


ဧပြီ ၁၇ ၊ RFA


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး ရွက်ညိုတောင်ရွာနားရှိတဲ့ နယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ရွက်ညိုတောင်ရွာဘက်သို့ စစ်ကောင်စီတပ်ရဲ့ မောင်တောမြို့အဝင် နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅) က လက်နက်ကြီးပစ်ကူပေးနေသလို လေကြောင်းကပါ တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။


ရွက်ညိုတောင်ရွာမှာ အိမ်ခြေ နှစ်ဆယ်ဝန်းကျင်သာရှိပြီး တိုက်ပွဲကြောင့် ရွာခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။


AA က သိမ်းပိုက်ထားပြီးဖြစ်တဲ့ ငါးခူရစခန်းက ထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အဲဒီရွက်ညိုတောင်စခန်းကို ပူးပေါင်းခဲ့တာလို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်တဲ့ မောင်တောမြို့ခံတစ်ဦးက ပြောပါ တယ်။ “ငါးခူရက ထွက်ပြေးတဲ့ နယ်ခြားစောင့်ရဲနဲ့ စစ်တပ်က တပ်ဖွဲ့ဝင်တချို့ အဲဒီရွက်ညိုတောင်ကို ပေါင်းသွားတာ ရှိတယ်။ အဲဒီမှာ တချို့က လက်နက်ချမယ်၊ တချို့ကမချဘူး၊ အဲဒီလိုတွေဖြစ်နေတာ”

ဒီအခြေအနေပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။



၄။ ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး


ဧပြီလ ၁၇ ၊ D Day News


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ တံတားကြီးအနီး စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦးထိခိုက်သေဆုံးခဲ့ကြောင်းမြိတ်ခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ အချိန်က ပလောက်မြို့၊ တံတားကြီးအနီး အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အထန် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦး မျက်မြင်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် ဖက်ဆစ် စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာသဖြင့် အကြမ်းဖက် ဖက်ဆစ်တပ်သားများ တပ်စွဲလေ့ ရှိသည့် ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူး စုကန်း၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးကာ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - ပုလော ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ပုလောစစ်ကြောင်း-၁ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၅။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ထောင်မှပြောင်းရွှေ့


ဧပြီ ၁၇ ၊ The Irrawaddy


နေပြည်တော်ထောင်တွင်း နှစ်ရှည်ထောင်ဒဏ်ချခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ငူထောင်ရှိ သမ္မတဦးဝင်းမြင့်တို့ကို ထိန်းသိမ်းထားသော အကျဥ်းထောင်များထဲမှ ရွှေ့ပြောင်းထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတချို့ကို အတည်ပြုသည်။ သို့သော် မည်သည့်နေရာကို ရွှေ့ပြောင်းထားသည်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ ရာသီဥတု ပူပြင်းနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်သာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဥ်းသားအားလုံးကို လိုအပ်သည့် ကာကွယ်မှုများ လုပ်ပေးထားသည်ဟုလည်း စစ်ကောင်စီပြောခွင့်ရက ဆိုသည်။


စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲတရားစွဲဆိုကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး သမ္မတဦးဝင်းမြင့်ကိုလည်း အမှု ၈ မှုဖြင့် စွပ်စွဲတရားစွဲဆိုကာ ထောင် ၁၂ နှစ် ချမှတ်ခဲ့သည်။



၆။ အကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီထုတ်ပြန်


ဧပြီ ၁၇ ၊ Mizzima


အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၇ ရက်) နေ့တွင် ထုတ်ပြန်ကြေညာသည်။


၎င်းတို့ကို ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ (၄၀၁) ပုဒ်မခွဲ (၁) အရ နောက်တကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ် အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။


ယခင်က စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှုများ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားအရေအတွက် အနည်း အကျဉ်းမျှသာ ပါဝင်ခဲ့ပြီး ယခုတခေါက် လွတ်ငြိမ်းခွင့်တွင် နိုင်ငံ‌ရေးအကျဉ်းသားအရေအတွက် မည်မျှပါဝင်ကြောင်း မသိရှိရသေးပေ။“စစ်ရေးမှာ စစ်ကောင်စီက အရေးနှိမ့်နေတာရယ်။နိုင်ငံတကာ ဖိအားတွေကို အာရုံစိုက်ဖို့ အရမ်းမလို သေးဘူးလို့ ယုံကြည်တာကြောင့် ဒီနှစ်ဆန်းတရက်မှာလည်း နိုင်ကျဉ်းလွတ်ဖို့ အင်မတန်နည်းပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။


အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၆,၅၂၄ ဦးရှိပြီး ထိုအထဲမှ ၂၀,၃၅၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရသည်။




0 views0 comments

Comments


bottom of page