top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်

နေ့စဉ်သတင်းစုစည်းမှု

11-June-2024

တိုက်ပွဲသတင်း

 

၁။ ဖလမ်းမြို့ပေါ် စစ်ဆင်ရေး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး သေဆုံးဟု CNDF ပြော

 

ဇွန် ၁၁ ၊ Mizzima

 

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ် လမ်းဆုံနှင့် ဆောက်လုပ်ရေးရုံးတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံမှသိရသည်။

ဇွန်လ ၈ ရက် ညနေ ၃ နာရီ နှင့် ဇွန်လ ၉ ရက်‌နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လမ်းဆုံရှိ စစ်ကောင် စီတပ်သားများကို တိုက်ခိုက်ခဲ့ချိန် အပြန်အလှန်ပစ်ခတ်မှု၌ ချင်းကာကွယ်ရေးရဲဘော်တဦးဒဏ်ရာရရှိခဲ့သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောသည်။ “စနိုက်ပါနဲ့ ပစ်ခဲ့တာ အနည်းဆုံးနှစ်ဦးသေဆုံးသွားတဲ့အကြောင်း ရဲဘော်တွေနဲ့ မျက်မြင်တွေ့တဲ့ ပြည်သူဆီက ပြန်သိရတာပါ” ဟု ဆလိုင်းတင်မီထွဋ်က ပြောသည်။ မစ်ရှင်ဂျေရုဆလင် (Mission Jerusalem) အမည်ဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဟု ‌CNDFက ဆိုသည်။ဂျေရုဆလင်ဆိုသည်မှာ အစ္စရေးလူမျိုး များ၏ မြို့တော်ဖြစ်သည်။ ရှေးယခင်ကာလများက ယင်းမြို့ကို အခြားသောလူမျိုးများက သိမ်းပိုက်အုပ်စိုးခဲ့မှုကို အစ္စရေး လူမျိုးများက ပြန်လည်သိမ်းပိုက်နိုင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြသကဲ့သို့ ယခုလည်း စစ်ကောင်စီလက်အောက်ရှိ ဖလမ်း မြို့ကို ပြန်လည်သိမ်းယူနိုင်ရန်ရည်ရွယ်၍ တိုက်ခိုက်ခြင်းဟု ဆလိုင်းတင်မီထွဋ်က ပြောသည်။

 

၂။ တနိုင်းနဲ့ ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်း

 

ဇွန် ၁၁ ၊ Mizzima

 

ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန် ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။ တနိုင်းမြို့နယ်က ပယင်းမှော်နဲ့ ရွှေမှော်တွေကို အဓိက ထိန်းချုပ်ထားတဲ့ ရေကန်တောင် တပ်စခန်းကို ဇွန်လ ၁၀ ရက်မှာ သိမ်းယူခဲ့တာပါ။ ဝိုင်းမော်မြို့နယ်က ဘွမ်တောင် တပ်စခန်းကိုတော့ ဇွန်လ ၁၁ ရက်မနက်မှာ သိမ်းယူခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။ “မနေ့ကတော့ တနိုင်းဘက်က ပယင်းမှော်ရွှေမှော်ဘက်က စခန်းတစ်ခုသိမ်းတယ်။ ရေကန်တောင်ဆိုတဲ့ စခန်းတစ်ခုကိုသိမ်းတယ်။ ဒီနေ့ မနက်လည်း ဆဒုံံမြို့ဘက် တက်သွားတဲ့ ဘွမ်တောင်ရွာက တပ်စခန်းကိုသိမ်းတာ ”

ဘွမ်တောင်တပ်စခန်းက ပြည်သူ့စစ်တွေထိုင်တဲ့ တပ်စခန်းဖြစ်ပါတယ်။ တရုတ်- မြန်မာနယ်စပ် ကန်ပိုက်တီမြို့ ဘက်ကို သွားတဲ့ လမ်းကို အဓိကလုံခြုံရေးယူတဲ့စခန်းဖြစ်ပါတယ်။

၃။ ရေစကြိုတိုက်ပွဲ၌ PDF ၄ ဦး ကျဆုံး

 

ဇွန် ၁၁ ၊ DVB 

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာအနီးမှာ ဇွန် ၉ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၄ ဦးကျဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းခံလိုက်ရ တယ်လို့ သိရပါတယ်။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “‌ေ–းအင်အားက များတယ်။ အင်အား ၁၀၀ လောက် ပါတဲ့ စစ်ကြောင်းနဲ့ PDF ကင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမှာ PDF ဘက်က ၄ ယောက်ကျဆုံးပြီး လက်နက်တွေ လည်း ပါသွားတယ်” လို့ DVB ကို ပြောပါတယ်။ အဆိုပါတိုက်ပွဲမှာ PDF ကင်းအဖွဲ့ဘက်က ၄ ဦး ကျဆုံးခဲ့ရပြီး ကျန်တဲ့ PDF ရဲဘော်တွေကတော့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၄။ ဝိုင်းမော်တွင် လက်နက်ကြီးကျပြီး အရပ်သားသေဆုံးမှုရှိ

 

ဇွန် ၁၁ ၊ The Irrawaddy

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပေါ်နှင့် ခတ်ချိုရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ရက်ဆက် တိုက် အရပ်သား သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။ ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဝိုင်းမော် အမှတ် ၁ ရပ်ကွက်၊ သိမ်းကြီးစုရွာအတွင်းလမ်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အနီးအနား၌ရှိနေသည့် ၆၅ နှစ်ခန့်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ရကြောင်း ၎င်းက ပြောသည်။ ၎င်းက “မြို့အနီးနားမှာ တိုက်ပွဲမရှိပေမယ့် တဖက်သတ် လက်နက် ကြီး ထုနေတာကြောင့် မြို့ထဲက ပြည်သူတွေမှာ နေ့၊ ည ဘယ်သူ့အိမ်မှာ ဘယ်ညကျမလဲဆိုတာ ကံစမ်းမဲဖောက်တာ စောင့်နေရသလို ဖြစ်နေကြရတယ်။ ဒီနေ့လည်း သိမ်ကြီးစုမှာ တလုံးကျပြီး သရက်သီးထိုင် စားနေတဲ့ အဒေါ်တယောက် ဆုံးရှုံးလိုက်ရတယ်။ စစ်ကောင်စီဘက်က နေရာအနှံ့မှာ လက်နက်ကြီးတွေထောင်ပြီး ဟိုဘက်တလုံး၊ ဒီဘက်တလုံး ပစ်နေ တာပဲ” ဟု ပြောသည်။ ယနေ့ မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့တောင်ဘက် ခါးရှီရွာနှင့် ခတ်ချိုရွာကြား နေရာများအား စစ်တပ် က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းနှင့် ထိခိုက်မှုအခြေအနေအား မသိရသေးကြောင်းလည်း ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။ ယမန်နေ့ ည ၈ နာရီခန့်က ခတ်ချိုရွာ၊ အထကကျောင်းအနီး လမ်းသွယ်နားရှိ နေအိမ်ခြံဝင်းနှစ်ခုထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။

 

၅။ မုံရွာတွင် စစ်တပ်က နေအိမ်များဖျက်ဆီး၍ ဒေသခံတဦးကို သတ်

 

ဇွန် ၁၁ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့သလို ဇွန် ၁၀ ရက် နံနက်ပိုင်း၌ ထနောင်းတောမြောက်ရွာရှိ နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်းအင်အား ၅၀ ခန့်ပါဝင်ကြောင်း သိရသည်။

ဒေသခံတဦးက “ စစ်ကြောင်းဝင်လာလို့ အဖမ်းခံရမှာ ကြောက်ပြီး ထွက်ပြေးတာကို စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး အဖမ်းခံရလိုက်ရတာ၊ ရွာထဲမှာ နှိပ်စက်ပြီးမှ သတ်ဖြတ်သွားကြတာ၊ နေ့လယ် ၁၂ နာရီလောက် ရွာကပြန်ထွက်သွားမှ အလောင်းကိုတွေ့ရတာ၊ မနေ့ကလည်း ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ချသေးတယ်”ဟု ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များနှင့် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ စစ်ကြောင်း မကြာခဏ ဝင်ရောက်နေ၍ ဒေသခံများမှာ လည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။

 

၆။ သန်လျင်တံတားဖွင့်ပွဲတွင် တိုက်ခိုက်မည့် UG များအဖမ်းခံရ

 

ဇွန် ၁၁ ၊ The Irrawaddy

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်မည့် သန်လျင်တံတား အမှတ် ၃ ဖွင့်ပွဲအခမ်းနားကို ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသော လူငယ် ၉ ဦးကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းအရဟုဆိုကာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၆၁ ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်းတွင် ရန်ကုန် UG အဖွဲ့ဝင်များ ဖြစ်သော စိန်ကြီး (ခ) အောင်ထွေး ၂၆နှစ်၊ ချိုကြီး (ခ) ဟိန်းထက်အောင် ၁၈ နှစ်၊ မင်းသူ ၃၀ နှစ်၊ မောင်ဟိန်း ၂၄ နှစ်၊ အောင်သူရထွန်း ၂၅ နှစ်၊ ပြည့်ဖြိုးဇော် ၁၈ နှစ်နှင့် ထက်အာကာလင်း ၂၆ နှစ်တို့ ၇ ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက်တွင် ပူးပေါင်းပါဝင်သူ ချစ်ကေခိုင်နှင့် ဇာနည်အောင်(ခ) ကိုဇာတို့ကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး ဇွန်လ ၄ ရက်မှ ၈ ရက်အထိ သန်လျင် တံတား အခြေအနေ၊ တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မြနန္ဒာအိမ်ရာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေအနေကို ၅ ကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ ၁၀၇ မမ ရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်း အောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်းဝယ်ရေး လုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ်သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲ အခမ်းအနား ကျင်းပမည့် အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီက ဆိုသည်။ ထို့ပြင် Brigate Drone Force PDF အဖွဲ့ဝင် အာကာမင်းမှ ဧပြီလ တတိယပတ်က Instagram မှ တဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ကြောင်း၊ ရှော့တိုက်ဒုံးပစ်ခတ်ရန် စီစဉ်ညွှန် ကြားသူ ဖြူနှင်းအေး (ခ) မီးအိမ်ရှင်မှာ မဲဆောက်မြို့တွင် ထွက်ပြေး တိမ်းရှောင်နေကြောင်း ဖော်ပြထားသည်။

 

၇။ စဉ့်ကူးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးမိခင် CDM ဆရာမသေဆုံး

 

ဇွန် ၁၁ ၊ Mizzima

 

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ယနေ့(ဇွန်လ ၁၁ရက်) နံနက်က စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် CDM ကျောင်းဆရာမတဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်းဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင်စဉ့်ကူးမြို့၊ ထိုးကြီးကျေးရွာမှ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ထီးကုန်းကျေးရွာမှ အသက် ၄၀ နှစ်အရွယ် CDM ကျောင်းဆရာမဒေါ်ဇင်မေဝင်း၏ နေအိမ်ပေါ်ကျရောက်ပေါက်ခွဲခြင်းဟု သိရသည်။ ဒေသခံတဦးက “ လက်နက်ကြီးကျည်က နေအိမ်ပေါ်ကျတာ။ ဆရာမကတော့ သေဆုံးသွားပြီး အဖေဖြစ်သူက ဒဏ်ရာရသွားတယ်။ ဆရာမမှာ လသားအရွယ်ကလေးငယ်တဦး ကျန်နေခဲ့တယ် “ ဟုပြောသည်။ ဒဏ်ရာရရှိသူနှစ်ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ အသေးစိတ်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။ စစ်ကောင်စီက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်မည့်အန္တရာယ်ကို စိုးရိမ်၍ ဒေသခံအချို့ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းသိရသည်။

စဥ့်ကူးမြို့နယ်အတွင်း ယခုရက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဟု ပြည်သူ့ ကာကွယ်ရေးရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။

 

၈။ နွားထိုးကြီးမှာ နေအိမ် ၆၃ လုံး မီးရှို့ခံရပြီး လူနှစ်ဦး သေဆုံး

 

ဇွန် ၁၁ ၊ RFA

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကုကုန်းရွာကို ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စီးနင်းမီးရှို့ခဲ့လို့ နေအိမ် ၆၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုကုန်းရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့ ကြာကန်ရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ တိုက်ပွဲဖြစ်ပြီးနောက် ကုကုန်းရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။ ဒီစီးနင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရပြီး အသက် ၇၀ အရွယ် ဦးဘိုမွှေးနဲ့ ဒေါ်ရွှေကြည်တို့ မီးလောင်သေဆုံးခဲ့တယ်လို့ ကုကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာက အိမ် ၆၃ အိမ် မီးရှို့ခံရတာ။ အသက် ၇၀ အရွယ်တွေလောက် အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် မီးကျွမ်းသွားတာလေ။ သူတို့က ပွေ့ထုတ်မှ ထွက်နိုင်မယ့် အရွယ်တွေဆိုတော့လေ သူတို့ကို ဘာမှမလုပ်လောက်ပါဘူးလေ ဆိုပြီး နေခဲ့တာ။ ရွာကို မီးရှို့တဲ့အခါကျတော့ ရွာသူရွာသားတွေကလည်း ဝင်မကယ်ယ်နိုင်ကြတော့ဘူး"

အိမ်ခြေ သုံးရာကျော်ရှိတဲ့ ကုကုန်းရွာက အရပ်သားတစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါ တယ်။ ဇွန်လ ၉ ရက်ကလည်း ကုကုန်းရွာနဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဆူးဖြူကုန်းရွာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

 

၉။ စစ်ကောင်စီ လက်နက်ကြီးထိလို့ မုန်းမြို့ဒေသခံ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

 

ဇွန် ၁၁ ၊ RFA

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၃၀၇) ရွှေဝါတပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးတွေ နဲ့ နတ်လောင်ကျေးရွာအုပ်စုက သရက်တိုက်ရွာကို ဇွန်လ ၉ ရက်နေ့က ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အသက် ၈၅ နှစ် အရွယ် ဒေါ်တင်ပြ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။ ဇွန်လ ၆ ရက်နေ့ကလည်း နတ်သံကွင်း မှာရှိတဲ့ စစ်ကောင်စီတပ်တွေက ထွနီကုန်းကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး နှစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၀၇) က ကြိတ်ခါကုန်းရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။



 

 

 

 

 

 

 

 

48 views0 comments

Commentaires


bottom of page