နေ့စဉ်သတင်းစုစည်းမှု
24-May-2024
တိုက်ပွဲသတင်း
၁။ နွားထိုးကြီးတွင် စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး
မေ ၂၄ ၊ Mizzima
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေပြီး ခြောက်ဦးဒဏ်ရာရသွားသည်ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။ ပြင်စည်လမ်းပိုင်း၊ခက်လန်းနှင့်တက်စည်ကျေးရွာကြားရှိအင်အား ၃၀ နီးပါးရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၂၃ရက်၊နံနက်၉နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
" ဒရုန်းနဲ့ ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့တယ်။သုံး ယောက်ပွဲချင်းပြီးသေတယ်။ခြောက်ယောက်အထက် ဒဏ်ရာရတယ်။ဒီစာရင်းက မျက်မြင်စာရင်းပဲ။အသေးစိတ်သိရဖို့လည်း စုံစမ်းနေပါတယ်"ဟု မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တိုက်ခိုက်ခံရပြီးနောက် ခက်လန်းနှင့်တက်စည်ရွာမှ ဒေသခံ လူငယ်ခုနစ်ဦးကို စစ်ကောင်စီက မေ ၂၃ ရက်ညတွင် ဖမ်းဆီးပြီး ယနေ့(မေ ၂၄ ရက်)နံနက် ၁၀ နာရီခန့်တွင် ငါးဦးပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ ကျန်နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး အသေစိတ်အခြေအနေကို မသိရှိရသေးပေ။ စစ်ဆေးရေးဂိတ်တိုက်ခိုက် ခံရမှု၌ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် နွားထိုးကြီး၊ပြင်စည် လမ်းပိုင်းတလျှောက် ကင်းပုန်းများချထားပြီး စစ်ဆေးရေးဂိတ်၌လည်း အင်အားတိုးမြှင့်ထား ကြောင်း သိရသည်။
၂။ ရွှေဘိုမြို့ လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
မေ ၂၄ ၊ Mizzima
စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့အနီးရှိ အမှတ်(၈) လေ့ကျင့်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့ထံမှ သိရ သည်။ မေလ ၂၃ ရက် နေ့လယ်ပိုင်း ၁၂ နာရီခွဲ အချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၈) လေ့ကျင့်ရေးကွင်းရှိ ဗဟိုကင်း၊ လက်နက်တိုက်၊ လက်နက်ကြီးကွင်းနှင့် ဘားတိုက်တို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။“၁၀၇ မမ လေးလုံးစလုံး ပစ်မှတ် ကို ထိမှန်ခဲ့ပါတယ်။ ပစ္စည်းချို့ယွင်းမှုလည်း မရှိခဲ့ဘူး။ ရှော့တိုက်ဒုံး ပစ်ခတ်တဲ့ အတွေ့အကြုံလည်း ရှိခဲ့တော့ ကြိုတင် ပြင်ဆင်ထားတဲ့အတိုင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်” ဟု FRF တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။အဆိုပါ တိုက်ခိုက်မှုအတွင်း ဗဟိုကင်းတွင် တာဝန်ကြသည့် စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က ၆၀ မမ များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိသည်။ ယင်းတိုက်ခိုက်မှုကို Freedom Revolution Force ၊ ရွှေဘိုခရိုင် အမှတ်(၂၅) တပ်ရင်း နှင့် ရွှေဘိုခရိုင် အမှတ်(၂၄) တပ်ရင်းတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၃။ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီးတွင် ၃ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးသေဆုံး
မေလ ၂၄ ၊ D Day News
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီးတွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ထံမှ သိရသည်။
ယမန်နေ့ မေလ ၂၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်မှစ၍ ကညင်မြောင် တိုက်နယ်၊ မြပင်ကူး ကျေးရွာအနီးတဝိုက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အထိုင်ချနေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးအနားရှိ သာယာကုန်းကျေးရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးကာ မြပင်ကူးကျေးရွာ မြောက်ဘက်ရှိ ကျွဲဒိုင်ရွာသို့ ဆုတ်ခွာသွားကြောင်း၊ သေဆုံးအကြမ်းဖက်စစ်သား အလောင်းများကိုလည်း ကျွဲဒိုင်ရွာအနီသို့ သယ်ဆောင်ကာ ထန်းလျက်ရွက်များဖြင့် အုပ်ထားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသော အကြမ်းဖက်စစ်သားများကို လိုက်လံရှာဖွေကာ ခြေမှုန်းလျက်ရှိကြောင်း အသိပေးထား သည်။ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် မေလ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်ခေါက် စိန်ကျေးရွာမှ မြပင်ကူးကျေးရွာဘက်သို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး မေလ ၂၁ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ မှ ရဲဘော်များတိုက်ခိုက်ခဲ့ရာ စနိုက်ပါ ထိမှန်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက် ညနေ ၆ နာရီ မိနစ် ၅၀ အချိန်ကလည်း မြပင်ကူးကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားစဉ်စနိုက်ပါဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများက လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၄။ CNF/CNA က တွန်းဇံမြို့ကို အလုံးစုံသိမ်းပိုက်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၄၀ ဖမ်းဆီးထား
မေ ၂၄ ၊ PVTV
ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က မေ ၂၃ ရက် ညပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ CNF/CNA က သတင်းဌာနတွေကို အတည်ပြုပြောကြားလိုက်ပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၄၀ လောက်အထိကို ဖမ်းဆီးထားတယ် ဆိုတာနဲ့ အဲဒီအထဲဥ ၁၅ ယောက်အထိ ဒဏ်ရာရနေတယ်လို့လည်း သိရပါတယ်။ တွန်းဇံမြို့က အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းနဲ့ ခလရ(၂၆၉) တပ်ရင်းတွေကို လက်လွတ်ဆုံး ရှုံးခဲ့ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တွန်းဇံမြို့ ပြန်ရရေး ရဟတ်ယာဉ်တွေနဲ့ စစ်ကူ အင်အား ဖြည့်တင်းတာတွေလုပ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်းကပဲ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေကို အရှင်ဖမ်းမိခဲ့တာလို့ သူကဆက်ပြောပါတယ်။ တွန်းဇံမြို့သိမ်း စစ်ဆင်ရေးကို မေ ၁၇ ရက်က စတင်ခဲ့ပြီး မနေ့ ကထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂၀ကျော် သေဆုံးမှုရှိနိုင်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း တော်လှန်ရေးရဲဘော်အချို့ ကျဆုံးထိခိုက်ရှိခဲ့တယ်လို့ ဒေသအတွင်းသတင်းအရင်း မြစ်တွေဆီက သိရပါ တယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၅။ မြန်မာ့အရေးပြေလည်ဖို့ မရပ်မနားကြိုးစားနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော
မေ ၂၄ ၊ RFA
မြန်မာပြည်က ပဋိပက္ခတွေအဆုံးသတ်ပြီး ငြိမ်းချမ်းဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မရပ်မနားကြိုးစားနေပါတယ်လို့ ထိုင်းဝန် ကြီးချုပ် ဆရက်ထာ ထာဝီစဉ် ကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။
လက်ရှိအာဆီယံဥက္ကဋ္ဌ လာအို အပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေနဲ့ ပူးပေါင်းကြိုးစား နေတဲ့အကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီနေ့ ကျင်းပတဲ့ အာရှအနာဂတ်ဆိုင်ရာညီလာခံမှာ ဝန်ကြီးချုပ် ထာဝီစဉ်က ပြောလိုက်တာပါ။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လည်း ပေးအပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို ကျွန်တော်တို့ မြင်ချင် ပါတယ်လို့လည်း မစ္စတာ ထာဝီစဉ်က ပြောပါတယ်။
၆။ မလေးရှားမှာလုပ်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တွေ့ဆုံပွဲ စစ်ကောင်စီ သံအမတ် တက်ရောက်
မေ ၂၄ ၊ BBC
မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံကော်မတီ ဝါရှင်တန် နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံပွဲကို စစ်ကောင်စီ သံအမတ် ဦးသက်ဝင်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
အာဆီယံ-ဝါရှင်တန်ကော်မတီ ရဲ့ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Dato’ Nazri Aziz က ဦးဆောင်ပြီး မေလ ၂၀ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာလုပ်မယ့် ရှန်ဂရီလာ ဆွေးနွေးပွဲကို လာဖို့ ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ရဲ့ ခရီးစဉ် အကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဆွေးနွေးပွဲကို အမေရိကန်ဘက်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင် နှင့် အရှေ့တောင်အာရှဒေသ ဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေးဝန်ကြီး Ms. Lindsey W. Ford တက်ရောက်ခဲ့ပြီး မြန်မာသံအမတ်က အာဆီယံသံရုံး အကြီးအကဲတွေနဲ့အတူ တက်ရောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် ကနေဒါနိုင်ငံ၊ အော်တာဝါမြို့ မှာ မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ (၂၁)ကြိမ်မြောက် အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုလည်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်း နဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။ အမေရိကန် နဲ့ ကနေဒါ နှစ်နိုင်ငံလုံးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့တာတွေ လုပ်ဆောင်ထားသလို သံတမန်အဆင့် လျော့ချထားခဲ့တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ စဉ့်ကူးတွင် ပျူရွာမှ လက်နက်ကြီးကြောင့် တဦး သေဆုံး
မေ ၂၄ ၊ The Irrawaddy
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ထုံးကြီး၊ တောင်အင်းစသော ပျူစောထီးကျေးရွာများမှ မြစ်အနောက် ဘက်ကမ်းကျေးရွာများနှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိရာ ယမန်နေ့က ပစ်ခတ်မှုကြောင့် ဒေသခံ သက်ကြီးရွယ်အို၂ ဦးအား ထိမှန်၍ တဦး ဒဏ်ရာပြင်းထန်ပြီး တဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့သူမှာ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ် အတွင်း ကျွန်းရွာတရွာဖြစ်သည့် မြေနုကျေးရွာမှ ဖြစ်ပြီး အသက် ၇၂နှစ် အရွယ် ဦးပေါ ဆိုသူမှာ ဒဏ်ရာပြင်းထန်၍ အသက် ၇၈ နှစ်အရွယ် ဒေါ်စန်းကြည်ဆိုသူမှာ ထိမှန်သော နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဟု သိရသည်။ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မြေဩဇာက “စဉ့်ကူးနယ်ထဲကနေ မြစ်အောက်ပိုင်းရွာတွေကို အကုန်ပစ်နေတာ၊ ကျချင် တဲ့ဆီ ကျဆိုတဲ့ သဘောမျိုးပဲ၊ ပစ်ရတဲ့အကြောင်းရင်းကို အခုထိ မသိရဘူး၊ တိုက်ပွဲဖြစ်တာ မရှိဘူး၊ အကြောင်းမဲ့ ပစ်နေ တာ၊ အခုပစ်တာက ၈၁ မမလို ၁၂၀ မမလို လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ ထုံးကြီးကနေလည်း နေ့တိုင်းနီးပါး ပစ်နေတာ၊ မနေ့ နေ့ခင်းက ပစ်လိုက်တာမှာ လူတွေ မှန်သွားပြီး လင်မယား ၂ ယောက်ထိတာမှာ မိန်းမက ဆုံးသွားတာ”ဟု ဧရာဝတီသို့ ပြောသည်။ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးကြီး၊ တောင်အင်းကျေးရွာများသည် ပျူစောထီးအားကောင်းသော ကျေးရွာများဖြစ်ပြီး ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများ တပ်ဆင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ အထိုင်ချ တပ်စွဲထား ကြောင်း၊ မေလ ၁၉ ရက်မှ စတင်ကာ နေ့စဉ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ ထုံးကြီး၊ တောင်အင်းကျေးရွာများ ဘက်မှလည်း လက်နက်ကြီးများ အချိန်မရွေး ထပ်မံ ပစ်ခတ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် အထူး သတိထား နေထိုင်ကြရန် Wetlet Informational Network က အသိပေးထုတ်ပြန်ထားသည်။
၈။ စစ်တပ်က မတ္တရာအရှေ့ခြမ်း စစ်ကြောင်းထိုး မီးရှို့၍ ဒေသခံများ တိမ်းရှောင်နေရ
မေ ၂၄ ၊ The Irrawaddy
မန္တလေးတိုင်း၊ မတ္တရာအရှေ့ခြမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကြိုးကြာကန်ကျေးရွာရှိ နေအိမ်များ ကို မီးရှို့ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်ကောင်စီ အင်အား ၂၀၀ ခန့်ဖြင့် မတ္တရာ အရှေ့ခြမ်းသို့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်မှ စျေးဟောင်းဘက်သို့ စစ်ကြောင်းတကြောင်း၊ ငါးလုံးပြွန်မှ အရှေ့မုံရွာစုဘက်သို့ တကြောင်းနှင့် ရေနံသာကျေးရွာမှ အရှေ့ဘက်သို့ စစ်ကြောင်းတကြောင်းခွဲ၍ ဝင်ရောက်လာခြင်းဖြစ် သည်။ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မတ္တရာမြို့ထဲကနေ ကား ၄ စီးနဲ့ မြောက်ဘက်ကို ထွက်လာ ပြီးတော့ ရေနံသာရွာက ဘုန်းကြီးကျောင်းထဲမှာ ကားတွေ ရပ်ပြီး အရှေ့ဘက်ကို ခြေလျင်စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းက ကြိုးကြာကန်ရွာကို မီးရှို့တာတွေ လုပ်သွားတာ၊ မနက် ၉ နာရီလောက်က စပြီးတော့ မီးရှို့တာ၊ ရွာသားတွေကတော့ ပြေးနေကြရတယ်လို့ သိရတယ်၊ အိမ်ခြေ ဘယ်လောက် မီးထဲပါသွားလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး”ဟု ပြော သည်။ ကြိုးကြာကန်ကျေးရွာအား မီးရှို့ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခန့်က ရေနံသာရွာ တောင်ဖျား ဘုန်းကြီးကျောင်းမှတဆင့် ကားများဖြင့် မတ္တရာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်သော်လည်း ကျန်စစ်ကြောင်း ၂ ကြောင်းမှာ မတ္တရာအရှေ့ခြမ်း၌ ဆက်ရှိနေသေးကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းပြန်လည် ထွက်ခွာသွားပြီဖြစ်သော်လည်း ကြိုးကြာကန်ရွာ ဒေသခံများမှာ ရပ်ရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ဘေးလွတ်ရာမှာပင် တိမ်းရှောင်နေကြရဆဲဟု သိရသည်။
၉။ မြင်းခြံ၊ ကန်ချောရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားသုံးဦးကို သတ်ခဲ့
မေ ၂၄ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကန်ချောကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားသုံးဦးကို သတ်ခဲ့ကြောင်း၊ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်၊ ည ၈ နာရီခန့်တွင် မြင်းခြံမြို့၊ ကန်ချောကျေးရွာမှ နဘူးအိုင်ကျေးရွာသို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး၊ မြင်းခြံ - နဘူးအိုင်ကားလမ်းမပေါ်၌ လမ်းဖြတ်သွားလာသူများကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ကန်ချောရွာကနေ ဓားစားခံအဖြစ် ဖမ်းလာတဲ့ အမျိုးသားနှစ်ယောက်ကို နဘူးအိုင်ရွာကို ရောက်တဲ့အချိန်မှာ ပစ်သတ်လိုက်တာ၊ နဘူးအိုင်က စိတ်ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်ကိုလည်း မီးရှို့သတ်ပစ်တယ်၊ အရူးကိုလည်း သတ်တာပဲ" ဟု မြင်းခြံဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။ ထို့ပြင် ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်၊ နံနက် ၁၁ နာရီခွဲ တွင်လည်း နဘူးအိုင်ကျေးရွာရှိ တိုက်အိမ်များပေါ်၌ စစ်တပ်က တပ်စွဲကာ လက်နက်ကြီးတပ်ဆင်၍ နဘူးအိုင်ကျေးရွာ အနောက်ဘက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဂင်ဂဲ့၊ ရွာရှည်၊ ညောင်တိုနှင့် သစ်ရံကျေးရွာများသို့ ပစ်ခတ်လျက်ရှိကြောင်း သိရ သည်။ "ရွာကြီး၊ မြို့သာ၊ တလုပ်နဲ့ ဆီမီးခုံရွာတစ်လျှောက်က နီးစပ်ရာရွာတွေကတော့ နေရတာ မလုံခြုံဘူး။ ဆုံရွာကိစ္စ ဖြစ်ပြီးတဲ့နောက် မြင်းခြံရဲ့ မြောက်ဘက်က တွေ့သမျှရွာတွေကို မီးရှို့၊ လူသတ်ပြီး ရိက္ခာပစ္စည်းတွေ ယူနေတာ၊ မြင်းခြံ - ဆီမီးခုံလမ်းကိုလည်း သိပ်မသွားရဲဘူး"ဟု မြင်းခြံမြို့ပေါ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် မရိုးကုန်း၊ ဇလပ်ကုန်း၊ ကန်တော်၊ ဂင်ဂဲ့၊ ရွာရှည်၊ ညောင်တို၊ သစ်ရံ၊ ကိုင်း၊ ရန္တပို၊ ဥဒယ၊ ဆင်ချောင်း၊ တောပုနှင့် ဆီမီးခုံကျေးရွာမှ ဒေသခံပြည်သူ ၁၀၀၀၀ ကျော်မှာ စစ်ရှောင်နေကြရကြောင်း သိရသည်။
၁၀။ စလင်းမြို့နယ် ကုန်းခြားရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၁၄၀ ကျော်ဆုံးရှုံး
မေ ၂၄ ၊ DVB
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုန်းခြားကျေးရွာကို မေ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး အများပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၄၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။စလင်းမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၁ မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကား ၅ စီးအပြည့်နဲ့ ပုသိမ်-မုံရွာလမ်းပေါ်ကတဆင့် ကုန်းခြားကျေးရွာကို ဝင်ရောက်လာခဲ့ကာ အကြောင်းမဲ့ ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက “မြေပြင်က ကား ၅ စီးနဲ့ အင်အားအလုံးအရင်း ထိုးလာတာပါ။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ပြီး ဒရုန်းနဲ့ပါ ဗုံးကြဲနေပါတယ်။ လက်နက်ကြီးထိမှန်ပြီး အနီးနားကျေးရွာက အဘွားအိုတဦးလည်း ထိခိုက်ဒဏ်ရာ ရသွား ပါတယ်၊ မစိုးရိမ်ရပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။ ကုန်းခြားကျေးရွာမှာရှိတဲ့ နေအိမ်ပေါင်း ၁၄၀ ကျော် မီးလောင် ပျက်စီးသွားပြီး လယ်ယာလုပ်ငန်းသုံး အိမ်မွေးတိရစ္ဆာန်တွေ၊ စက်ပစ္စည်းတွေ အများပြား ဆုံးရှုံးခဲ့ရပါတယ်။ဒါ့ အပြင် ကုန်းခြားကျေးရွာ အနီးပတ်ဝန်းကျင်က ကျေးရွာတရွာမှာ ပြည်သူ့နေအိမ်တလုံးအပေါ် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချသွားတဲ့ အတွက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၁။ ကလေးမြို့မှာ သားအမိနှစ်ဦး ဖမ်းဆီးခံရပြီး ဆိုင်ကိုပါ ချိပ်ပိတ်
မေ ၂၄ ၊ RFA
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက် ကလေးလေဆိပ်အနီးက စားသောက်ဆိုင်တစ်ခုကို စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် သားအမိကို ဖမ်းဆီးခဲ့သလို ဆိုင်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။ “မနေ့က ၂ နာရီဝန်းကျင်လောက်က အဲဒီဆိုင်ကို ဝင်စီးတာ။ ဆိုင်ပိုင်ရှင် အန်တီဆွေနဲ့ သူ့ရဲ့ သမီးကို ဖမ်းသွား တယ်။ အခုထိ သူ့မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးဘူး”။ သူတို့ကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာန ချုပ် (ဒ.က.စ) မှာ ဖမ်းဆီးစစ်ဆေးနေတာလို့ သူက ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းမှာ လူနှစ်သောင်းကျော် ( ၂၀,၄၇၉ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
Comments