နေ့စဉ်သတင်းစုစည်းမှု
10-June-2024
တိုက်ပွဲသတင်း
၁။ ကျိုက်ထိုမြို့နယ်၊ တောရကျောင်းပတ်ဝန်းကျင်သို့ တက်လာသည့် စစ်သားများကို ၄၀ မမဖြင့် တိုက်ခိုက်မှု ၄ ဦးအပြင်းအထန်ဒဏ်ရာရ
ဇွန် ၁၀ ၊ D Day News
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်းပတ်ဝန်းကျင်သို့ တက်လာသော အကြမ်းဖက်စစ်သား၊ ရဲများကို ၄၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF ထံမှ သိရသည်။ ဇွန်လ ၈ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်း ပတ်ဝန်းကျင်သို့ တက်လာသည့် အကြမ်းဖက်စစ်သား၊ ရဲ ၂၆ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၄ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ အမျိုးသမီးတစ်ဦးလည်း ၄၀ မမ ကျည်အစ ခြေသလုံးရှပ်ထိဒဏ်ရာ(မစိုး ရိမ်ရ) ရရှိခဲ့ကြာင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အရပ်သား ပြည်သူ အမျိုးသမီးတစ်ဦးထိခိုက်ခဲ့မှုအပေါ် ပူးပေါင်းအဖွဲ့မှ လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်း အသိပေးထုတ်ပြန်ထား သည်။
၂။ မုံရွာတွင် ရဲစခန်း တိုက်ခိုက်ခံရ
ဇွန် ၁၀ ၊ DVB
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဇွန် ၉ ရက် ညနေပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက “ကျနော်တို့ ပူပေါင်းတပ်ဖွဲ့တွေက ၈၀၊ ၆၀၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ ပြီးတော့မှ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်တာ။ ေ–းတွေဘက်က ထိခိုက်ပျက်စီး သေဆုံးတာ များမယ်။ အတိအကျကတော့ စုံစမ်းနေတုန်းမို့ပါ” လို့ DVB ကို ပြောပါတယ်။ အဆိုပါတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး DVB အနေနဲ့ မြို့ခံတွေကတဆင့် ညောင်ဖြူပင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ “စခန်းသိမ်းနိုင်တဲ့ အနေအထားအထိတော့ မရောက်ခဲ့ဘူး။ ေ–းတွေဘက်က ရမ်းသန်းပြီး ပြန်ပစ်တာကလွဲလို့ ကျနော်တို့ဘက်က အေးဆေးပါ။ ဘာထိခိုက်မှုမှမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြတယ်” လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲမှ ရဲဘော်တဦးက ပြောပါတယ်။ ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့၊ Fighter 9 Forces (Salingyi)၊ 5/ဘခက်၊ 5/Fighter Group၊ Royal Brother Forces၊ ကနောင်မင်းသားကြီး၊ BED ငညို၊ CDF၊ SRA၊ တောဘုရင်ယက္ခ၊ ဒေါင်းတမာန်၊ Golden Eagle နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၃။ မုံရွာတွင် တိုက်ပွဲအတွင်း လက်လုပ်သေနတ်မတော်တဆဖြစ်ပြီး ကာကွယ်ရေးရဲဘော် ကျဆုံး
ဇွန် ၁၀ ၊ Mizzima
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်စဥ် လက်လုပ်သေနတ် မတော်တဆဖြစ်ပြီး ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှထွက်လာသော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ မုံရွာမြို့နယ်၊ မုံရွေးတန်ပိုဂိတ်၌ ခေတ္တစခန်းချနေစဥ် ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်လုပ်သေနတ်ချို့ယွင်းပြီး ကျည်ထိမှန်ကာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ “သူ့သေနတ်က Error ဖြစ်ပြီး ကျည်ကရင်ဘတ်ကိုပြန်မှန်တာ။ ဆေးကုဖို့သွားတဲ့လမ်းမှာပဲ ကျဆုံးသွားတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။စစ်ကောင်စီတပ်သားများကို မိုင်းဆွဲပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ရန်စီစဥ်ထားသော်လည်း မိုင်းမအောင်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကျဆုံးသွားသည့် ရဲဘော်ကို နေ့ချင်း သင်္ဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မုံရွေးတန်ပိုဂိတ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ပစ်ခတ်ခဲ့ ရာ မုံရွေးကျေးရွာမှ အရပ်သားနှစ်ဦး၊ ကြေးမုံကျေးရွာမှ တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၀ ရက်) နံနက် ၅ နာရီခန့်က မုံရွာမြို့အဝင်ရှိ မအူဂိတ်မှ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် စစ်ကြောင်းထိုး၍ ထနောင်းတောမြောက်ရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်သတင်းပြန်ကြားရေးထံက သိရသည်။ အဆိုပါစစ်ကြောင်းသည် နေအိမ်မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၈ နာရီ အချိန်တွင် မအူဂိတ်မှတဆင့် မုံရွာ မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၄။ ပင်လည်ဘူးမြို့ရှိ နေအိမ်အဆောက်အုံများ စစ်တပ် မီးရှို့
ဇွန် ၁၀ ၊ The Irrawaddy
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) များ၊ ပျူစောထီးများသည် မြို့တွင်းရှိ ဌာနဆိုင်ရာအဆောက်အဦ၊ နေအိမ်များကို ဇွန် ၉ ရက်က စတင်၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ပင်လည်ဘူးမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ SNA နှင့် ပျူစောထီးပူး ပေါင်းအဖွဲ့များ အထိုင်ချတပ်စွဲထားသော နေရာများ ကို တော်လှန်ရေးအင်အားစုများက မေလ ၂၃ ရက်မှ စတင်ကာ စီးနင်းဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများ ဆက်တိုက်ပြင်း ထန်ခဲ့ကြောင်း သိရသည်။ ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲပြင်းထန်နေပြီးတော့ မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရုံးတွေ၊ အိမ်တွေကို မီးရှို့ ဖျက်ဆီးနေကြတာ၊ အဓိကတော့ ပစ် ကွင်းမြင်ကွင်းရှင်းဖို့ လုပ်နေတာမျိုးပေါ့၊ ပြည်သူတွေကတော့ မရှိတော့ပါဘူး၊ အားလုံးစစ်ဘေးရှောင်နေကြရတယ်။ တိုက်ပွဲ ဖြစ်ကတည်းက လေကြောင်းပစ်ကူတွေနဲ့ ဗုံးကြဲတာတွေလည်း လုပ်နေတယ်” ဟု ပြောသည်။ ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ SNA နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ကျော်ထိ ရှိနေပြီး တော်လှန်ရေးအင်အားစုများက မြို့အား ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကာ စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းမှ ပစ်ကူပေးနေသလို လက်နက်ကြီး ပစ်ကူများအပြင် ပင်လည်ဘူးမြို့နှင့် မိုင် ၃၀ ခန့်သာကွာဝေးသည့် ဝန်းသိုမြို့မှလည်း မြေပြင်စစ်ကူများ ပို့နေကြောင်း သိရ သည်။ စစ်ကိုင်းပကဖ ကလည်း စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့ရှိ ရုံးနှင့်အဆောက်အုများကို မီးရှို့သည့် အပြင် ၎င်းတို့ဘက်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကိုပါ နေအိမ်များထဲ ထည့်၍ မီးရှို့နေကြောင်း ယနေ့ အသိပေး ထားသည်။
၅။ ရေစကြိုဒေသခံ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီး
ဇွန် ၁၀ ၊ DVB
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၁ ဦးကို ပစ်သတ်ပြီး ၃၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ ဇွန် ၈ ရက်နေ့မှာ ရေစကြိုခလရ ၂၅၈ ထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၇၀ ပါ စစ်ကြောင်းက ညနေပိုင်းမှာ ဆည်ရွာက တောင်သူ လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ခုနှစ်ပင်ရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားပြီး မနက် ၁၀ နာရီမှာ ကုတို့စုရွာထဲက ရွာခံ ၃၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး မိုဘုန်းဖုန်းတွေနဲ့ ရွှေ၊ ငွေတို့ကိုပါ သိမ်းယူသွားတယ်လို့ သိရပါတယ်။ “၈ ရက်နေ့က စစ်ကြောင်းထွက်တယ်၊ စစ်ကြောင်းက ၈ ရက်နေ့ညမှ မအူမှာအိပ်တယ်၊ ဇီးတောကနေမှ ခုနှစ်ပင်ရွာထဲ အရင်ဝင်တယ်၊ အဲဒီမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်ပြီးတော့မှ ရွာထဲက မပြေးနိုင်တဲ့ ပြည်သူတွေကို ဓားစာခံ ဖမ်းခေါ်သွားတာ၊ အမျိုးသားတွေရော အမျိုးသမီးတွေရော အယောက် ၂၅ -၃၀ ဝန်းကျင်ရှိတယ်။ ရွာထဲက ဖုန်းတွေ၊ ရွှေတွေ၊ ပိုက်ဆံတွေ အကုန်ယူသွားတာ” လို့ ရေစကြိုပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။စစ်ကြောင်းက ခလရ-၂၅၈ တပ်ထဲကို ပြန်ဝင်သွားပြီး ဓားစာခံပြည်သူတွေ ကိုတော့ ဇွန် ၁၀ ရက်နေ့ နေ့လယ်ပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။
၆။ စလင်းမြို့မှ ဖမ်းဆီးသွားသူ ၅၀ ကျော် မကွေးသို့ ပို့ဆောင် ဟုဆို
ဇွန် ၁၀ ၊ The Irrawaddy
မကွေးတိုင်း၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းတို့မှ လမ်းသွားလမ်းလာ ၅၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မကွေးသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံများထံက သိရသည်။ စလင်း မြို့ခံတဦးက “စလင်းဘက်က ဖောင်းလင်းလမ်းခွဲကနေ ၃၀ ကျော် ဖမ်းခံရတယ်၊ ဆင်ဖြူကျွန်း ဆုတ်လေဦးလမ်းခွဲမှာ ဖြတ်သန်းသွားတဲ့ ၂၀ လောက်ကို ဖမ်းတယ်။ တနေ့က မကွေး ပို့လိုက် တယ်လို့ ကြားရတယ်၊ ဒီရက်ပိုင်းထဲမှာပဲ ဖမ်းသွားတဲ့သူတွေကို မကွေးသင်ကြားရေးဆေးရုံမှာ ဆေးစစ်မယ်လို့ ကြားတယ်” ဟု ပြောသည်။ပို့ဆောင်ခံရသူများမှာ လူငယ်အများဆုံးဖြစ်ပြီး စစ်မှုထမ်းရန်အတွက်လူသစ်အနေဖြင့် စုဆောင်းခံရခြင်းမျိုး ဖြစ်ကာ ရက်ပိုင်းအတွင်းမှာပင် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး၌ ဆေးစစ်ခြင်းများပြုလုပ်မည်ဟု သိရှိရကြောင်း ဒေသခံများက ဆိုသည်။ မကွေးတိုင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်ကို အမျိုးသားနှစ်ဦး အတူစီးခွင့်မပြုဟုကန့်သတ် ထားရာ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များ မပါဝင်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံရမှုများတွင် ဆိုင်ကယ်ကို အမျိုးသားနှစ်ဦး အတူစီးသည် ဆိုသောအကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။
ဆင်ဖြူကျွန်းမြို့ ဆုတ်လေဦးလမ်းခွဲတွင် ရှောင်တခင်စစ်ဆေးသည့်ပုံစံဖြင့် ဖြတ်သန်းသွားလာသူများကို စစ်ဆေးပြီးနောက် ဆိုင်ကယ်များကိုပါ ကားပေါ်တင် ယူဆောင်သွားကြသဖြင့် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများက လိုက်လံထုတ်ယူကြရာ တွင် ဆိုင်ကယ်များကို ပြန်လည်ပေးအပ်ပြီး လူကိုလွှတ်ပေးခြင်းမျိုး မရှိကြောင်း ဆင်ဖြူကျွန်းမြို့ခံများထံက သိရသည်။
၇။ ရေစကြိုမှာ PDF တစ်ဦးအပါအဝင် လေးဦး သတ်ဖြတ်ခံရ
ဇွန် ၁၀ ၊ RFA
မကွေးတိုင်း ရေစကြိုမြို့နယ် ခုနှစ်ပင်ရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့အခြေစိုက် ခလရ (၂၅၆) က စစ်ကောင်စီတပ်သား အင်အား ရှစ်ဆယ်ခန့်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာကို သတင်းရပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီနေ့ မနက်က PDF တွေ စုမုန့်စားနေတဲ့နေရာကို သူတို့က အတင်းဝင်စီးပြီး ပစ်ခတ်တာဆိုတော့ သေနတ်တွေ ယူချိန် မရလိုက်ဘဲ အကုန်လုံး ထွက်ပြေးတာမှာ တစ်ယောက် ကျန်ခဲ့တာ။ အမှန်တကယ် PDF တစ်ဦးနဲ့ သေနတ် လေးလက် ဆုံးရှုံး တယ်။” အဲဒီနေ့က ခုနှစ်ပင်ရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ဆယ်ခန့်ကို ဖမ်းခေါ်သွားပြီး ဒီနေ့ မနက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲက ခုနှစ်ပင်ရွာသားတစ်ဦးနဲ့ ကျွန်းဘိုပင်ရွာသားတစ်ဦးတို့ကတော့ ဆက်လက် ဖမ်းဆီးခံထားရတယ်လို့ သူကဆိုပါတယ်။
၈။ မင်းပြားမြို့ ဗုံးကြဲခံရမှု အမျိုးသမီးတစ်ဦး သေဆုံး
ဇွန် ၁၀ ၊ RFA
ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်က အလယ်ပိုင်းရပ်ကွက်ကို ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ်ရှိတဲ့ မင်းပြားမြို့ခံ ဒေါ်ယဉ်ယဉ်အေးဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့ နေ့လယ်က မြို့ထဲကို လေယာဉ်နဲ့ဗုံးလာကြဲတာပါ။ တစ်လုံးက အလယ်ပိုင်းရပ်ကွက်ထဲကို ကျတယ်။ ဒေါ်ယဉ်ယဉ်အေးဆိုတဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်လုံး က ဓမ္မိကာရုံ ဘုန်းကြီးကျောင်းမှာကျတယ်။ ကျောင်းလည်း အတော်ပျက်စီးသွားတယ်”
ဇွန်လ ၉ ရက် မနေ့ကတစ်ရက်တည်းမှာပဲ မောင်တောမြို့နယ် ကိုင်းကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ ကလေးနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Comments