နေ့စဉ်သတင်းစုစည်းမှု
13-June-2024
တိုက်ပွဲသတင်း
၁။ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်းခိုလှုံသွားတဲ့ PDF တဦးမှ လမ်းပြခေါ်ဆောင်လာတဲ့ ရန်သူစစ်ကြောင်းကို မဟာမိတ် တပ်ပေါင်းစုတိုက်ခိုက်
ဇွန် ၁၃ ၊ PVTV
ပဲခူးတိုင်း၊ အုတ်ဖို့မြို့နယ်မှာ YOMA GBK - PDF တပ်ဖွဲ့မှ အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း ရောက်ရှိသွားတဲ့ ဆလိုင်း ဆိုသူ ဦးဆောင်လမ်းပြခေါ်လာတဲ့ ရန်သူစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ ရန်သူ တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဝရုန်းသုန်းကား ဖြစ်နေတဲ့ အကြမ်းဖက် စစ်ကြောင်းကို PDF တပ်ပေါင်းစုံမှ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်သလို၊ ရန်သူစစ်တပ်ဘက်မှ လည်း လက်နက်ကြီး၊ လက်နက်ငယ်၊ဒရုန်းများအသုံးပြုပြီး ပြန်လည်ပစ်ခတ်တဲ့အတွက် ထိတွေ့ပစ်ခတ်မှု ၃ နာရီ ကြာမြင့် ခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ တပ်သား ၇ ဦးသေဆုံးကာ၊ ၆ ဦး ဒဏ်ရာရ အထိနာသွားတဲ့အတွက် ၊ ဝိုင်းကျေးရွာ အကြမ်းဖက်ရဲစခန်းမှ လက်နက်ကြီးပစ်ကူများနဲ့ ပစ်ခတ်လာတဲ့အတွက် ပူးပေါင်းအဖွဲ့မှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို မဟာမိတ် တပ်ပေါင်းစု ဖြစ်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို၊ တပ်ခွဲ (၆) Black Dragon GBK – PDF ၊ တပ်ခွဲ (၁) YOMA GBK -PDF ၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ သာယာဝတီ ခရိုင် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
၂။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၃ ခုကို PDF တိုက်ခိုက်
ဇွန် ၁၃ ၊ Mizzima
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ် တပ်စွဲရာ အမှတ်(၁)ရဲစခန်း ၊ အမှတ်(၂) ရဲစခန်းနှင့် မြို့တော်ခန်းမကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ မုံရွာခရိုင်အမှတ်(၂၂) တပ်ရင်းထံမှ သိရသည်။ ဇွန်လ ၁၁ ရက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင်အမှတ်(၂၂) တပ်ရင်းမှူးက ဆိုသည်။“စစ်တပ်က ရှေ့တန်း စစ်မျက်နှာတွေ အာရုံစိုက်နေချိန် မထင်ထားတဲ့ အထိုင်စခန်းကို ဝင်ပစ်ခဲ့တာပါ။ စစ်ဆေးရေး ဂိတ်တွေနဲ့ လုံခြုံပြီထင်နေတဲ့ မြို့လယ်က အထိုင်စခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်၊ ၄၀ မမ အားလုံးပေါင်း ခြောက်လုံးပစ်ခဲ့တာပါ။ ခန်းမရှေ့ကာကင်း စခန်းက ရဲတပ်သား နှစ်ဦးကိုလည်း လက်နက်ငယ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ စစ်တပ်ဘက်က အသေဆုံး ရှိနိုင်ပေမဲ့ အတည်ပြုလို့ မရသေးဘူး” ဟု မုံရွာခရိုင်အမှတ်(၂၂) တပ်ရင်းမှူးက ဆိုသည်။
၃။ မောင်တောက အလယ်သံကျော် နယ်ခြားစောင့်စခန်းကို AA သိမ်းယူ
ဇွန် ၁၃ ၊ RFA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က မြန်မာ-ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) က ဇွန်လ ၁၂ ရက်မှာ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA သိမ်းယူလိုက်တဲ့ အလယ်သံကျော် နယ်ခြား စောင့်စခန်းမှာ စစ်ကောင်စီတပ်သားအင်အား သုံးရာနီးပါး တပ်စွဲနေထိုင်ခဲ့တာပါ။ “အလယ်သံကျော်စခန်းက စစ်ကောင်စီ တပ်အတွက် အတော်လေးကို အရေးပါတယ်။ ဘာလို့လဲဆိုရင် ပင်လယ်ထွက်ပေါက်အတွက်ရော၊ ထောက်ပို့လမ်းကြောင်း အတွက်ရော သုံးတဲ့စခန်းလေ။ အဲဒီစခန်းမှာ အရာရှိတွေလည်း နေတာ”။ နယ်ခြားစောင့်စခန်းကို စွန့်ခွာသွားတဲ့ စစ်ကောင် စီတပ်သားတွေနဲ့ AA တို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဒေသခံ တွေက ပြောပါတယ်။မောင်တောမြို့နယ်မှာ အမှတ်(၁) ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ် အပါအဝင် စခန်းအများ အပြားကို AA က သိမ်းယူထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၄။ စဉ့်ကူးတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံး
ဇွန် ၁၃ ၊ Mizzima
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီး ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် အသက်ရှစ်နှစ်အရွယ် ကလေးငယ် တဦးအပါအဝင် သုံးဦး သေဆုံးသွားပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။တောင်အင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့(ဇွန်လ ၁၂ ရက်)မနက်ပိုင်း၌ ဇီးကုန်းကျေးရွာဘက်သို့ တကြိမ် နေ့လယ်ပိုင်းတွင် ဆင်သေရွာဘက်သို့ တကြိမ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Wetlet Information Network အဖွဲ့ မှ ကိုနဂါးလေးက ပြောသည်။ ၎င်းက “ ဇီးကုန်းမှာက နေအိမ်ပေါ်ကျပြီး အသက် ရှစ်နှစ်အရွယ် ကလေး တဦး သေဆုံးပြီး ဆင်သေမှာက လေးဦးထိတာ နှစ်ဦး သေဆုံးခဲ့တာပဲ ဖြစ်တယ်” ဟု ပြော သည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇီးကုန်းရွာမှ အသက် ၅၂ နှစ် နှင့် ၅၈ နှစ်အရွယ် ပြည်သူ နှစ်ဦး ၊ ဆင်သေရွာမှ ကလေးတဦး နဲ့ ပြည်သူ တဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၅။ ကန့်ဘလူမြို့နယ် ရွာနှစ်ရွာက ပြည်သူငါးဆယ်ခန့် ဖမ်းဆီးခံရ
ဇွန် ၁၃ ၊ RFA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ခေါ်သန္တီနဲ့ မိုးကြိုးပစ်ရွာက ပြည်သူငါးဆယ်ခန့်ကို ဇွန် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီ တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထန်းကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ညနေ လေးနာရီခန့်မှာ ကျေးရွာနှစ်ရွာကို ဝင်စီးခဲ့တာလို့ ဆိုပါတယ်။ခေါ်သန္တီရွာက လူသုံးဆယ်ခန့်နဲ့ မိုးကြိုးပစ်ရွာက နှစ်ဆယ် ကျော်ကိုဖမ်းဆီးပြီး ထန်းကုန်းရွာမှာ ချုပ်နှောင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ခေါ်သန္တီနဲ့ မိုးကြိုးပစ်က ပြည်သူငါးဆယ်လောက်ကိုတော့ ကားပေါ် တစ်ခါတည်းတင်ပြီးဖမ်းသွားတယ်။ အခု ထန်းကုန်းရဲစခန်းထဲ ဖမ်းထည့်ထားတာဗျ။ အမျိုးသား၊ အမျိုးသမီးရော သက်ကြီးရွယ်အိုတွေလည်း ပါတယ်”
ဘာကြောင့် အခုလို ဖမ်းဆီးတာလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံသုံးထောင်နီးပါးကတော့ နီးစပ်ရာ တောတောင်တွေမှာ သွားရောက်ပုန်းရှောင်နေကြတယ်လို့ ပြောပါတယ်။
၆။ ဆီဆိုင်ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီဖမ်းထားကြောင်း PNLA ပြော
ဇွန် ၁၃ ၊ RFA
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာက ဒေသခံ ၅၉ ဦးကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇွန်လ ၁၂ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကို ပြန်မလာရင် နေအိမ်တွေ မီးရှို့မယ်လို့ အကျပ်ကိုင်ခဲ့ပြီး ပြန်လာတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ PNLA က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံတွေထဲက ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အများစုက အသက် ၄၀ နဲ့အထက် ဒေသခံတွေလို့ ဆိုပါတယ်။သူတို့တွေကို ကျေးရွာခန်းမမှာ ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မပေး သေးဘူးလို့ PNLA က ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
၇။ မော်လမြိုင်ကျွန်းတွင် ဖုန်းအတွင်း VPN တွေ့သဖြင့် ဒေသခံ ၇ ဦး ဖမ်းဆီးခံရ
ဇွန် ၁၃ ၊ DVB
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေ မှာ VPN ထည့်သွင်းအသုံးပြုတာကြောင့်ဆိုပြီး အရပ်သား ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ စစ်ကောင်စီတပ်က VPN အသုံးပြုထားတာကြောင့်ဆိုပြီး ဖမ်းထားသူတွေဟာ အမှတ် ၃ ရပ်ကွက်က တယောက်၊ အမှတ် ၅ ရပ်ကွက်က ၂ ယောက်၊ အမှတ် ၆ ရပ်ကွက်က ၂ ယောက်၊ ကျေးရွာဘက်က ၂ ယောက်ဖြစ်ပြီး အားလုံး အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ “စစ်ကောင်စီတပ်က ဦးဆောင်ပြီး ရဲနဲ့ ပျူစောထီးအဖွဲ့တွေက ၁၁ ရက် နေ့ကတည်းက VPN အသုံးပြုတာရှိ မရှိ လမ်းဆုံ လမ်းခွတွေ စစ်ဆေးနေတာ။ လက်ရှိ VPN သုံးတာကြောင့်ဆိုပြီး အဖမ်းခံ ရတာ ၇ ယောက်အထိ ရှိလာပြီ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
၈။ ဝက်လက်မှာနေအိမ်တွေ မီးရှို့ခံရ
ဇွန် ၁၃ ၊ BBC
စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်နဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးတာတွေကြောင့် နေအိမ်တွေ မီးရှို့ ခံရသလို ဒေသခံတွေလည်း သောင်းချီ ထွက်ပြေးနေကြရပါတယ်။ ဝက်လက်မြို့နယ်ထဲကို ဇွန် ၁၂ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာဘက်ကနေ စစ်ကောင်စီကား ၄ စီး ရောက်လာပြီး နေအိမ် ၁၂ လုံးကို မီးရှို့သွားတယ်လို့ ဒေသတွင်း သတင်းစာမျက်နှာ Wetlet Informational Network က ဇွန် ၁၃ ရက်မှာ ရေးသားထားပါတယ်။ ရှင်လှတောင်ရွာ၊ ရှင်လှ အလယ်ရွာက နေအိမ်နဲ့ နွားစာတဲတွေ မီးရှို့ခံခဲ့ရသလို စစ်ကြောင်းဝင်သွားတဲ့နေရာတလျောက်က ကျေးရွာတွေထဲက ဆိုင်ကယ် အစီး ၃၀ ကျော်လည်း ပျောက်ဆုံနေတယ်လို့ ဆိုပါတယ်။
Comments