top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်

နေ့စဉ်သတင်းစုစည်းမှု

12-June-2024

တိုက်ပွဲသတင်း

 

၁။ မုံရွာ - ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်တစ်ဦးအပါအဝင် ၃ဦး သေဆုံး

 

ဇွန် ၁၂ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ မုံရွာ - ချောင်းဦးလမ်းပိုင်းမှာ ဝမ်ပေါင်မှထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီတင်တွဲကား ၁၂ စီး ပါတဲ့ ယာဥ်တန်းကို မနေ့က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းမှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ မြပုလဲဂိတ်က ထွက်လာတဲ့ အကြမ်းဖက်တပ်သားတွေက ဇွန် ၁၁ ရက် ညနေ ၄ နာရီ ၄၀ မိနစ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေး ငွေကြေးတောင်းခံရင်း အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းဖြတ်ချိန်မှာ လမ်းပိုင်းကင်းယူထားတဲ့ အကြမ်းဖက်တပ်သား ၄ ဦးမှာ မိုင်းဆင်ထားတဲ့ ပွိုင့်အနီး ရောက်ရှိလာပြီး ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗိုလ်တစ်ဦးကို အလေးပြုစဥ် ပဒေသာမိုင်းအကြီး ၃ လုံးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆင်လာတဲ့ ပွိုင့်အနီး ရောက်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၂ ဦး စိုးရိမ်ရပြီး ကားပေါ်လာတဲ့ အကြမ်းဖက်စစ်ဗိုလ်မှာလည်း မိုင်းစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ တိကျခိုင်မာတဲ့ မြေပြင်သတင်းရင်းမြစ်ထံမှ သိရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဖြစ်တဲ့ People's Defence Force - South Monywaတပ်ခွဲ(၁) နဲ့အတူ မုံရွာခရိုင် တပ်ရင်း(၁၁) တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

၂။ နမခအနီးမှ စစ်ကောင်စီကာကင်းစခန်းကို တိုက်ခိုက်မှု ၂၀ ဦးသေဆုံးပြီး ၅ ဦး ဖမ်းဆီးရမိ ဟုဆို

 

ဇွန် ၁၂ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှ ထီးတော်တင်ကျေးရွာရှိ စစ်ကောင်စီ ရှေ့တန်းကာကင်းစခန်းတခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၂၀ ဦးသေဆုံးပြီး ငါးဦးဖမ်းဆီးရမိ ခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇွန်လ ၁၂ ရက်)တွင် ထုတ်ပြန်သည်။ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာတွင် စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း တိုက်ပွဲအားဦးဆောင်တိုက်ခိုက်ခဲ့သည့် Union Liberation Front (ULF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန် က ပြောသည်။ “ဒီတိုက်ပွဲက လက်နက်ကိုင်တော်လှန်ရေးဟာ အဆင့်တခုထိရောက်နေပြီဆိုတာ ပြတာပဲ။ စစ်ကိုင်းတိုင်း ရဲ့အချက်အချာ စစ်ဌာနချုပ်နဲ့အနီးဆုံးမှာရှိတဲ့စခန်းကိုတောင် တိုက်ခိုက်နိုင်ပြီဆိုတာ ပြလိုက်တာပါပဲ” ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှသေဆုံးသူများကို မျက်မြင်အရ အတည်ပြုခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် ငါးဦးဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး အနည်း ငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ULF အဖွဲ့ထံမှ သိရသည်။

 

၃။ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ထွက်လာသော စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး ပြီး တစ်ဦးဒဏ်ရာရ

 

ဇွန် ၁၂ ၊ D Day News

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၂ ရက်န့တွင် မြိုင်မြို့နယ်၊ သရက်ကန်ပျူကျေးရွာမှ ထွက်လာသော ရိက္ခာရှာ စစ်သား၊ ပျုများကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ပျုစောထီး တစ်ဦး သေဆုံးပြီး ပျူခေါင်းဆောင် ဆန်းလွင် မှာ ပေါင်တဖက် ပြတ်သွားကြောင်း သိရသည်။ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူများ သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို အစဉ်အမြဲ ဒုက္ခပေးလျက်ရှိပြီး ပြည်သူ့ပိုင်ပစ္စည်းရိက္ခာများကို အမြဲခိုးယူလျက်ရှိ ကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) နှင့် မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော TYK‎ ပြောက်ကျားတပ်ဖွဲ့နှင့် မုန်တိုင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

၄။ နတ်မောက်တွင်တိုက်ပွဲဖြစ်ပွား

 

ဇွန် ၁၂ ၊ DVB

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာမှာတော့ ဇွန် ၁၁ ရက် မနက် ၈ နာရီဝန်းကျင်ကစပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ နတ်မောက် ပကဖ တာဝန်ရှိသူတဦးက “နတ်မောက်နယ် အရှေ့ဘက်ပိုင်းကနေ ဆင်းလာတဲ့ ‌ေ–းတွေက ဖက်တောရေရွာကို မနက် ၈ နာရီလောက်မှာ ဝင်ပြီး မီးရှို့နေတဲ့အချိန် ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်တာပါ။ ‌ေ–းတွေဘက်က သေတာတွေနဲ့ ဒဏ်ရာ ရတာတွေ ရှိတယ်။ တိုက်ပွဲက အခုညဦးပိုင်းအထိ ဖြစ်နေတုန်းပဲ” လို့ DVB ကို ပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ နီးပါးဟာ ဖက်တောရေရွာကို မီးရှို့ပြီး ရွာအပြင်ကနေ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှု ကြောင့် ရွာအပြင်ကို မထွက်နိုက်ဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို သာစည် PDF၊ နတ်မောက်ကျား၊ နတ်မောက် ပကဖ၊ မြို့သစ် ပကဖ၊ အောင်ဆန်းလမ်း ငါးပြေမတပ်ဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန်တပ်ဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၃ တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက် တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့၊ ၉၀၂ တပ်ရင်း၊ Aru 2 တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

၅။ ပုလောတွင် တိုက်ပွဲဖြစ်

 

ဇွန် ၁၂ ၊ DVB 

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ စက်ပြင်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ရှိ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၉ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေး တပ်ဖွဲ့ (PRDF) ကနေ သိရပါတယ်။ ဒါ့အပြင် ဇွန် ၁၀ ရက်၊ မနက် ၇ နာရီလောက်မှာ အဆိုပါစစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ စက်ပြင်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PRDF ကနေ သိရပါတယ်။ ဇွန် ၁၁ ရက် မနက် ၆ နာရီ လောက်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပုလောမြို့ရဲစခန်းကို ပြန်လည် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PRDF ရဲဘော် တွေက ပြောပါတယ်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ခွဲ ၅၊ ပုလော ဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

 

၆။ အုတ်ဖိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

 

ဇွန် ၁၂ ၊ Mizzima

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တို့တွင် ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF တပ်ရင်း (၃၇၀၁) ၏ တပ်ခွဲ (၂) တပ်ခွဲမှူးတေဇမင်းက မဇ္ဈိမကို ပြောသည်။ ကြို့ပင်ကောက်မြို့နယ်မှ အုတ်ဖိုမြို့နယ်အပိုင် ဝိုင်းရွာအနီး ရောက်ရှိလာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသတွင်းအခြေစိုက် PDF များက တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။"ခုလက်ရှိ တိုက်ပွဲ ဖြစ်နေတာကတော့ ကြို့ပင်ကောက်မြို့နယ်ကနေ အုတ်ဖို ပိုင် ဝိုင်းရွာ၊ ကမ်းနီ၊ ဆယ်ဘောင်နဲ့ တာဝါတိုင်ကုန်းမှာ စဖြစ်နေတာပါ” ဟု PDF တပ်ရင်း (၃၇၀၁)၏ တပ်ခွဲ (၂) တပ်ခွဲမှူး တေဇမင်းက ပြောသည်။ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဘက်က ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ရိုးမနှင့် ထိစပ်နေသည့် မြို့နယ်များတွင် စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

၇။ တီးတိန်တိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

 

ဇွန် ၁၂ ၊ Mizzima

 

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ လေးတော့တန်းရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ချင်းညီနောင် တပ်ဖွဲ့မှ ရဲဘော်ငါးဦးကျဆုံးသွားကြောင်း PDF -Zoland နှင့် ချင်းအမျိုး သားကာကွယ်ရေးတပ်(CNDF) တာဝန်ရှိသူများ ထံမှ သိရသည်။

ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၇ နာရီက တီးတိန်အခြေစိုက် ခလရ(၂၆၉)မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တီးတိန်မြို့၊ လေးတော့တန့်ရပ်ကွက်တွင်ကင်းစောင့်နေသော ချင်းညီနောင်တပ်ဖွဲ့ တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တာဝန် ရှိသူက မဇ္စျိမကို ပြောသည်။

“မနက်အစောပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ကျွန်တော်တို့ဘက်က ကင်းစောင့်နေတဲ့ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာပါ။ PDF-Zoland က ရဲဘော်လေးယောက်နဲ့ CNDF ရဲဘော်တယောက် စုစုပေါင်း ငါးယောက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ရပါတယ်။ လက်ရှိက စစ်ရေးတင်းမာနေဆဲပါ” ဟု ချင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)တာဝန် ရှိသူက မဇ္စျိမကို ပြောသည်။ စစ်ကောင်စီတပ်သည် လေးတော့တန့်ရပ်ကွက် ဆိုင်းဇန်လမ်းခွဲအနီးတွင် ကင်းစောင့်နေသည် ချင်းညီ နောင်တပ်ဖွဲ့များအား ဒရုန်းများ၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးသွားသည့် ရဲဘော်များ၏ ရုပ်အလောင်းများကို အနီးအနားရှိ လူနေအိမ်နှင့်အတူ မီးရှို့သွားကြောင်း PDF -Zoland တာဝန်ရှိသူမှ ပြောသည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၈။ ကင်းလှည့်ရေယာဉ် ၆ စီး တရုတ်ထောက်ပံ့

 

ဇွန် ၁၂ ၊ The Irrawaddy

 

တရုတ်နိုင်ငံက စစ်ကောင်စီ၏ ရေကြောင်းရဲတပ်ဖွဲ့အတွက် ကင်းလှည့်ရေယာဉ် ၆ စီးကို ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့ အမှတ် ၃ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး (ဝါးတန်း) ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပေးအပ်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။ ရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုနှင့် ရေအရင်းမြစ်ကာကွယ် ရေးတို့အတွက် ထိုကင်း လှည့်ရေယာဉ်များ မြန်မာနိုင်ငံကို ထောက်ပံ့ပေးရန် ပြီးခဲ့သော NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်ကတည်းက အဆိုပြု လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကာ ယခုချိန်မှ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုကဲ့သို့ ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှာ တရားဥပဒေစိုးမိုးရေး ပူး ပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါးစသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်သွားကာ နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ် ကြောင်း တရုတ်သံရုံးက ဆိုထားသည်။ပြီးခဲ့သည့် မေလ ၂၅ ရက် တွင်လည်း မစ္စတာချန်းဟိုင် ဦးဆောင်သောအဖွဲ့သည် တရုတ်လှူဒါန်းထားသည့် ကင်းလှည့် ရေယာဉ်ဖြင့် မြန်မာ- ထိုင်း- လာအိုနယ်စပ်ရှိ တာချီလိတ်မြို့သို့ သွားရောက်ခဲ့ပြီး လေးနိုင်ငံ ပူးပေါင်းကင်းလှည့်မှု အခြေအနေကို လေ့လာခဲ့သလို၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားတို့ တိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၉။ မတ္တရာမြို့နယ်က ရွာနှစ်ရွာကို စစ်တပ် မီးရှို့

 

ဇွန် ၁၂ ၊ DVB

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရှင်လှ တောင်ရွာနဲ့ ရှင်လှ အလယ်ရွာကို စစ်တပ်က ဒီနေ့ ဇွန် ၁၂ ရက် မနက် ၈ နာရီက စတင်ကာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါစစ်တပ်ဟာ မနက် အစောပိုင်း ၄ နာရီကစတင်ကာ မတ္တရာမြို့နဲ့ မန္တလေးမြို့ဘက်ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်း ၂ ကြောင်း ပူးပေါင်း ပြီး ရွာကို မီးရှို့နေကြတာလို့ ဆိုပါတယ်။ဒေသခံရွာသားတဦးက “မနက်ခင်း ၈ နာရီကစပြီး မီးရှို့နေတာဗျ။ အခု‌ ‌နေ့ခင်း ၁၂ နာရီကျော်တဲ့အထိ မီးခိုးက မရပ်သေးဘူး။ ဘာကြောင့်မီးရှို့တာလဲတော့ မသိဘူး။ ဘာအကြောင်းဖြစ်ဖြစ်ပေါ့ဗျာ ရွာတွေကို တော့ အခုလို မီးမရှို့သင့်ဘူးလေ။ ရွာဆိုတာတော့ ပြည်သူအများနေထိုင်ကြတာပဲ။ သူတို့ကို ဆန့်ကျင်သူလို့ သတ်မှတ်တဲ့ သူကို မိအောင်ဖမ်းပြီး အရေးယူပေါ့။ အခုဟာက ဝါးလုံးသိမ်းလုပ်ပြီး ရွာကိုမီးရှို့တာကတော့ ဘယ်သူမှလက်မခံဘူးလေ။ အဲလိုလုပ်လေ ပြည်သူက မခံချင်စိတ်နဲ့ တော်လှန်ကြမှာပေါ့။ ပြည်သူကို စည်းရုံးရေးနဲ့မသွားဘဲ အခုလို အကျိုးစီးပွားပျက် အောင် လုပ်လို့ကတော့ ဒီအရေးအခင်းကြီးက ကြာသတဲ့ကို ကြာဦးမယ်” လို့ ပြောပါတယ်။

၁၀။ ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အဘွားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

 

ဇွန် ၁၂ ၊ Myanmar Pressphoto Agency

 

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေး ရှောင် အဘွားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ် ၂၅ လုံး ပျက်စီးခဲ့ကြောင်း CDF(ကန်ပက်လက်)၊တပ်ရင်းနှစ်ထံက သိရသည်။“ရွာထဲမှာပဲချသွားတာ။ အသက်၇၆ နှစ်အရွယ် ပြည်သူအဘွားတစ်ဦးသေဆုံးတယ်။ ပြည်သူငါးဦး၊ ကျားသုံးယောက်၊ မ နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရ လူနာတွေကတော့ မစိုးရိမ်ရဘူး” ဟု CDF(ကန်ပက်လက်)၊တပ်ရင်းနှစ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။

စစ်ကောင်စီတပ်က ပေါင်၅၀၀ ဗုံးတစ်လုံးနှင့် ပေါင်၃၀၀ ဗုံးသုံးလုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းလက်မွန်ကျေးရွာတွင် အိမ်ခြေ ၅၆ လုံးရှိပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၌ တည်ရှိကာ ကျင်ဒွေးမြို့ စစ်ဘေး ရှောင်အချို့နှင့် ဒေသခံများနေထိုင်နေသည့် ကျေးရွာဖြစ်သည်။

 

၁၁။ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာနှိပ်စက်လို့ ဗျိုင်းဖြူရွာသားနှစ်ဦး သေဆုံး

 

ဇွန် ၁၂ ၊ RFA

 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေထဲက နှစ်ဦးဟာ စစ်ကြော ရေးအတွင်း နှိပ်စက်မှုတွေကြောင့် ဇွန်လ ၁၁ ရက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖမ်းဆီးခံရသူ ငါးဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်တွေအကျဉ်းထောင်ကို ဇွန်လ ၁၁ ရက်မှာ ပို့ဆောင်ခဲ့ပြီး အဲဒီထဲက သုံးဦး ကိုတော့ ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တာပါ။စစ်တွေဆေးရုံကိုပို့ခဲ့တဲ့ အရပ်သားသုံးဦးထဲက နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒီအကြောင်းကို သိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က စစ်ကြောရေးထဲကနေ စစ်တွေ အကျဉ်းထောင်ထဲကိုပို့တယ်။ အဲဒီအထဲက သုံးယောက်က သေလုဆဲဆဲဖြစ်နေပြီ။ သူတို့သုံးယောက်ကို စစ်တွေဆေးရုံကြီး ကို ပို့ပေးတယ်။ နှစ်ယောက်ကတော့ မနေ့ကပဲ သေသွားတယ်။ နောက်တစ်ယောက်ကလည်း ဒဏ်ရာအတော် ပြင်းနေ တယ်”။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ၊ အသားတွေကို ဓားနဲ့လှီးထားတဲ့ ဒဏ်ရာ တွေ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

 

၁၂။ ဟိုပုံးမြို့နယ် နောင်ပဖားရွာက အရပ်သားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

 

ဇွန် ၁၂ ၊ RFA

 

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ပဖားရွာက အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ၂၀၂၄ ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အသက် ၅၀ အရွယ်တွေဖြစ်တဲ့ ဖြားခွန်လှနဲ့ ခွန်တဗွုန်းတို့ နှစ်ဦးကို ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) က မေလ ၁၅ ရက်မှာ နေအိမ်အထိလာပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ သူတို့နှစ်ဦးက PNLA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီးသတ်ဖြတ်ခံ ရတာလို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။ “အဲဒီ နှစ်ဦးက သာမန် တောင်သူလယ်သမားပဲ ဖြစ်ပါ တယ်။ ရပ်ကွက်ထဲမှာ အများယုံကြည် အားကိုးရတဲ့ ရပ်မိရပ်ဖတွေပါ။ ကျွန်တော်တို့နဲ့ ဆက်စပ်မှု မရှိပါဘူး။ ဒါကို စွပ်စွဲပြီး သတ်လိုက်တာဖြစ်ပါတယ်” ဒါနဲ့ပတ်သက်လို့ PNO ပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူတွေကို RFAက ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ၂၀၂၄ မေလ ၁၉ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နဲ့ ညီဖြစ်သူကို PNO တပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။



 

 

 

 

 

40 views0 comments

Comments


bottom of page