နေ့စဉ်သတင်းစုစည်းမှု
18-June-2024
တိုက်ပွဲသတင်း
၁။ ကသာတွင် စစ်ကောင်စီ ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြန်ဖြစ်
ဇွန် ၁၈ ၊ The Irrawaddy
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ စိုးမိုးထိန်းချုပ်ထားသည့် ညောင်ခြေ ထောက်ကျေးရွာဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကသာမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၃၀၉) တပ်မှ အင်အား ၂၀၀ ခန့်ရှိစစ်ကြောင်းသည် ဇွန် ၁၄ ရက်တွင် ညောင်ခြေထောက် မရောက်မီ ဝဲကြီးနှင့်တုန်းပေါရွာကြား စစ်ကြောင်းထိုးလာရာ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဒေသခံ ကာကွယ်ရေး ရဲဘော်တဦးက “ညောင်ခြေထောက်မှာက PDF တွေ အားကောင်းတယ်။ စစ်တပ်နဲ့ ညောင်ခြေထောက်က အရှေ့၊ အနောက်လို့ ဖြစ်နေတာ။ စစ်ကြောင်းထိုးလာတော့ ရှေ့ကာကင်းအဖွဲ့နဲ့ စဖြစ်ပြီး ကိုယ့်ဘက်ကလည်း အင်အားတွေ ထပ်လာတော့ မနက် ၆ နာရီကနေ ၁၂ နာရီထိ တိုက်ပွဲဖြစ်ပြီး သူတို့ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။ အဆိုပါ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် လက်နက်ကြီးစ ထိမှန်မှုကြောင့် ကသာမြို့နယ် PDF တပ်ရင်း ၁ မှ ကွန်မန်ဒို တပ်သား ရန်ပိုင်မိုး (၂၄ နှစ်) ကျဆုံးခဲ့ ပြီး အခြားတပ်ဖွဲ့ဝင်တဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
၂။ ကနေဒီတောင်စခန်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပြန်လည်သိမ်းပိုက်
ဇွန် ၁၈ ၊ Mizzima
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ PDF Zoland သိမ်းပိုက်ထားသော ကနေဒီတောင်စခန်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။ ယနေ့ (ဇွန်လ ၁၈ ရက်) နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် တီးတိန်-ကလေးလမ်းဘေးရှိ ကနေဒီတောင် စခန်းသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့်ဝင်လာပြီး နှစ်နာရီကျော်ကြာ ခုခံပစ်ခတ်ပြီးနောက် တိမ်းရှောင်ပေးခဲ့ရသည်ဟု PDF -Zoland တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။ “စကစတပ်တွေက မနက် ၃ နာရီ ၃၀ မိနစ်မှာ အင်အားလုံးအရင်းနဲ့ဝင်လာလို့ ၅ နာရီခွဲအထိ ခုခံပစ်ခတ် ကြပါတယ်။ စကစဘက်က အကျအဆုံးရှိတယ်။ Zoland ဘက်က အကျအဆုံးအထိအခိုက်မရှိဘဲ တိမ်းရှောင် ပေးလိုက်တယ်” ဟု PDF -Zoland တာဝန်ရှိသူက ဆိုသည်။ စစ်ကောင်စီတပ်များသည် ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် တီးတိန်မြို့ပေါ်မှ ခြေလျင်စစ်ကြောင်းဖြင့် တီးတိန်-ကလေးလမ်းပိုင်းရှိ ကနေဒီတောင်စခန်းဘက်သို့ စစ်ကြောင်းထိုး နေခြင်းဖြစ်ပြီး တဆက်ထဲတွင် တည်ရှိသော သိုင်ငင်းစခန်းကိုလည်း ပြန်လည်ထိုးစစ်ဆင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာ သုံးသပ်သူများက ပြောသည်။
၃။ မတူပီမြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်တွေက သိမ်းပိုက်
ဇွန် ၁၈ ၊ PVTV
ချင်းပြည်နယ်၊ မတူပီမြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ချင်းညီနောင်ရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ "၂ဝ၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အလုံးစုံကင်းစင်ရေး” အတွက် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် ချင်းညီနောင်တပ်ဖွဲ့ ဝင်တွေက မဟာမိတ်တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ပြီးဟောင်ဝစ်ဇာလက်နက်ကြီးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ချင်းညီနောင်တပ်ဖွဲ့ ဝင်တွေက မဟာမိတ်အာရက္ခတပ်တော် (AA)၊ Yaw Army (YA) တို့နဲ့ တခြားမဟာမိတ် တပ်ဖွဲ့ဝင်တွေနဲ့အတူ ၂ဝ၂၄ခုနှစ်၊ ဇွန်လ (၉) ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ချင်းပြည်နယ်တောင်ပိုင်း အထိုင် ဗျူဟာ မတူပီမြို့ပေါ်က တပ်စခန်းတွေကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မနေ့က ဇွန် (၁၇)ရက်နေ့မှာအကြမ်းဖက် ခမရ (၃ဝ၄) တပ်ရင်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့တကွ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ မေလ (၂၇) ရက်မှာ တီးတိန်မြို့ ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းဖြစ်တဲ့ EPCလျှပ်စစ်ရုံးစခန်း နဲ့ တာဝါတိုင်ကုန်းစခန်းနှစ်ခုကို မနက် (၄) နာရီမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့ပြီး မနက် (၇) နာရီမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ "အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သေဆုံးပြီး (၉)ဦး လက်ရဖမ်းဆီးမိကာ လက်နက်ကြီးလက်နက်ငယ် (၁၇) လက် သိမ်းဆည်းနိုင်ခဲ့တယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
၄။ မြဝတီတောင်ဘက် စုကလိစစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
ဇွန် ၁၈ ၊ DVB
ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်မှာ တည်ရှိနေတဲ့ စုကလိစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၆)က ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ဇွန် ၁၈ ရက် ဒီနေ့မနက် အပြီးပိုင် သိမ်းပိုက်ရရှိခဲ့တယ် လို့ KNLA စစ်ဦးစီးတပ်ဖွဲ့ဝင်က ပြောပါတယ်။ အဆိုပါ စစ်ကောင်စီတပ်စခန်းကို လွန်ခဲ့တဲ့ ၇ ရက်လောက်ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ရာနဲ့ချီပြီး စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာပါ။ ဇွန် ၁၆ ရက်နဲ့ ၁၇ ရက် ၂ ရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေ ခံစစ်အားနည်းမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် ဇွန် ၁၇ ရက် ည ၉ နာရီလောက်မှာ စုကလိစခန်းကနေ အပြီးပိုင် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ စုကလိစခန်းကိုတော့ KNLA တပ်တွေက စခန်းရှင်းလင်း ဆောင်ရွက်ခဲ့ရာမှာ စခန်းတွင်း ကျန်ရှိနေတဲ့ လက်နက်ငယ် တချို့ နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိပါတယ်။ စခန်းမှထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တပ်သားတွေကိုလည်း လမ်းခရီးမှာ KNLA တပ်ဖွဲ့တွေက ဝိုင်းထားပြီး လက်နက်ချကြဖို့နဲ့ KNLA ဘက်က တိုက်တွန်းထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၅။ တောင်ကုတ်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦးသေဆုံး
ဇွန် ၁၈ ၊ BBC
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ပတင်းတိုက်နယ်ထဲက ကံဆိပ်ကျေးရွာထဲကို ဒီနေ့ ဇွန် ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီ တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။လေယာဉ်ကနေ ကြဲလိုက်တဲ့ဗုံးက ဒေသခံနေအိမ်ခြံဝင်းထဲအထိ ကျရောက်ပေါက်ကွဲခဲ့တာလို့ မြေပြင်အခြေအနေသိတဲ့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ “ဆယ်ကျော်အသက်အရွယ် မိန်းကလေး ၂ ယောက် သေသွားတာ။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်တုန်းကလည်း တောင်ကုတ်မြို့အနီး မီးချောင်းထိုး၊ မောင်းကန်နဲ့ ကင်းတောင်ရွာတွေဘက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာတွေရှိတယ်လို့ မြေပြင်အခြေအနေသိတဲ့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။ဇွန် ၁၅ ရက်မှာပဲ အာရက္ခတပ်တော်(အရင်က ရက္ခိုင့် တပ်တော် - အေအေ)နဲ့ စစ်ကောင်စီတပ်တွေကြား ဒုံနဲ့ တိန်ချောင်းတိန်ချောင်းကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၆။ ရွှေကျင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ
ဇွန် ၁၈ ၊ RFA
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ထမင်းရုံနဲ့ ကဇင်းပင်ရွာမှာ ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီရွာနှစ်ရွာကို ညောင်လေးပင်းမြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင် စီတပ် ခြေလျင်တပ်ရင်း ခလရ - ၂၆၄ နဲ့ ရွှေကျင်ဗျူဟာကနေ ၁၂၀ မမနဲ့ ၁၅၅ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ထမင်းရုံရွာက အသက် ၃၄ နှစ်အရွယ် နော်သူဇာခိုင်နဲ့ ကဇင်းပင်ရွာက အသက် ၄၉ နှစ် အရွယ် ဦးဘိုရဲတို့ သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ စစ်ကောင်စီတပ်က ရွှေကျင်နဲ့ ညောင်လေးပင်မြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေထဲကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကျင်မြို့နယ်၊ အင်းဗလာရွာ ကဒေသခံတစ်ဦးကတော့ ဇွန်လ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးကျည် က စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းယာယီ ပိတ်လိုက်ရတယ်လို့ RFA ကို ပြောပါတယ်။
၇။ PDF ထောက်ပံ့မှုစွပ်စွဲချက်နဲ့ ကျိုက်ထိုမှာ လူရှစ်ဦး ဖမ်းဆီးခံရ
ဇွန် ၁၈ ၊ RFA
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူမှုကူညီရေးအသင်းအဖွဲ့ဝင် လေးဦး အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဇွန်လ ၁၈ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာ ကော့စံနိုင် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြအောင်နဲ့ မချစ်စုရတနာတို့ သားအဖနှစ်ဦးနဲ့ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ စုစုပေါင်း လေးဦး ဖမ်းဆီးခံရတာပါ။ ဇွန်လ ၁၄ ရက်နေ့မှာတော့ ကျိုက်ထိုမြို့က နောက်ထပ် အမျိုးသားလေးဦး ထပ်မံဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူအားလုံးကို ကျိုက်ထိုရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ “အဆက်အသွယ်လည်း မရဘူး။ ဘာပစ္စည်းပေးပေးလည်း လက်မခံဘူး။ မိသားစုနဲ့ အဆက်အသွယ် ဘယ်သူမှ မရကြဘူး။ အိမ်မှာရှိတဲ့ ဖုန်းတွေလည်း အကုန်သိမ်းသွားတာ”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၈။ ရေဦးတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ဖခင်သေဆုံးပြီး သမီးဒဏ်ရာရ
ဇွန် ၁၈ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ဖခင်သေဆုံး ပြီး သမီးဖြစ်သူ ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဇွန်လ ၁၇ ရက်၊ ည ကိုးနာရီခွဲဝန်းကျင်က ရေဦးမြို့၊ တိုင်းရင်းဆေးရုံ အခြေ စိုက်စစ်တပ်က ၁၂၀ (မမ) လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ရာ ရေဦးမြို့နယ်မြောက်ဘက်ခြမ်း၊ ဖိန်းကားရွာအနီးရှိ ဆန်စက် အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
"ရေဦးတောင်ဘက်ခြမ်းကနေ ဆန်စက်ကို အလုပ်လာလုပ်တာ။ အလုပ်သမားတန်းလျားထဲမှာ အိပ်နေတဲ့နေရာကိုကျတာ။ သားအဖနှစ်ယောက်ထိတာ။ အဖေက ဆေးရုံသွားပို့တဲ့လမ်းမှာတင် ဆုံးသွားတာ။ သမီးကတော့ ခါးထိတာ" ဟု ၎င်းက MPA သို့ ပြောသည်။ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည့်အမျိုးသားမှာ အသက် ၃၈နှစ်အရွယ်ဖြစ်ပြီး အသက် ၁၉ နှစ် အရွယ်ရှိ သမီးဖြစ်သူမှာ မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း သိရသည်။ ရေဦးမြို့၊ တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီတပ်သည် PDF ထိန်းချုပ်ရာနယ်မြေများသို့ လက်နက်ကြီးဖြင့် အမြဲမပြတ် ပစ်ခတ်လျက်ရှိသည်။
Comments