နေ့စဉ်သတင်းစုစည်းမှု
16-June-2024
တိုက်ပွဲသတင်း
၁။ ရခိုင်ပြည်နယ် တောင်ကုတ်တွင် တိုက်ပွဲပြင်းထန်
ဇွန် ၁၆ ၊ Mizzima
ရခိုင်ပြည်နယ်၊ တောင်ကုတ်−အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် ယမန်နေ့ (ဇွန်လ ၁၅ ရက်) ညပိုင်းမှ စတင်ကာ တောင်ကုတ်မြို့နှင့်အနီးတဝိုက်တွင် အာရက္ခတပ်တော်( AA )နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။တောင်ကုတ်မြို့နှင့် ရှစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး တောင်ကုတ်−အမ်းကားလမ်းမပေါ်ရှိ "ရွှေကွမ်းစမ်းတံတား" ကို ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း AA မှ ယမန်နေ့ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် ယမန်နေ့ ညပိုင်းမှစတင်ကာ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများသို့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယနေ့(ဇွန်လ ၁၆ ရက်) နံနက်ပိုင်းအထိ မြို့အနီးတဝိုက် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု တောင်ကုတ်မြို့ဒေသခံတို့ထံက သိရသည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) တည်ရှိရာ တောင်ကုတ်မြို့နယ်အနီး ယမန်နေ့ညပိုင်း၌ နှစ်ဖက် ပစ်ခတ်သံများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဝဲပျံ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်သံများကိုပါ အဆက်မပြတ်ကြားခဲ့ရကြောင်း တောင်ကုတ်မြို့ဒေသခံတဦးက ပြောသည်။
၂။ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
ဇွန် ၁၆ ၊ D Day News
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံမှ သိရသည်။ ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့်က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီး အသစ်ဆောက်လုပ် ထားသည့် အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဥဩစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary Force (DGRF) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
၃။ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးစခန်းကို တိုက်ခိုက်၊ ရန်သူတပ်သား ၅ ဦးခန့် သေဆုံး
ဇွန် ၁၆ ၊ PVTV
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ရေလာလေးပျူစောထီးရွာ စခန်းကို ဇွန် ၁၄ရက် နေ့လည် ၃ နာရီမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေက ဒရုန်းတွေနဲ့ ဗုံးသီးကြဲချပြီး အနီးကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အနီးကပ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ လက်ပါးစေ ပျူစောထီး ၅ ဦးခန့် သေဆုံးခဲ့ပြီး ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ် ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ P.D.F-Kamma တပ်ခွဲ(၁) တပ်ခွဲ(၂) တပ်ခွဲ(၃)၊ မြိုင်ပကဖ တပ်ရင်း(၁) တပ်ခွဲ(၁)၊ PLC တပ်ပေါင်းစု အဖွဲ့ဝင်များ (Myaing Warriors၊ MRDF၊ ဘီလုံးငှက်၊ Hero NewGz၊ လင်းယုန်ပြောက်ကျားတပ်ဖွဲ့)၊ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၁) တပ်ခွဲ (၂) စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၄။ ၂၀၂၅ တွင် ရွေးကောက်ပွဲ လုပ်မည်ဟု စစ်ခေါင်းဆောင် ပထမဆုံးအကြိမ် ထုတ်ပြော
ဇွန် ၁၆ ၊ Myanmar Now
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကို ရလဒ်ကို လျစ်လျူရှုပြီး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်က လာမည့်နှစ် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ထုတ်ပြောလိုက်သည်။
မြန်မာပြည်သူအများစု၏ ဆန္ဒကို မျက်ကွယ်ပြုပြီး နိုင်ငံတော်ပုန်ကန်ကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ‘သောင်မတင်၊ ရေမကျ’ ပြောနေရာမှ ယခုနှစ် အောက်တိုဘာလအတွင်းသန်းခေါင်စာရင်း ကောက်ယူပြီးနောက်၊ ‘လာမည့်နှစ် (၂၀၂၅) အတွင်း’ ကျင်းပမည်ဟု ထုတ်ပြောလာခြင်း ဖြစ်သည်။
၅။ မြန်မာပဋိပက္ခ ဖြေရှင်းရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို
ဇွန် ၁၆ ၊ Myanmar Pressphoto Agency
မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောသည်။ ဇွန် ၁၄ ရက်က ၎င်း၏ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အပေါ် ၎င်း၏အမြင်ကို “Ignite Thailand၊ Re-ignite Thai Diplomacy” ခေါင်းစဉ်ဖြင့် မျှဝေခဲ့သည်။
“ကျနော်တို့ လုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံကို ဦးစားပေးလုပ်ဆောင်သွားရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြဿနာကို ထိထိ ရောက်ရောက်ဖြေရှင်းနိုင်ဖို့အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ဖော်ဆောင်ရာမှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ပါတယ်” ဟု မစ္စတာ Maris က ပြောသည်။ထို့အပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးသည် အရေးကြီးသည့်အတွက် ဆက်လက်တွန်းအားပေးသွားမည်ဟုလည်း ဆို သည်။ “အဲဒါကို အဖွဲ့အစည်းတိုင်းက လက်ခံဖို့ လိုပါတယ်။ တိုက်ပွဲတွေ ရပ်တန့်နေတာ မြင်ချင်ပြီး ဒါဟာ ကျနော်တို့ရဲ့ အရေးကြီးဆုံး အလေးထားစရာကိစ္စပါ။ ဒီပြဿနာက အကဲဆတ်ပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာ ကိုတော့ ကျနော်တို့ သတိထားနေဖို့ လိုတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ စစ်တွေမြို့ပေါ်မှာ ဒေသခံ အမျိုးသားနှစ်ရာခန့် ဖမ်းဆီးခံရ
ဇွန် ၁၆ ၊ RFA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ကိုပြောင်းရွှေ့လာတဲ့ ဒေသခံ အမျိုးသားနှစ်ရာခန့်ကို ဇွန်လ ၁၅ ရက်နေ့မနေ့က စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးခံရသူတွေဟာ စစ်ကောင်စီ တပ်က မြို့ပေါ်ကို အတင်းပြောင်းရွေ့ခိုင်းထားတဲ့ ရွာတွေကဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။ "စစ်တွေ စစ်တပ်ကနေ အင်အားအလုံးရင်းနဲ့လာပြီးတော့ မင်းဂံရပ်ကွက် ၆၊ ၇၊ ၈၊ ၉ အကွက်တွေထဲက လူတွေကို စစ်ပြီးတော့ဖမ်းသွားတာ။ အဲလူတွေက သူတို့ (စကစ) လောလောလတ်လတ် ရွေ့ခိုင်းထားတဲ့ ရွာထဲက သူတွေ ဟုတ်တယ်" ဖမ်းဆီးခံရတွေဟာ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်နဲ့ အုန်းရေဖော် စတဲ့ရွာတွေကနေ မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွေ့နေထိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အားလုံးကို စစ်တွေမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာဖမ်းဆီးထားပြီး ဘာကြောင့် အခုလို လာရောက်ဖမ်းဆီးသွားလဲဆိုတာ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၇။ မြင်းခြံမြို့နယ် ပျားရွာကို စစ်ကောင်စီတပ်က တတိယအကြိမ် မီးရှို့
ဇွန် ၁၆ ၊ Mizzima
မန္တလေးတိုင်း၊ မြင်းခြံမြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပျားရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။ “စစ်ကြောင်းဝင်လာတော့ ရွာကလူတွေ အကုန် စစ်ရှောင်နေရတယ်။ အိမ်တွေ မီးလောင်နေတာကို အဝေးကနေပဲ လှမ်းကြည့်နေရတာ။ ဒီတကြိမ်တော့ အကုန် ပြောင်မယ့် သဘောရှိတယ်”ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့်ဒေသခံတဦးက ဆိုသည်။ စစ်ကောင်စီတပ်က ပျားရွာ ကို သုံးကြိမ်မြောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ခံရမှုတွင် အိမ်ခြေ ၅၄ လုံး၊ ဒုတိယအကြိမ်တွင် ၆၇ လုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး ယခုတတိယအကြိမ် မီးရှို့မှုတွင် အိမ်ခြေအရေအတွက် မသိရသေးပေ။မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ပျားရွာ၊ ခံစပ်ကုန်း၊ ဘူးကိုင်းနှင့် ကြာကန်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော်စစ်ရှောင် နေရပြီး စစ်ရှောင်ရက်ကြာမြှင့်လာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း သိရသည်။
၈။ မိုးကောင်းနှင့် တောင်ကြီးတွင် VPN ရှိသူများကို စစ်ကောင်စီ ငွေညှစ်
ဇွန် ၁၆ ၊ Mizzima
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှာ စစ်ကောင်စီတပ်က ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေး ရင်း ဖုန်းအတွင်း VPN ရှိနေသူတွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မိုးကောင်းမြို့၊ မိုးကောင်း တံတားနားမှာ စစ်ကောင်စီတပ်က မော်တော်ယာဉ်တွေနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ဇွန် ၁၄ ရက်နေ့ က စတင်ပြီး ဆိုင်ကယ်လိုင်စင်စစ်ဆေးသလို တယ်လီဖုန်းတွေကိုလည်း စစ်ဆေးပြီး VPN ထည့်သွင်းထားတာတွေ့ရှိရင် ကျပ်ငွေ ၂ သိန်း အထိ ဒဏ်ရိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတယောက်က “မိုးကောင်းတံတားမှာက အရင်ကတည်းက ဆိုင်ကယ်၊ ကား လိုင်စင် ပုံမှန်စစ်တယ်။ အခုက ဖုန်းပါ VPN စစ်တာ။ VPN ဆော့ဝဲ ဖုန်းထဲမှာ တွေ့ရင်ဖျက်ခိုင်းတယ်။ ဒဏ်ကြေး ၂ သိန်းလည်းပေးရတယ်။ အဖမ်းခံရမှာ စိုးရိမ်တော့လည်း ပိုက်ဆံပေးရတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးကောင်းတံတားနားမှာ VPN စစ်ဆေး ဖမ်းဆီး ဒဏ်ရိုက်တာတွေ လုပ်နေသလို မိုးကောင်းမြို့အထွက် ၂ မိုင် ဂိတ်မှာလည်း ပြည်သူ့စစ်အဖွဲ့က ဒေသခံပြည်သူတွေကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
Comentários