နေ့စဉ်သတင်းစုစည်းမှု
15-June-2024
တိုက်ပွဲသတင်း
၁။ မောင်တောမြို့နယ်ရှိ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ နှင့် နခေါင်းတို စခန်းတို့ကို AA တပ်ဖွဲ့က သိမ်းပိုက်ရရှိ၊ မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီးတေဇာဌေး အပါအဝင် စစ်သား ၂၀၀ ကျော်သေဆုံး
ဇွန် ၁၅ ၊ D Day News
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီ ဗျူဟာ နှင့် နခေါင်းတို စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး မောရဝတီဗျူဟာမှူး ဗိုလ်မှူး ကြီးတေဇာဌေး အပါအဝင် စစ်သား ၂၀၀ ကျော်သေဆုံးခဲ့ ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန် သည်။ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီအချိန်တွင် မောင်တောမြိုနယ်အတွင်းရှိ “နခခ ၄ တပ်ရင်းဌာနချုပ်” ကို လည်းကောင်း၊ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီ ၄၆ မိနစ်တွင် “အလယ်သံကျော်စခန်း” ကို လည်းကောင်း၊ ဇွန်လ ၁၃ ရက် နံနက် ၇ နာရီအချိန်တွင် “မောရဝတီဗျူဟာ” ကိုလည်းကောင်း၊ ဇွန်လ ၁၃ ရက် ညနေ ၆ နာရီအချိန်တွင် “နခေါင်းတိုစခန်း” ကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း ရခိုင့်တပ်တော် - AA က ထုတ်ပြန်ထားသည်။
အလားတူ မောင်တော၊ အမ်း၊ သံတွဲမြို့များ၌ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့က တောင်ကုတ်မြို့နှင့် ၈ မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်မှ “ရွှေကွမ်းစမ်း တံတား” ကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်း ရရှိသည့်အပြင် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေ သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များကိုလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
၂။ ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာယီစခန်းအား တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်၊ ရန်သူစစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရ
ဇွန် ၁၅ ၊ PVTV
တနင်္သာရီတိုင်း၊ ရေဖြိူမြို့နယ်၊ ရာဖူးရွာမှာ ယာယီစခန်းချကာ ဒေသခံများအပေါ် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင် နေတဲ့ ရန်သူစစ်ကြောင်းအား မဟာမိတ်ပူးပေါင်းအဖွဲ့မှ နေ့စဥ်ရက်ဆက် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ မွန်ပြည် တော်လှန်ရေးတပ်မှ မနေ့က အသိပေးပါတယ်။ရေဖြိူမြို့နယ်၊ အလယ်စခန်းကျေးရွာမှာ အထိုင်ချတပ်စွဲကာ အရပ်သားများ ကို ဖမ်းဆီးတာ၊ နေအိမ်များမှ ပစ္စည်းများဖျက်ဆီး၊ ခိုးယူနေတဲ့ ရန်သူစခန်းကို ဇွန် ၁၃ ရက်မှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး၊ အမှတ် (၈) လမ်းမကြီးပေါ်သို့ ဖြတ်သန်းနေတဲ့ ကားများအား စစ်ဆေးမှုပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဇွန် ၁၁ ရက်၊ နေ့လည် ၁ နာရီ၊မိနစ် ၅၀ အချိန်မှာ ရာဖူးကျေးရွာမှာ စခန်းချနေတဲ့ အကြမ်းဖက် စစ်တပ် ယာယီစခန်းကို ညီနောင် ပူးပေါင်းအဖွဲ့မှ ဒရုန်းအသုံးပြု၊ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ၊ ရန်သူတပ်ဖွဲ့ စစ်ကြောင်းမှူး အပါအဝင်၊ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်းခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုများကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ (PDF) ဒေါနစစ်ကြောင်း ၊ မွန်ပြည်သစ်ပါတီ (ခွဲထွက်) ၊ Saw Dragon အထူး ဒရုန်းတပ်ဖွဲ့၊ YAF ၊၊DNLA၊ KTLA တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၃။ မတူပီတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူပေး
ဇွန် ၁၅ ၊ Mizzima
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေကြောင်း ချင်းညီနောင်ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရ သည်။ ယနေ့(ဇွန်လ ၁၅ ရက်နေ့)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များက အသာစီး ရနေကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာနေသဖြင့် လေကြောင်းပစ်ကူများဖြင့် လာရောက်တိုက်ခိုက်လျက်ရှိ ကြောင်း ချင်းညီနောင်ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ “ဒီနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်ဆဲပါ။ လေကြောင်းပစ်ကူလည်း လာပါတယ်။ ကျတော်တို့ဘက်က အသာစီးရနေပါတယ်။ သူတို့(စကစ) မတောင့်ခံနိုင်လို့ဘဲ ဝေဟင်ကလည်း ပစ်ကူပေးတာလေ။ အရင်က မြို့ပေါ်မှာ အထိုင်စခန်းလေးတွေ ချထားတာရှိတယ်။ ဒါတွေကတော့ ကုန်ပါပြီ။ တပ်စခန်းတွေ ကျန်ပါတယ်။” ဟု ချင်းညီနောင်ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ ၉ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၃ရက် တွင် မတူပီမြို့ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ကျန်နေသည့် တပ်ရင်းများကို ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မတူပီမြို့၏ တောင်ဘက်အစွန်တွင် တည်ရှိသည့် စစ်ကောင်စီတပ်ရင်း ခမရ (၃၀၄)၊ မြို့၏ မြောက်ဘက်ရှိ စစ်ကောင်စီတပ်ရင်း ခလရ (၁၄၀)နှင့် စစ်ဗျူဟာစခန်း စသည့် စစ်တပ်အထိုင်စခန်းကြီး သုံးနေရာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆက်လက်ပြောသည်။
၄။ နှစ်ပေါင်း ၃၀ နီးပါးရှိ အောင်သာဝရ စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
ဇွန် ၁၅ ၊ Mizzima
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချ တပ်စခန်းကို တပ်မဟာ(၄) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU တပ်မဟာ (၄) ဘိတ်- ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို ပြောသည်။ ၁၉၉၇ ခုနှစ်မှစတင်၍ အောင်သာဝရရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ၏ အောင်သာဝရ (ကရင်အခေါ် ဝေ့တူရေ့) စခန်းကို ယမန်နေ့ (ဇွန်လ ၁၄ ရက်)နံနက်ပိုင်းမှစ၍ KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။
" စခန်းသိမ်းလိုက်တာကတော့ သေချာပါတယ်။ မနေ့က မနက်ကနေ နေ့လယ် မွန်းလွဲအထိမှ ပွဲက ပြီးတာပါ။ (KNLA ဘက် က) နည်းနည်းပါးပါးတော့ အထိအခိုက် ရှိတာပေါ့။ ရန်သူ့ဘက်ကလည်း ဒဏ်ရာရတာ သေတာ ထွက်ပြေးတာရှိတယ်။ ဘယ်နှစ်ယောက် သေလဲ၊ ဘယ်နှစ်ယောက် ဒဏ်ရာရလဲ၊ ဘယ်နှစ်ယောက် ထွက်ပြေးလဲတော့ သေချာ မသိရသေးဘူး" ဟု KNU တပ်မဟာ (၄) ဘိတ်- ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို ပြောသည်။ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် (ကရခ) မြိတ် လက်အောက်ခံ ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅)မှ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်ဖြင့် အထိုင်ချနေသည့် အဆိုပါစခန်းသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်၌ ထိခိုက်၊ ကျဆုံး၊ ထွက်ပြေးသွားသူများရှိသကဲ့သို့ တပ်မဟာ (၄) KNLA ပူးပေါင်းတပ်ဘက်တွင်လည်း ထိခိုက်မှုအချို့ရှိကြောင်း ပဒိုစောဖလိုစိုးဝင်းက ပြောသည်။ လက်နက်၊ ခဲ၊ ယမ်း သိမ်းဆည်း ရမိမှုလည်း ရှိကြောင်း KNLA သတင်းရင်းမြစ်တဦးက ပုံနှင့်တကွ ပြောဆိုသည်။
ယမန်နေ့ (ဇွန်လ ၁၄ ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ပြီး KNLA တပ်ရင်း (၇) နယ်မြေအတွင်းရှိ ဆေးရုံတရုံပေါ် ဗုံးဆန်ကျရောက်ခဲ့သည့်အတွက် သူနာပြုတဦးနှင့် အမျိုးသမီးတဦးလည်း သေဆုံးသွားရ ကြောင်း တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ဖြေဆိုထားကြောင်း KIC သတင်းဌာနက ဖော်ပြထားသည်။
၅။ မြိုင်မြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက် ၃ ဦးသေဆုံး
ဇွန် ၁၅ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းမှထွက်လာသော အင်အား ၁၅ ဦးခန့်ပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး သေနတ် နှစ်လက်သိမ်းဆည်းရရှိထားကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ ယနေ့ (ဇွန်လ ၁၅ ရက်)တွင် သတင်းထုတ်ပြန်သည်။ယနေ့(ဇွန်လ ၁၅ ရက်) နံနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းမှ အရှေ့ဘက်သို့ခြေလျင်ထွက်လာသော စစ်ကောင်စီတပ်များကို ကိုင်းတောမစခန်းနှင့် မီတာ ၅၀ အကွာအရောက်တွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PPDF တပ်ဖွဲ့ထံမှ သိရသည်။ “စကစတပ်တွေကို အနီးကပ်စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သုံးယောက်ကတော့ ပွဲချင်းပြီးပေါ့။ သူတို့ကိုင်တဲ့ သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်။ တိုက်ပွဲအပြီးမှာ စကစတပ်တွေ ရဲ့လှုပ်ရှားမှုကို ခုနေတော့ စောင့်ကြည့်တုန်းပါ။” ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) တာဝန်ရှိသူက မဇ္စျိမ ကို ပြောသည်။ ပစ်ခတ်မှု ၁၅ မိနစ်ခန့်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များမှ အနီးကပ်ပစ်ခတ်နိုင်သောကြောင့် စစ်ကောင်စီတပ်သားသုံးဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ MA1 သေနတ်နှစ်လက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် အတူမဟာမိတ် အဖွဲ့များဖြစ်သော ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defence Force၊ Young Force UG၊ Hunter PKU၊ မြိုင် ပ.က.ဖ၊ Justice Revolution Force နှင့် Thu Rain TR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၆။ နတ်မောက်တွင် PDF မိုင်းကွင်းထဲ ဝင်လာသော စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၇ ဦး သေဆုံးဟုဆို
ဇွန် ၁၅ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း မိုင်းကွင်းထဲ ဝင်လာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၄ ရက်၊ ညနေ ငါးနာရီခန့်တွင် အင်အား ၈၀ ဝန်းကျင်ဖြင့် နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ကျွန်းဘုတ်ရွာနှင့် ကျောက်ဆည်ရွာအကြား မိုင်းကွင်း ထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သားများကို ကျွန်းဘုတ်ရွာ ထဲသို့ သယ်ဆောင်စဉ် စစ်သားနှစ်ဦးထပ်မံသေဆုံးကြောင်း နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ တိုက်ပွဲဝင်ရဲဘော် ကျားဆိုး ထံကသိရသည်။ အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ နတ်မောက် ပကဖ ၊ မြို့သစ် ပကဖ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီအဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ တစ် ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ရင်း တပ်ခွဲသုံး တိုက်ဒေါင်းတပ်ဖွဲ့ ၁၉၀၂ ၊ Aung San’s Land ၊ ငါးပြေမ ပြောက်ကျား တပ်ဖွဲ့၊ ပျော်ဘွယ် PDF (သာစည်တပ်ဖွဲ့) နှင့် ရမည်းသင်း ပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၇။ မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများလာရောက်ပိုဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံး
ဇွန် ၁၅ ၊ D Day News
မန္တလေးတိုင်း၊ မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်းများလာရောက်ပို့ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF တပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းအတွင်းသို့ မိတ္ထီလာလေတပ်မှ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းလာရောက်ပို့ဆောင်ပြီး တပ်ရင်းအတွင်း၌ ရဟတ်ယာဉ် ရပ်နားနေစဉ် တပ်ရင်းရှေ့ရှိ ဂိတ်စခန်းကို ဗုံးသီး ၁ လုံး၊ တပ်ရင်းအတွင်းသို့ ဗုံးသီး ၃ လုံးတို့ကို Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် ၄ ကြိမ်တိုင်တိုင် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့သို့ တိုက်ခိုက်ခံရပြီးနောက် ယနေ့အချိန် အထိ အကြမ်းဖက်စစ်တပ် ခမရ ၁၅ တပ်ရင်းအတွင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် တပ်ရင်းအနီးတဝိုက်ရှိ ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ ဘက် သို့ ရမ်းသမ်းပစ်လျက်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF၏ Drone တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းနှင့် မလှိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၈။ အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်
ဇွန် ၁၅ ၊ The Irrawaddy
စစ်ကောင်စီသည် အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန် အဓိကအားထုတ်မှုအနေဖြင့် ပိတ်ပင်ထားသော အင်တာ နက်စာမျက်နှာများနှင့် ဝန်ဆောင်မှုများထံ ရောက်ရှိရန် ကျော်ဖြတ်ရာတွင် သုံးသည့် VPN များကို လိုက်လံပိတ်ဆို့နေသည်။ သတင်းအချက်အလက် ကန့်သတ်ရန် ထိုသို့အားထုတ်မှုသည် မေလကုန်တွင် စတင်သည်ဟု မိုဘိုင်းဖုန်း အော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ပေးသူများ၊ အဓိက အတိုက်အခံများနှင့် မီဒီယာ သတင်းများက ပြောသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ဖေဖေါ်ဝါရီလတွင် ဖြုတ်ချပြီးအာဏာသိမ်းသည့် စစ်ကောင်စီသည် အင်တာနက် ကို ပိတ်ဆို့ရန် ယခင်ကလည်း အပြင်းအထန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး အထူးသဖြင့် အာဏာသိမ်းပြီးနောက်လများတွင် အထူးကြိုးစားသည်။ အင်တာနက် အသုံးပြုမှုကို တိုက်ခိုက်ရာတွင် ပြည်သူများ၏ မိုဘိုင်းဖုန်းများကို လမ်းမများတွင် VPNs များ ရှိမရှိ ကြုံသလို စစ်ဆေးပြီး တွေ့ရှိပါက ဒဏ်ငွေတောင်းခြင်းများ လုပ်သော်လည်း ထိုဒဏ်ငွေသည် တရားဝင် မဝင် ရှင်းလင်းစွာ မသိရပေ။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းမှ ပြည်သူ ၂၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများတွင် VPN အပလီကေးရှင်းများ တွေ့ပါက ဒဏ်ငွေတောင်းသည့် သတင်းကို အမေရိကန် ပြည်ထောင်စုက မြန်မာဘာသာဖြင့် ဝန်ဆောင်မှုပေးသည့် လွတ်လပ်သော အာရှအသံက သောကြာနေ့တွင်ဖေါ်ပြသည်။
၉။ VPN များကို ပိတ်ဆို့ခြင်းဖြင့် လွတ်လပ်စွာ သတင်းစီးဆင်းမှုကို စစ်ကောင်စီ နှိမ်နင်းနေ
ဇွန် ၁၅ ၊ Myanmar Pressphoto Agency
မြန်မာစစ်ကောင်စီသည် VPN များကို ပိတ်ဆို့ခြင်းဖြင့် လွတ်လပ်စွာ သတင်းစီးဆင်းမှုကို နှိမ်နင်းနေကြောင်း AP သတင်း တွင် ယနေ့(ဇွန် ၁၅ ရက်) ဖော်ပြထားသည်။ စစ်ကောင်စီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်အရ Facebook၊ Instagram၊ WhatsApp နှင့် VPN ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်း၌ မေလကုန်တွင် ပိတ်ပင်ခဲ့သည်ဟု မြန်မာ့ထိပ်တန်း တယ်လီကွန်းကုမ္ပဏီများဖြစ်သော MPT၊ Ooredoo၊ Atom နှင့် Mytel တို့အပြင် ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု လုပ်ငန်းရှင်များက AP သတင်းဌာနသို့ ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးပြီးချင်း လပိုင်းမှစပြီး စစ်ကောင်စီသည် အင်တာနက်အသုံးပြုမှုကို တားဆီးပိတ်ပင်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သည်။ စစ်ကောင်စီတပ်သည် မိုဘိုင်းဖုန်းများထဲ၌ VPN အပလီကေးရှင်း ရှိ၊မရှိ လမ်းမများပေါ်စစ်ဆေးခဲ့ပြီး တွေ့ရှိပါက ဒဏ်ငွေဆောင်ရကြောင်း ပြည်တွင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် စစ်ကောင်စီက အင်တာနက် အသုံးပြုခွင့် သို့မဟုတ် ဖုန်းဝန်ဆောင်မှု ဖြတ်တောက်ထားသည့် မြို့နယ်ပေါင်း ၉၀ နီးပါးရှိ ကြောင်း မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ ‘Athan’ က ပြီးခဲ့သည့်လ ထုတ်ပြန်သော အစီရင်ခံစာ အရ သိရသည်။
၁၀။ ဖမ်းဆီးဒဏ်ရိုက် သတင်းများကြောင့် ပြည်မြို့ခံတို့ အပြင်ထွက်လျှင် VPN ဖျက်ထားခဲ့ဟုဆို
ဇွန် ၁၅ ၊ Myanmar Pressphoto Agency
ဖမ်းဆီးဒဏ်ရိုက်နေသည်ဆိုသောသတင်းများကြောင့် ပြည်မြို့ခံတို့ အပြင်ထွက်လျှင် VPN (Virtual Private Network)ကို ဖျက်ထားခဲ့ကြကြောင်း သိရသည်။ ပဲခူးတိုင်း၊ ပြည်မြို့တွင် ဇွန်လ ၁၁ရက်နေ့မှစ၍ အသုံးပြုသည့် ဖုန်းများ၌ VPN App တွေ့ရှိပါက ငွေကြေးဒဏ်ရိုက်မှုများအပြင် ထောင်ဒဏ် ခုနှစ်လအထိ ချမှတ်နိုင်သည်ဟု ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပြည်မြို့ ရွာဘဲနယ်မြေတွင် နေထိုင်သူတစ်ဦးက ပြောသည်။"ထောင် ခုနှစ်လ ချလို့ရတယ် ဘာညာဆိုပြီး ကြားနေရတာပဲ။ အခုက အပြင်သွားရင်ကို VPN ကို ဖျက်လိုက် ၊ အိမ်ပြန်ရောက်ရင်ကို ပြန်ဒေါင်းလိုက်နဲ့ ရှုပ်နေတော့ အာရုံနောက်လို့ Facebook တောင် မသုံးဖြစ်တော့ပါဘူး" ဟု ၎င်းက MPA သို့ ပြောသည်။ ထို့အပြင် စစ်သားများ စစ်ဆေးဖမ်းဆီးမှု ပြုလုပ် လေ့ရှိသည့် ပြည်မြို့၊ ကိုးသောင်းမီးပွိုင့်၊ ပါရမီရှင်ဆေးရုံရှေ့နှင့် စစ်သားများ အသွားအလာပြုလုပ်တတ်သော နေရာများကို ပြည်သူများ ရှောင်ရှားသွားလာနေကြကြောင်း သိရသည်။ "စစ်မှုထမ်းဥပဒေကြောင့် လူဖမ်းတာတွေရော၊ ဆိုင်ကယ်ဦးထုပ် ဖမ်းတာ ၊ အခုဆို VPN ပါတိုးလာတော့ သွားလာရခက်ခဲလာတယ်။ ပြည်မြို့အနီးတစ်ဝိုက်က ရွာတွေ၊ မြို့တွေကို ဈေးပတ် ရောင်းကြတဲ့ ဈေးသည်တွေတောင် မသွားလာရဲတော့လို့ နားထားရတာတွေလည်း ရှိတော့ စားဝတ်နေရေး ထိခိုက်တာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တစ်ခုဖြစ်သည့် ပြည်သတင်းမှန် Telegram Channel ကမူ VPN အသုံးပြုသူများကို ဖမ်းဆီးခြင်းမှာ မဟုတ်မှန်ကြောင်း ရေးသားထားသည်။ မေလ ၃၀ ရက်နေ့မှစ၍ VPN အသုံးပြုရ အဆင်မပြေတော့ခြင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကြုံတွေ့နေရပြီး မြို့များစွာ၌ VPN တွေ့လျှင် ဖမ်းဆီးဒဏ်ရိုက်သည့်သတင်းများလည်း ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။
၁၁။ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေစာချုပ် တရုတ်နဲ့စစ်ကောင်စီ လက်မှတ်ရေးထိုး
ဇွန် ၁၅ ၊ BBC
ရုတ်နဲ့ စစ်ကောင်စီတို့ ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်တဲ့ အထူးရန်ပုံငွေ စီမံကိန်း သဘောတူစာချုပ်ကို ဇွန် ၁၄ ရက်မှာ နှစ်နိုင်ငံ ချုပ်ဆိုခဲ့ကြပါတယ်။ ဒီစာချုပ်အရ ဝန်ကြီးဌာန (၆) ခုက စီမံကိန်း (၁၂) ခု ဖော်ဆောင်ဖို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါသည်။
ဒီ စီမံကိန်း (၁၂) ခုကို စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်တွေ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ အလေ့အထနဲ့ တီထွင်ဆန်းသစ်မှုတွေ ဆောင်ရွက်ရေးတွေမှာ အကောင်အထည်ဖော် သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါအပြင် ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနဲ့ ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး စတဲ့နယ်ပယ်တွေမှာလည်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ၂၀၁၇ ကနေ ၂၀၂၄ အတွင်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ (၃၅) သန်းခန့် တန်ဖိုးရှိတဲ့ ကဏ္ဍပေါင်းစုံ စီမံကိန်း (၁၁၈) ခုကို လက်ခံရရှိထားတာဖြစ်ပါတယ်။ စီမံကိန်းသဘောတူစာချုပ်ကို တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ နေပြည်တော် မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ နှစ်ဘက်လုံးက သတင်းထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၂။ စဉ့်ကူးမြို့နယ်တွင် ဗိုလ်ကြီးဟောင်းအသတ်ခံရပြီးနောက် ပြည်သူ ၁၅ ဦးအဖမ်းခံရ
ဇွန် ၁၅ ၊ Mizzima
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဗိုလ်ကြီးဟောင်း တဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လူ ၁၅ ဦးကို ဖမ်းဆီး သွားကြောင်း ဒေသခံများထံက သိရသည်။ ဗိုလ်ကြီးဟောင်း အောင်ကိုကိုသည် စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာ နေအိမ်တွင် ဇွန် ၁၄ ရက်၊မွန်လွဲ ၂ နာရီခန့်က ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ကျော်ဖြင့် ယနေ့( ဇွန် ၁၅ ရက်) နံနက် ၇ နာရီခန့်တွင် ရှောက်ပင်ရိုးကျေးရွာသို့ ရောက်ရှိလာပြီး အသက် ၃၅ နှစ်နှင့် ၅၀ နှစ်အရွယ် အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားပြီး ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် တနိုင်တပိုင်ရွှေတူးဖော်နေသည့် အသက် ၁၉ နှစ်မှ ၂၇ နှစ်ဝန်းကျင်ရှိ လူငယ် ၁၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတဦးကဆိုသည်။ ၎င်း လူငယ်များ မှာ ကွင်း ၃၀နှင့်ထုံးကြီးကျေးရွာတို့မှဖြစ်ကြောင်း သိရသည်။ "အပစ်ခံရတဲ့ဗိုလ်ကြီးက ကျွန်တော်တို့ ရှောက်ပင်ရိုးမှာ နေတာကြာပြီဗျ။ သူက တပ်သား စုဆောင်းတဲ့နေရာနဲ့ ရွှေတွင်းတွေမှာ တပ်အတွက် ငွေတောင်းပေးတဲ့သူ။ သိတဲ့အတိုင်းပဲ ဗိုလ်ကြီးဟောင်းဆိုပြီး ဒီတကြောတော့ အတော်ထောင်တဲ့သူ ကျွန်တော်တို့ဘက် ဘာဖြစ်ဖြစ် တပ်ခေါ်လိုက်ရမလား။ စစ်ကြောင်းထိုးခိုင်းလိုက်ရမလား ခဏခဏပြောတဲ့သူ။" ဟု ဒေသခံတဦးကပြောသည်။ ဟု ဒေသခံတဦးကပြောသည်။
ထို စစ်ကြောင်းသည် အရှေ့တော တောင်ပေါ်သို့ ဆက်လက်စစ်ကြောင်းထိုးသွားပြီး လမ်းတလျှောက် သေနတ်များ ပစ်ဖေါက်သွားကြောင်း သိရသည်။
၁၃။ ကျွန်းလှမြို့နယ်က NUG စာသင်ကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ
ဇွန် ၁၅ ၊ RFA
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာက NUG လက်အောက်ခံ စာသင်ကျောင်းကို ဇွန်လ ၁၅ ရက်နေ့ ဒီနေ့နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအဆောင်တွေအားလုံး ပျက်စီးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။တိုက်ခိုက်ရေးရဟတ်ယာဥ်နှစ်စင်းနဲ့ ဆယ်မိနစ်ကျော် ပစ်ခတ်ခဲ့တာကြာင့် စာသင်ကျောင်း အဆောင်တွေ ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာကုန်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“စာသင်ကျောင်းကိုပဲဦးတည်ပြီး လာပစ်သွားတာပါ။ ကလေးတွေက နေ့လယ် ၁၂ နာရီမှာဆင်းတယ်။ လေကြောင်းကနေ ၁၂ နာရီ ၂၅ မိနစ်မှာလာပစ်တာ။ ကံကောင်းတာက ကလေးတွေရော ဆရာ၊ ဆရာမတွေရော တစ်ဦးမှ ထိခိုက်တာမရှိဘူး။ စာသင်ကျောင်းဆောင်တွေတော့ အကုန်ပျက်စီးသွားပါတယ်” အဲဒီစာသင်ကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်သင်ကြားနေတာဖြစ်ပြီး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသူ၊ ကျောင်းသား နှစ်ရာနီးပါး တက်ရောက်သင်ကြားနေတာလို့ ဆိုပါတယ်။ ရွာကုန်းကြီးရွာက ဒေသခံ သုံးရာကျော်လည်း နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၄။ နတ်မောက်မြို့နယ် ဖက်တောရေရွာမှာ နေအိမ် လေးဆယ်ခန့် မီးရှို့ခံရ
ဇွန် ၁၅ ၊ RFA
မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဖက်တောရေရွာကို ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် လေးဆယ်ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အားခုနစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ နတ်မောက်မြို့နယ်အတွင်းက ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာလို့ ဆိုပါတယ်။ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF-PLA) တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ နယ်မြေရှင်းလင်းရေးပုံစံ နဲ့ ရွာတွေကို၀င်ရောက်ပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ RFA ကို ပြောပါတယ်။ "လတ်တလောမှာတော့ တိုက်ပွဲတွေ ဖြစ်နေတာလည်း ရှိတယ်။ လူတွေကိုဖမ်းတယ်၊ ပြီးရင် သတ်ပစ်တယ်။ နေအိမ်တွေကို မီးရှို့တယ်။ ရွာတိုင်းကို ဝင်စီးနင်းနေတဲ့ သဘောပေါ့။ ဒီမနက်မှာတော့ ပန်းညိုရွာကို စစ်ကြောင်းဝင်ရောက် စီးနင်းနေပါတယ်"ဖက်တောရေရွာမှာ နေအိမ်တွေအပြင် တောင်ယာတဲတွေပါ မီးရှို့ခံရတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
၁၅။ ရွှေဘိုမြို့မှာ ဒေသခံ လူငယ်သုံးဦး ဖမ်းဆီးခံရ
ဇွန် ၁၅ ၊ RFA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အမှတ် (၁၀) ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်နေ့ညပိုင်းက လူငယ်အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အမှတ် (၁၀) ရပ်ကွက်အတွင်း လူဦးရေစာရင်း ကောက်ယူပြီး လူငယ်တွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလောမသိရသေးဘူးလို့ ရွှေဘိုမြို့ခံ ကိုဥဩက RFA ကို ပြောပါတယ်။ "ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ် အင်အား နှစ်ဆယ်လောက်ပါတယ်။ အမှတ် (၁၀) ရပ်ကွက်က ဦးအောင်ဇေယျရုပ်တုရှိတဲ့နေရာမှာ လူငယ်တွေကို ဖမ်းသွားတာ။ သူတို့က ဆီပေးမယ်၊ ဆန်ပေးမယ် ဆိုပြီး လူဦးရေစာရင်း လိုက်ကောက်နေတော့ လူငယ်တွေက ကြောက်ပြီးထွက်ပြေးကြတာ။ အဲဒါကို ဖမ်းလိုက်တာပေါ့ "
အဲဒီလူငယ်တွေကို ရွှေဘိုအခြေစိုက် ခလရ (၄၂) တပ်ရင်းထဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
၁၆။ မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး လမ်းကြောင်း တလျှောက်ရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး
ဇွန် ၁၅ ၊ D Day News
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး လမ်းကြောင်း တလျှောက်ရှိ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ သိရသည်။မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်တို့မှ စစ်သား၊ ရဲသားများသည် စစ်ကြောင်း စတင် ထွက်လာစဉ် မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးအရောက် အပြစ်မဲ့ပြည်သူ အမျိုးသား နှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး နတ်မောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာရာ လမ်းတလျှောက်ရှိ ပြည်သူ လူထုပိုင် နေအိမ်အချို့အား မီးရှို့ခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက်စစ်ကြောင်းကို ဇွန်လ ၁၄ ရက် ညနေ ၄ နာရီ ၁၈ မိနစ်အချိန်တွင် နတ်မောက်မြို့ နယ်၊ ကျွန်းဘုတ်ရွာမှ ထွက်လာပြီး ကျွန်းဘုတ်ရွာနှင့် ကျောက်ဆည်ရွာအကြား ချောင်းရိုး အရောက် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ရဲဘော်များက ခြုံခိုင်ပြီး အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
Comments