top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်

နေ့စဉ်သတင်းစုစည်းမှု

14-June-2024

တိုက်ပွဲသတင်း

 

၁။ ဗန်းမော်-မံစီလမ်းပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတင့်ကားကို KIA ပစ်ခတ်ဖျက်ဆီး

 

ဇွန် ၁၄ ၊ Mizizma

 

ကချင်ပြည်နယ်၊ ဗန်းမော်-မံစီလမ်းပိုင်း၌ ယနေ့(ဇွန် ၁၃ ရက်)ဖြစ်ပွားသောတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီ၏တင့်ကားတစီးကို KIA နှင့် ပူးပေါင်းတပ်က ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းမြစ်များကပြောသည်။

ဗန်းမော်မြို့အနီး ကောင်ဂျာယန်ရွာအနီးတွင် ယနေ့မွန်းလွဲပိုင်း၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတင့်ကားကို KIA နှင့် ပူးပေါင်းတပ်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်းဟုဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေး‌ပေ။ ယနေ့ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် မေလ ၁၀ရက်နေ့ကလည်း ဗန်းမော်နှင့် မိုးမောက်မြို့ကြား ဂျေအင်းရွာအနီးတွင်စစ်ကောင်စီတင့်ကားတစီးနှင့် စစ်ကားနှစ်စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။ ထိုကာလက မိုးမောက်မြို့မှစစ်ကောင်စီစခန်းများအား KIA က တိုက်ခိုက်သိမ်းယူခဲ့ရာ စစ်ကောင်စီက မြေပြင်မှတင့်ကား ဖြင့်စစ်ကူခဲ့ပြီး လေကြောင်းမှလည်းတိုက်ခိုက်ခဲ့သည်။ သို့သော်KIA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတင့်ကား ပျက်စီး သွားခဲ့သည်ဟု မိုးမောက်မြို့ခံအချို့ကပြောသည်။ မိုးမောက်မြို့တွင် ယနေ့အထိ စစ်ရေးတင်းမာနေပြီး ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

 

၂။ ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခု KIA ဆက်လက်သိမ်းပိုက်

 

ဇွန် ၁၄ ၊ RFA

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်-ချီဖွေ ကားလမ်းပေါ်က အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန်လ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဝိုင်းမော်မြို့နယ် ဆနီခူးရွာအနီးက အင်အား လေးဆယ်ခန့်နဲ့ အထိုင်ချထား တဲ့ တပ်စခန်းနှစ်ခုကို သိမ်းယူခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။"မနေ့က နေ့လယ်ပိုင်းမှာ ဆနီခူးဆိုတဲ့ တပ်စခန်းနှစ်ခု ဆက်သိမ်းတာ ရှိပါတယ်။ အဲစခန်းက ခရီးတစ်ထောက် လုံခြုံရေးယူတဲ့စခန်းဖြစ်သလို ခရီးသွားပြည်သူ လူထု စစ်ဆေးတဲ့ဂိတ်တစ်ခုလည်း ဟုတ်တယ်။ ဆဒုံးကနေ ချီဖွေကိုသွားတဲ့ လမ်းခွဲအတိုင်း နည်းနည်းဆက်သွားလို့ရှိရင် အဲဒီဂိတ်ရောက်တယ်။ ဆိုတော့ လမ်းရဲ့ လုံခြုံရေးအတွက်တော့ အင်မတန်မှ အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်”

ဝိုင်းမော်မြို့နယ်အပြင် မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

 

၃။ ချင်းညီနောင်တပ်များ မတူပီရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းထား

 

ဇွန် ၁၄ ၊ The Irrawaddy

 

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အောက်ရှိ စစ်ဗျုဟာ အခြေစိုက်ရာ မတူပီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက “Operation CB” ဟု အမည်ပေးထားသည့် ချင်းညီနောင်စစ်ဆင်ရေးဖြင့် ဇွန်လ ၉ ရက် နံနက်ပိုင်းကစ၍ ၅ ရက်မြောက်နေ့တွင် ထိုးစစ်ဆင်ရာ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို သိမ်းပိုက်ရရှိထားပြီးကြောင်း သိရသည်။ စစ်ဆင်ရေးတွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တို့အပြင် အာရက္ခ တပ်တော် (AA) အပါအဝင် ယောဒေသမှ ကာကွယ်ရေးတပ်များလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။

 

၄။ မြင်းမူမြို့ စီးပွားရေးဘဏ်စောင့် စစ်သားများကို PDF ဗုံးပစ်တိုက်ခိုက်၊ နှစ်ဦးသေဆုံးဟုဆို

 

ဇွန် ၁၄ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း စွန်ရဲ Revolution Force က သတင်းထုတ်ပြန်သည်။ ယနေ့(ဇွန်လ ၁၄ ရက်နေ့) နံနက် ၁၁ နာရီခန့်တွင် မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းခဲ့ရာ ဘန်ကာအတွင်းထဲသို့ ဗုံးကျရောက်ခဲ့ကြောင်း သိရသည်။ “အဲ့လို ပစ်ပြီး ပေါက်ကွဲသံထွက်လာတာနဲ့ ဘဏ်ရုံးအပေါ်ထပ်ကနေ ရမ်းပစ်တာမျိုးပဲရှိပါတယ်။ သေတဲ့ နှစ်ယောက်ကိုဘယ်ကိုပို့တယ်လို့တော့ မသိရဘူးဗျ။ဒဏ်ရာရတဲ့ ကောင်ကိုတော့ ရဲစခန်းထဲမှာ ကြိတ်ကုနေတယ်လို့သိရပါတယ်” ဟု စွန်ရဲ Revolution Force မှ တိုက်ခိုက်ရေးခေါင်းဆောင် ကိုပေါက်စက MPA သို့ ပြောသည်။ စစ်သားများက ပြန်လည်ပစ်ခတ်မှုများ ရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှုကို စွန်ရဲ Revolution Force နှင့် Black Hero Revolution Force တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၅။ တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

ဇွန် ၁၄ ၊ D Day News

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Civil Armed Force ထံမှ သိရသည်။ ဇွန်လ ၁၁ ရက်နံနက်အစောပိုင်းက တန့်ဆည်မြို့နယ်၊ ဝါးရငယ် -ခင်နုဆည်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စစ်သားများသည် ကျွန်းတောကုန်းကျေးရွာသို့ ထွက်ခွာလာပြီး ကျွန်း တောကုန်းကျေးရွာဓမ္မာရုံ၌ အထိုင်ချနေစဉ် နံနက် ၈ နာရီ ၅၆ မိနစ်၌ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CAF နှင့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၆။ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီတင်တွဲကားယာဥ်တန်းကို PDF တွေ မိုင်းဆွဲတိုက်ခိုက်၊ ရန်သူတပ်သား ၂ ဦး သေဆုံး

 

ဇွန် ၁၄ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီတင်တွဲကား ယာဥ်တန်းကို ဇွန်လ ၁၄ ရက် မနက် ၈ နာရီ ၆ မိနစ်မှာ Area 71 Monywa(PDF) က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒီနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ တွဲကား ယာဥ်တန်း ၄ စီးမြောက် ကို မိုင်းဆွဲမယ့် အချိန်မှာ ပြည်သူခရီးသည်ကားနဲ့ယှဉ်လျှက် ဖြစ်နေတာကြောင့် မိုင်းဆွဲခြင်းမပြုဘဲ ခေတ္တစောင့်ဆိုင်း နေချိန် ကားလမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ လက်ပါးစေ ပျူစောထီးတွေက မိုင်းဆွဲ ရဲဘော်တွေကို တွေ့ပြီး လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ပထမမိုင်းပွိုင့်ကို ဖောက်ခွဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုတိယမိုင်းပွိင့်စောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ၅ စီးမြောက်ကားနဲ့အတူ လမ်းပေါ်တက်ပြီး ပစ်ခတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ ကင်းပုံးတွေကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် မိုင်းသံနဲ့အတူ ပစ်ခတ်မှုအသံတွေ ရပ်တန့်သွားပြီး မျက်မြင်အရ အကြမ်းဖက်တပ်သား ၂ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ် လို့ ဖော်ပြထားပါတယ်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုမှာ ပြည်သူတွေရဲ့ ပို့သတဲ့ မေတ္တာတရားတွေကြောင့် ပြည်သူ့ ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက် အပွန်းပဲ့မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၇။ နမခ ဌာနချုပ်အနီး ညောင်ကုန်းရွာ ဗုံးကြဲခံရ၍ အမျိုးသမီး အပါအဝင် ၂ ဦး သေဆုံး

 

ဇွန် ၁၄ ၊ Mizizma

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အမျိုးသမီး တဦးအပါအဝင် ဒေသခံနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၃ ရက် ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၂၀၀ ဗုံးသီး နှစ်လုံးကြဲချခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်ဝဲနေလို့ ဒေသခံတွေ အကုန်ထွက်ပြေး စစ်ရှောင်နေတဲ့ အချိန် ဗုံးကြဲခံလိုက်ရတာပါ။ လေယာဉ်က အသံပဲ ကြားရတယ် မမြင်ရဘူး။ အချိန်အတော်ကြာ ပတ်ပျံပြီးမှ ဗုံးကြဲသွားတာ ဖြစ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ ဗုံးစထိမှန် သေဆုံးသူများကို ယနေ့ (ဇွန်လ ၁၄ ရက်) နံနက်ပိုင်းတွင် မီးရှို့သင်္ဂြိုလ်ခဲ့ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ ဗုံးကြဲခံရသည့် ညောင်ကုန်းကျေးရွာသည် မုံရွာအခြေစိုက် အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ)နှင့် နှစ်မိုင်ခန့် ဝေးပြီး စစ်ကောင်စီတပ်၏ ထီးတော်တင် ကာကင်းစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

၈။ နွားထိုးကြီးမြို့နယ်၊ ပဲခင်းကြီးရွာက နေအိမ် ခြောက်ဆယ်ခန့် မီးရှို့ခံရ

 

ဇွန် ၁၄ ၊ RFA

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ပဲခင်းကြီးရွာကို ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ခြောက်ဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ပဲခင်းကြီးရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောက်တန်းရွာကနေ အင်အား ရှစ်ဆယ်ခန့်နဲ့ ရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခင်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က ကျောက်တန်းကနေ နှစ်ဖွဲ့ဖြန့်ထွက်တာ။ ရွာကို မနက်အစောကြီးဝင်ပြီး မီးရှို့တာ။ ဒီဘက်မှာ စစ်ကြောင်း ထိုးတယ်ဆိုကတည်းက ရွာမှာ လူမရှိတော့ဘူးလေ။ စစ်ကြောင်းက ညရှစ်နာရီလောက်မှ ရွာကနေထွက်တာ။ သူတို့က တစ်ရွာပြီးတစ်ရွာ ဝင်ထွက် ရှို့နေတာ"။ စစ်ကြောင်းကြောင့် အိမ်ခြေ သုံးရာကျော်ရှိတဲ့ ပဲခင်းကြီးရွာခံ တစ်ထောင်ကျော် ဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစပြီး ရွာမှာမနေတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါ တယ်။ ဇွန်လ ၅ ရက်နေ့ကစလို့ နွားထိုးကြီးမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းခွဲ ဝင်ရောက်စီးနင်းနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ နွားထိုးကြီးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

၉။ မတ္တရာမြို့နယ် တောပုရွာ စီးနင်းပစ်ခတ်ခံရမှုကြောင့် ဒေသခံတစ်ဦး သေဆုံး

 

ဇွန် ၁၄ ၊ RFA

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောပုရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ရွာထဲ ဝင်ရောက်ပစ်ခတ်စီးနင်းစဥ် သေနတ် ကျည်ဆန်ထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦး ဆေးကုသနေမှုခံယူနေရင်း ဇွန်လ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး ဇွန် ၁၂ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းက ရွာကိုဝင်ရောက်စီးနင်းစဥ် ပစ်ခတ်တဲ့သေနတ်ကျည် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အပြင်းအထန် ဒဏ်ရာရပြီး ဆေးကုသနေစဥ်မှာပဲ သေဆုံးသွားတာလို့ လုံခြုံရေးအမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ တောပုရွာထဲကို အင်အားတစ်ရာနီးပါးပါတဲ့ စစ်ကောင်စီတပ်သားတွေက ကားလေးစီးနဲ့ရောက်လာပြီး တောပုရွာအပါအဝင် ရှင်လှ (တောင်) နဲ့ ရှင်လှ (အလယ်) ရွာတွေကိုလည်း စီးနင်းခဲ့တာပါ။ စစ်ကောင်စီတပ် စီးနင်းထားစဥ် ရှင်လှ (တောင်) ရွာမှာ နေအိမ်လေးလုံးနဲ့ နွားစာတဲ နှစ်လုံး၊ ရှင်လှ (အလယ်) ရွာမှာ နေအိမ်ခြောက်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။



 

 

 

30 views0 comments

Comments


bottom of page