နေ့စဉ်သတင်းစုစည်းမှု
17-June-2024
တိုက်ပွဲသတင်း
၁။ မတ္တရာတွင် ကင်းပတ်ထွက်လာသောစစ်သားများ မိုင်းဆွဲခံရပြီး ခြောက်ဦးသေဆုံးဟုဆို
ဇွန် ၁၇ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဟင်္သာရွာသစ်ရွာတွင် ယာယီတပ်စွဲထားသော စစ်သားများ ကင်းပတ်လာ ချိန်၌ ဒေသခံPDFတစ်ဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကြောင်း သိရသည်။ ဇွန်လ ၁၆ ရက် နံနက် ခုနှစ်နာရီခွဲခန့်တွင် ဟင်္သာရွာသစ်ရွာပတ်ဝန်းကျင်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းပတ်လာသော စစ်သားများကို ယင်းရွာ မြောက်ဘက် သင်္ချိုင်းကုန်းအရောက်၌ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။" ဟင်္သာရွာသစ်မှာ အထိုင်ချထားတာ တစ်ပတ် လောက်ရှိပြီ။ အင်အားထပ်တိုးတာဘာညာနဲ့ ၂၀၀ လောက်ထိုင်ထားတာ။ မိုင်းဆွဲပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ သေတဲ့ ၆ယောက်ကို ရွာထဲပြန်သယ်သွားတာ " ဟု မိုင်းဆွဲတိုက်ခိုက်သည့်PDFတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။ ဇွန်လ ၁၆ရက်၊ ည ကိုးနာရီခွဲခန့်တွင် ဟင်္သာရွာသစ်ရွာ အခြေစိုက်စစ်တပ်က လက်နက်ကြီး ၁၀ ချက်ထက် မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။"ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ။ ပြည်သူတွေ ထိခိုက်တာ တော့ မရှိဘူးဗျ။ စစ်ကြောင်းဝင်ကတည်းက ဟင်္သာရွာသစ်က လူတွေက အကုန်ရှောင်ကြတာ " ဟု ၎င်းက ဆက်လက် ပြောသည်။
၂။ ပဲခူးရိုးမ အတွင်း ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၈ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး
ဇွန် ၁၇ ၊ D Day News
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမအတွင်း၌ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF အမှတ် ၁ တပ်ရင်းထံမှ သိရသည်။ ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ သာယာဝတီခရိုင်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးတတ်လာသည့် အင်အား ၉၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (3801) တပ်ခွဲ-5 ကြို့ပင်ကောက် (HERO) ပြောက်ကျား ၊ တပ်ခွဲ-1 YOMA (GBK) PDF ၊ တပ်ခွဲ-2 (Phoenix DF) ၊ တပ်ခွဲ-4 (BRA)၊ သာယာဝတီခရိုင် တပ်ရင်း (3802) တပ်ခွဲ-4 မြေအောက်ပြောက်ကျား (အုတ်ဖို)၊ နတ်တလင်းမြို့ (ပကဖ) ဧရာညီနောင်စစ်ကြောင်းနှင့် ပဲခူးခရိုင်တပ်ရင်း (3701) တပ်ခွဲ-2 BTZM (GBK) PDF ရိုးမညီနောင် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ ၁၀ ဦးခန့် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ တပ်ခွဲ-1 YOMA (GBK) ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင်အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တော်လှန်ရေး တပ်ဖွဲ့များ၏ စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး တဲ ၃၂ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
၃။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်း ပြည်သူပိုင်ပစ္စည်းဝင်ခိုးသည့်စစ်သားများနှင့် ကင်းပုန်း စစ်သားများကို တိုက်ခိုက်မှု ၁၁ ဦးသေဆုံး
ဇွန် ၁၇ ၊ D Day News
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသော စစ်သားများနှင့် ကင်းပုန်းစစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ် ရှောင်ရွာအတွင်း ပြည်သူများ၏ ဆိုင်ကယ်နှင့် အိမ်တွင်းပစ္စည်းများအား လာရောက်ခိုးယူနေသည့် အကြမ်းဖက် စစ်ကောင် စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇွန်လ ၁၅ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာအကြား တံတားဖြူအနီးတွင် ကင်းပုန်းယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှုကြာချိန် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဥဩစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary force (DGRF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၄။ ကျောက်ဖြူတွင် တိုက်ပွဲဖြစ်
ဇွန် ၁၇ ၊ DVB
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဇွန် ၁၇ ရက် မနက်ပိုင်းက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ကျောက်ဖြူမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းဌာနာချုပ်နားက သစ်ပုတ်တောင်ကျော်လမ်းကို ဇွန် ၁၇ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာလို့ အာရက္ခတပ်တော် (AA) ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။ နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ၃ နာရီကျော်လောက်ကြာအောင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရ သေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် နှမ်းဖဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ရင်း ၃၂ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြတယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၅။ စဥ့်ကူးတွင် စစ်ကောင်စီတပ် မီးရှို့၍ နေအိမ် ၃၅ လုံး ပျက်စီး
ဇွန် ၁၇ ၊ Mizzima
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့၍ နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်တွင် ရွှေပြည်ရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်က မီးရှို့သွားခြင်းဖြစ်ကြောင်း Wetlet Information Network မှ ကိုနဂါးလေးက ပြော သည်။၎င်းက “ အင်အား ၆၀ ကျော် နဲ့ လျှပ်တပြတ်ရောက်လာပြီး ရွာမြောက်ပိုင်း ဝန်းကျင်က စရှို့တာ။ မီးရှို့ပြီး ချက်ချင်း ထွက်သွားတာဆိုတော့ ပြည်သူတွေက ပြန်လည်ဝင်ရောက်နေပြီ။ ” ဟု ပြောသည်။ နေအိမ်များ မီးလောင်သွား၍ ဒေသခံ ၁၀၀ ကျော်မှာ လက်ရှိတွင် နေထိုင်ရေး အခက်အခဲကြုံနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထိုသို့မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မီးရှို့ပြီးနောက် ရွှေပြည်ရွာရှိ ၎င်းတို့ အထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။
၆။ သန်လျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ၄ ဦး ထပ်အဖမ်းခံရ
ဇွန် ၁၇ ၊ The Irrawaddy
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့် သန်လျင် အမှတ် ၃ တံတားသစ်ဖွင့်ပွဲတွင် ရှော့တိုက် ဒုံးဖြင့် တိုက်ခိုက်ရန်စီစဉ်သူ ၉ ဦး ဖမ်းဆီးမှုနှင့်ဆက်စပ်၍ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ် ၄ ဦးကို ထပ်မံ ဖမ်းဆီးရမိ ခဲ့ကြောင်း ယနေ့ စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖမ်းဆီးရမိထားသူများကို စစ်ဆေးရာမှ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အသက် ၂၁ နှစ် မှ ၃၄ နှစ်အရွယ်အတွင်းရှိ ကိုမျိုးသိန်းထွန်း၊ ကိုဇော်ကြီး (ခ) ကိုထက်၊ ကိုရဲဇော်ထွန်း (ခ) ဖီးနစ်နှင့် ကိုရှိန်းမြင့်မိုရ်အောင် (ခ) ကိုရှိန်းတို့အား ဇွန် ၁၄ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့ လှိုင်သာယာ၊ မင်္ဂလာ တောင်ညွန့်နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တို့တွင် ဖောက်ခွဲမှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။
စစ်ကောင်စီထုတ်ပြန်ထားသော ဓာတ်ပုံများအရ ဖမ်းဆီးခံထားရသည့် အသက် ၃၄ နှစ်အရွယ် ကိုရဲဇော်ထွန်း (ခ) ဖီးနစ်၏ မျက်နှာမှာ ဖူးရောင်ဒဏ်ရာများနှင့် ရိုက်နှက်ခံထားရသည်ကို တွေ့ရသည်။ ဇွန် ၈ ရက်က ပြုလုပ်သည့် သန်လျင်တံတား ဖွင့်ပွဲတွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မည့် ရန်ကုန်လူငယ်များကို ဖမ်းဆီးပြီးနောက်ပိုင်း၌ ရန်ကုန်တိုင်းအတွင်းအကြမ်းဖက် သမားများ၏ အငွေ့အသက် ကင်းစင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရမည်ဟု စစ်ခါင်းဆောင်က ဇွန် ၁၀ ရက်တွင် ပြောဆို ထားသည်။
Comments