top of page

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလှိုင် ၁ ရက်

Writer: Myo Yan Naung TheinMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု

01-July-2024


တိုက်ပွဲသတင်း

 

၁။ မိုးကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ရွှေမျက်ဝန်းတပ်စခန်းကို တအာင်းတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်

 

ဇူလိုင် ၁ ၊ PVTV

 

၁၀၂၇ စစ်ဆင်ရေး ၆ ရက် မြောက်နေ့မှာ တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့က စစ်ကောင်စီရဲ့ ရွှေမျက်ဝန်း တပ်စခန်းကို တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက ဇွန် ၃၀ ရက် မနက် ၅ နာရီက စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာ ရွှေလိပ်ပြာစခန်းမှာလည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ် မြို့နယ် ရွှေသာယာမှာ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ကနေ ညနေ ၄ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်က (၆၀)မမ လက်နက်ကြီး(၁၄)လုံးအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့နယ်မှာ တအာင်းတပ်မတော် TNLA နဲ့ PDF(မိုးကုတ်ဗျူဟာ)၊ PDF(513)နဲ့ မိုးကုတ် ပကဖ ပူးပေါင်းတပ်က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပြီး တပ်မဟာ (၃)စစ်ဒေသ မိုးမိတ်မြို့နယ်မှာ တအာင်းတပ်မတော် TNLA၊ PLA၊ PDF ပူးပေါင်းတပ်တွေက ည ၇ နာရီ ၅၃ မိနစ်မှာ စစ်ကောင်စီရဲ့ ကင်းချောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂။ သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်ရန် PDF တိုက်ခိုက်နေ

 

ဇူလိုင် ၁ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရဲစခန်းကို သိမ်းပိုက်ရန် ကာကွယ်ရေးတပ်များက တိုက်ခိုက်နေကြောင်း သိရသည်။ ယနေ့ ( ဇူလိုင် ၁ရက် ) နံနက် လေးနာရီခန့်တွင် ချောင်းကြီးရွာ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲ အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သပိတ်‌ကျင်းမြို့နယ် မြောက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောသည်။ " ဒီမနက် လေးနာရီ ထဲက စပြီးဖြစ်ကြတာ။ ချောင်းကြီးရွာ မြောက်ပိုင်းကို PDF က စိုးမိုးထားနိုင်ပြီပြောရမယ်။ ရွာတောင်ခြမ်းမှာ ရဲစခန်းရှိတော့ သိမ်းဖို့ကြိုးစားတာ။ တစ်မနက်လုံး သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ဆူညံနေတာပဲ။ အပြန်အလှန်ပစ်တာက မနက် ၁၁ခွဲလောက်မှာ နားသွားတယ်။ ဒါပေမဲ့ တစ်နေကုန် ကြိုကြားကြိုကြားတော့ ပစ်နေကြတုန်းပဲ " ဟု ၎င်းက MPA သို့ ပြော သည်။စစ်ကောင်စီတပ်က ‌နံနက် လေးနာရီတွင် တစ်ကြိမ် ၊ ညနေ ငါးနာရီမထိုးမီ တစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၃။ ဆန်လုပ်ငန်းရှင်များနှင့် စျေးဝယ်စင်တာ တာဝန်ရှိသူများကို စစ်ကောင်စီ ဖမ်းဆီးအရေးယူ

 

ဇူလိုင် ၁ ၊ Mizzima

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်သည့် သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချသည်ဟုဆိုကာ ဆန်စပါးလုပ်ငန်းရှင်များ၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်များမှ တာဝန်ရှိသူများကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု စစ်ကောင်စီက ယမန်နေ့ (ဇွန်လ ၃၀ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ဆန်စပါးလုပ်ငန်းရှင် ၃၁ ဦး၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ၊ ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ လေးဦးတို့ကို ၎င်းတို့ ရရှိခဲ့သည့် အကျိုးအမြတ်အပေါ် ဒဏ်ကြေးနှင့် အခွန်ထပ်မံကောက်ခံခြင်း၊ ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခြင်းတို့ ပြုလုပ် သွားမည်ဟု စစ်ကောင်စီက ဆိုသည်။ ထိုအထဲတွင် ဖမ်းဆီးခံထားရသည့် One stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ City Mart Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ Sein Gay Har Trading ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ Aeon Orange ဒါရိုက်တာ ဂျပန်လူမျိုး Mr.Kasamatsu Hiroshi နှင့် ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦးတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) ဖြင့် အရေးယူမည်ဟု ဖော်ပြထားသည်။ အဆိုပါ ဈေးဝယ်စင်တာ တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ဈေးထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ခဲ့ပြီး ဆန်စပါးလုပ်ငန်း ရှင်များ အနေဖြင့်လည်း ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန် သည်။ ထို့ပြင် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ခဲ့သည့် ဆန်စပါး လုပ်ငန်းရှင် ၂၄ ဦးနှင့် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ခဲ့သည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ကိုမူ ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များ အပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်မည် ဖြစ်ကြောင်း ဆိုသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၄။ ကျောက်မဲ One Love ဟိုတယ် ဗုံးကြဲခံရ၊ အနီးရှိ နေအိမ်များ မီးလောင်

 

ဇူလိုင် ၁ ၊ The Irrawaddy

 

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့လယ်၌ရှိသော One Love ဟို တယ်သို့ ဇွန် ၃၀ ရက် ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သောကြောင့် ဟိုတယ်အပါအဝင်အနီးရှိ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး၊ ပြည်သူ ၁ ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ One Love ဟိုတယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ တည်းခိုနေကြသည်ဟု ယူဆသောကြောင့် လေကြောင်းမှ လာရောက် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ များ၏ ပြောဆိုချက်များအရ သိရသည်။ ဒေသခံတဦးက ”အသက် ၄၀ ကျော် အမျိုးသမီးတယောက် သေဆုံးသွားတယ်။ One Love ဟိုတယ်နားတဝိုက်က အိမ်တွေ ပျက်စီးသွားတာ” ဟု ဆိုသည်။

 

၅။ ဝါးခယ်မမြို့နယ်မှ အမျိုးသာတစ်ဦးကို တစ်တော့တွင် စစ်ကောင်စီအား ဝေဖန်သည်ဟုဆိုကာ ဖမ်းဆီး

 

ဇူလိုင် ၁ ၊ Ayeyarwaddy Times

 

ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ အမျိုးသားတစ်ဦးကို တစ်တော့ (Tik Tok )တွင် စစ်ကောင်စီကို ဝေဖန်ခဲ့သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဖမ်းဆီးခံရသူသည် ဝါးခယ်မ မြို့နယ်၊ ရတနာသောင်သစ်ကျေးရွာတွင်နေထိုင်သူ ကိုချစ်မင်းသူဆိုသူဖြစ်ပြီး ဇွန် ၂၉ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ် နှင့် ရဲများမှ နေအိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။"facebook တို့ Tik ToK တို့ကို မြို့အလိုက်စောင့်ကြည့်နေတယ်နဲ့ တူပါတယ်။ အတိအကျကိုလာဖမ်းတာ။ နိုင်ငံရေးနဲ့ပတ်သတ်တာတွေ တင်မယ်ဆိုရင် ကိုယ့်ရုပ်အမှန်နဲ့ မတင်တာပိုကောင်းမယ်ထင်တယ်"ဟု မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

ဧရာ၀တီတိုင်းတွင် စစ်ကောင်စီ သတင်းပေးများက လူမှုကွန်ရက်(facebook)နှင့် Tiktotစသည့် လူမှုကွန်ရက်တို့ကို စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ဇွန်လအတွင်းက ရေကြည်၊ ဝါးခယ်မ၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် ဖမ်းဆီးခံ ရသူ ၁၀ဦး ခန့်ကြောင်း သိရသည်။



 

 

 

 

 

 

 

 
 
 

Comments


+14343654234

©2022 by Buy2Donate. Proudly created with Wix.com

bottom of page