နေ့စဉ်သတင်းစုစည်းမှု
01-June-2024
တိုက်ပွဲသတင်း
၁။ ငဖဲတွင် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ ၁ ဦးသေပြီး သေနတ်နှင့် ခဲယမ်းများ သိမ်းဆည်းမိ
ဇွန် ၁ ၊ DVB
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ မေ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-အရှို ကနေ သိရပါတယ်။ငဖဲမြို့နယ်၊ ရှောက်တောင် ကျေးရွာနားက စစ်ကောင်စီရဲ့ ကပစ ၁၄ ဂိတ်စခန်းကို မေ ၃၀ ရက် မနက် ၇ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ လို့ CDF-အရှိုရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား တယောက် ပွဲချင်းပြီးသေဆုံးပြီး MA 1 သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂိတ်က စစ်ကောင်စီတပ်သားတွေဟာ တောင်ပေါ်အုပ်စုကျေးရွာတွေကို စျေးဝယ်ယူခွင့် ကန့်သတ်တာတွေ၊ ဂိတ်ဖြတ်သန်းတဲ့ အချိန်မှာလည်း အကြောင်းမဲ့ ငွေကြေးကောက်ခံတာတွေနဲ့ ပြည်သူလူထုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာတွေကြောင့် တိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
၂။ မင်းကင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်ကင်းပုန်းစစ်သားများကို တိုက်ခိုက်မှု ၁၅ ဦးသေဆုံး
ဇွန် ၁ ၊ D Day News
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းစစ်သားများကို တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မေလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်က မင်းကင်းမြို့နယ်၊ သင်တောကျေးရွာနှင့် ကျောက်ခဲတက် (ပျူရွာ)ကြား ဘီးလုံးဇရပ်အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်ကို Fix Win Drone ၃ စီးဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကာ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများမှာ ကျောက်ခဲတက်ပျူရွာ ထဲသို့ ပြေးဝင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်စစ်ရေးတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့) တပ်ခွဲ ၂ ၊ ကလေး ခရိုင် တပ်ရင်း ၁၁ နှင့် MinGin Local PDF Union အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ညနေ ၃ အချိန်ခန့်တွင် တော်လှန်ရေးအင်အားစုများမှ အထိခိုက် မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၂၉ ရက်နေ့က မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်၊ ပန်းဆက်၊ တောင်ဖြူရွာတို့မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၈၀ ခန့်သည် သင်တောကျေးရွာဘက်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ပြီး ညနေ၂ နာရီ ၄၅ အချိန် တွင် မိုးကောင်းကြီးတော တိုက်အတွင်း၌ တောင်ယာ လုပ်ကိုင်နေသော အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်း သိရသည်။ ထို့နောက် ညနေ ၃ နာရီခန့်တွင် ဘင်ဘုန်ကြီးကန် အရောက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ညနေ ၆ နာရီ ၄၅အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက စစ်ကြောင်နှစ်ကြောင်းခွဲကာ တောလမ်းအတိုင်း တစ်ကြောင်း၊ ကားလမ်းအတိုင်း တစ်ကြောင်း ဆုတ်ခွာသွားကြောင်း သိရသည်။ထို့သို့ ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းအနက် တောလမ်းအတိုင်း ဆုတ်ခွာသွားသည့် စစ်ကြောင်းမှာ မိုင်း ၁ လုံး၊ ကားလမ်းမှ စစ်ကြောင်းသည် မိုင်း ၂ လုံးကွဲ၍အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထပ်မံထိခိုက်သေဆုံးမှု ဒဏ်ရာရရှိမှု ရှိကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့ )တပ်ခွဲ (၂) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားသည်။
၃။ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှ စစ်တပ်စခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
ဇွန် ၁ ၊ D Day News
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်းခွဲရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။ ယမန်နေ့ မေလ ၃၁ ရက်နံနက် ၈ နာရီအချိန်မှ စ၍ ၁၁ နာရီအထိ ပခုက္ကူမြို့နယ်၊ ပခုက္ကူ. ကမ္မလမ်း ပိုင်းရှိ ညောင်ပင်လှ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းအတွင်းရှိ အကြမ်း ဖက်စစ်သား၊ ပျူများ ဘန်ကာ ဆောက်လုပ်နေချိန်တွင် ဒရုန်း ဖြင့် ဗုံးသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေ ဆုံးပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖနှင့် Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၄။ NMSP(AD)နှင့် ပတ်သက်မှုမရှိဟု မွန်ပြည်သစ်ပါတီထုတ်ပြန်
ဇွန် ၁ ၊ Mizzima
သီးသန့် ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP- AD နှင့် ဆက်စပ်ပတ်သက်မှု မရှိကြောင်း စစ်ကောင်စီနှင့် ပူးပေါင်းနေဆဲ မွန်ပြည်သစ်ပါတီ(ဗဟို)က ယမန်နေ့(မေလ ၃၁ ရက်)တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)ဗဟိုမှ ခေါင်းဆောင်အချို့သည် အဖွဲ့အစည်းမှ ခွဲထွက် ၍ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် လက်တွဲရန် တော်လှန်ရေးအတွင်းပါဝင်လာ၍ NMSP(AD)အဖြစ် ရပ်တည်ခဲ့သည်။
မွန်ပြည်သစ်ပါတီ(ဗဟို)အနေဖြင့် NMSP(AD)ကို ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးစားခဲ့သော်လည်း မတူညီသော နိုင်ငံရေး၊ စစ်ရေး အမြင်သဘောထားများကြောင့် ပြန်လည်ပေါင်းစည်းရေးမှာ အလားအလာ မှေးမှိန်လာရာ NMSP(AD) သည် ၎င်းတို့အဖွဲ့အစည်းနှင့် ဆက်စပ်ပတ်သက်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီ(ဗဟို)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ(ဗဟို)ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ရာ တစုံတရာပြန်ကြားချက် မရသေးပေ။
မွန်ပြည်သစ်ပါတီ(ဗဟို)၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NMSP(AD) ပြောခွင့်ရ နိုင်ဗညားမွန်က " ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ(AD)အနေနဲ့ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးရည်မှန်းချက်၊ ဒီနိုင်ငံရေးလုပ်ငန်းစဉ်ကို ဆက်လက်ပြီး အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်" ဟု မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် မွန်ပြည်သစ်ပါတီ(AD)သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (မွန်ပြည် သစ်ပါတီ) စသည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူထား ကြသည်။ အလားတူ NMSP(AD)သည် မွန်ပြည်နယ်အတွင်း အခြေစိုက်သည့် တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်း၍ မြေပြင်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။
၅။ ဗျိုင်းဖြူရွာမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် ALPပါတီ ပါဝင်ပတ်သတ်မှုရှိကြောင်း ဒေသခံများပြော၊ ALP ပါတီ ငြင်း
ဇွန် ၁ ၊ Mizzima
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံများ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ALPပါတီမှ ပါဝင်ပတ်သက်မှုရှိနေကြောင်း ဒေသခံများမှ ပြောဆိုသော်လည်း ALPပါတီက ငြင်းဆိုထားသည်။
ALPပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခိုင်သူရိန်က "အဲ့ဒါကတော့ လုံးဝမှန်ကန်မှု မရှိပါဘူး။ ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ၊ ကျတော်တို့ စစ်တွေမှာ ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဗျိုင်းဖြူရွာ ကိစ္စမှာတော့ လုံးဝကို ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ နောက်တစ်ခုက ရခိုင်ပြည်သူ အကျိုးစီးပွားကို ထိခိုက်စေမဲ့ လုပ်ရပ် ကျတော်တို့ အဖွဲ့အစည်းက ဘယ်တော့မှ မလုပ်ပါဘူး။ ကူညီဆောင်ရွက်ပေးနေတာပဲ ရှိတယ်။ ဘယ်ပြည်သူလူထုကိုမှ ဖိနှိပ်တာ၊ ဒုက္ခပေးတာမျိုး ဘာတစ်ခုမှ မရှိ ပါဘူး။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို လိုက်ဖြေရှင်းနေရင်လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေ နှောင့်နှေးတယ်"ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALPတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ ဝင်ရောက် လာပြီး ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှု ရှိမရှိမေးမြန်းစစ်ဆေးကာ သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးအပြင် ကလေးငယ်များကိုပါ ဖမ်းဆီးကာ ကျေးရွာအတွင်းရှိ သင်္ချိုင်းတွင် ကြိုးဖြင့် ချည်နှောင်ထားခဲ့ကြောင်း ဗျိုင်းဖြူရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မျက်မြင်တွေခဲ့ရသော စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။ "အခြေအနေကတော့ တော်တော်ကြီးကို ဆိုးဆိုး ရွားရွားကို ဖြစ်နေတာ၊ ရွာကို ဝင်ပြီး AAနဲ့ အဆက်အသွယ်ရှိလားလို့ မေးပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ရှာတယ်။ ယောင်္ကျားရော မိန်းမရော ကလေးရော အကုန်လုံးကို ဖမ်းပြီး ရွာသင်္ချိုင်းမှာ ကြိုးချည်ပြီး မေးတာ၊ ဘယ်သူမှ မရှိဘူး ပြောတော့ နမူနာ အဖြစ်ဆိုပြီး ပစ်သတ်တာ၊ တချို့ဆို တစ်မိသားစုတည်းကို နှစ်ယောက် သုံးယောက်လောက်ကို သေသွား တယ်။ ၂၉ ရက်နေ့ကဆို ပွဲချင်းပြီး သေတာ ၁၁ ယောက်၊ ၃၀ ရက်နေ့က ၄ ယောက်တော့ သေတယ်။ ဒဏ်ရာရတဲ့ သူတွေ ဆိုလည်း ဆယ်နဲ့ချီပြီးရှိတယ်၊။ အမျိုးသမီးနဲ့ ကလေးတွေကိုတော့ ပြန်လွှတ်ပေးတယ်။ ရွာကိုတော့ အဝင်အထွက် ပိတ်ထားတယ်" ဟု ၎င်းက ပြောသည်။ ထို့အပြင် စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ဗျိုင်းဖြူရွာ၏ အဝင်အထွက်များ အား ပိတ်ထားသော်လည်း မေ ၃၁ ရက်က ပြန်လည် ဖွင့်ပေးသဖြင့် ယင်းဒေသခံများမှာ ဝင်္ကဘာကွင်းဟုခေါ်သော ဘုရားကြီးကွင်းတွင် တဲများဖြင့် နေထိုင်ရကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ
ဇွန် ၁ ၊ RFA
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်ကို ဇွန်လ ၁ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် ကလေးတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို လေကြောင်းနဲ့ ဗုံးငါးလုံးခန့် ကြဲခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ကျော်လွင် နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲကို နှစ်ကြိမ် လာရောက်ပစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ တွေထဲကတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “နှစ်ခါပတ်ပြီး ကြဲချတာ ရွာထဲကို ဗုံးငါးလုံး၊ ခြောက်လုံးလောက်ကျတယ်။ ကလေးတစ်ယောက်ကတော့ နေရာမှာတင် ဆုံးသွားတယ်။ သေသွားတဲ့ ကလေးရဲ့ အမေရော၊ နောက်ထပ်အမျိုးသမီးနှစ်ဦးရော ထိခိုက် ဒဏ်ရာထားတယ်။ တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ သိရတယ်”။ အသက် ၄၀ ကျော်အရွယ် ဒေါ်မဲမ၊ အသက် ၁၄ နှစ်အရွယ် မစုမြတ်ဦးနဲ့ အသက် ၂၀ အရွယ် မအေးအေးဖြူတို့ ဒဏ်ရာရခဲ့ပြီး မအေးအေးဖြူကတော့ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာပဲ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာကိုပါ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ ကနေ ၈၀ အရွယ်အကြားရှိတဲ့ ကိုဦးသန်းမောင်၊ ဦးကျော်ဇံသာနဲ့ ဦးဦးလှအောင်တို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၇။ ရေဦးတွင် အပူဒဏ်ကြောင့် အိမ်ပြင်ထွက်ထိုင်နေသော အမျိုးသမီး စစ်ကောင်စီ လက်နက်ကြီးထိမှန် သေဆုံး
ဇွန် ၁ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နှင့်သုံးမိုင်ခန့်အကွာရှိ နှောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၃၁ ရက်နေ့ ည ၈ နာရီခန့်က ရေဦးမြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ရာတွင် နှောကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “အိမ်ထဲမှာ ပူအိုက်နေလို့ အပြင်ထွက်ထိုင်နေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာပါ။ လက်နက် ကြီးအစက ဦးခေါင်းကိုဖောက်ဝင်ပြီး နေရာတင်သေဆုံးခဲ့တာ ဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည် မဖော်လိုသော ဒေသခံ တဦးက ဆိုသည်။ စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး နှောကုန်းကျေးရွာနေ ဒေါ်ကြည်စိန်(၅၀ နှစ်) ဆို သူသေဆုံးခဲ့ပြီး ယနေ့ (ဇွန်လ ၁ ရက်) နံနက်ပိုင်းက မီးသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“၁၂၀ မမနဲ့ လှမ်းပစ်တာဆိုတော့ သုံးမိုင်ကျော်လောက်ထိ ရောက်တာပေါ့။ နှောကုန်းရွာက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ အကြိမ် ၅၀ လောက်ရှိပါပြီ။ လူသေဆုံးမှုကတော့ ပထမဆုံးပေါ့” ဟု ဒေသခံတဦးက ပြောသည်။
၈။ ကျွန်းစုတွင် ဒေသခံ ၈ ဦးကို ရေတပ်က ဖမ်းဆီး
ဇွန် ၁ ၊ DVB
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာက ဒေသခံ ရေလုပ်သား ၈ ဦးကို စစ်ကောင်စီ ရေတပ်သင်္ဘော တစီးကနေ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ရွာရဲ့ ပင်လယ်ပြင်မှာ မေ ၂၉ ရက်က စက်လှေ ၃ စီးနဲ့အတူ ရေလုပ်သား ၈ ဦးတို့ကို စစ်ကောင်စီရေတပ်သားတွေကနေ စပိဘုတ် နဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပြီး သူတို့ကို စစ်သင်္ဘာပေါ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောပါတယ်။
ဒေသခံတဦးက “မဲတောရွာက လှေသုံးစီးပဲ ဖမ်းခံရတာပါ။ တခြားရွာက လှေတွေကိုလည်း သူတို့အနောက်က လိုက်လာဖို့ ပြောတယ်။ အဲဒါ မလိုက်လာဘဲ သူတို့ရွာတွေဘက်ကို ပြန်မောင်းပြေးသွားတာပါ။ သင်္ဘောပေါ်ရောက်တော့ သူတို့ လိုက်လာခိုင်းတဲ့ တခြားလှေတွေ မလိုက်လာတော့ သတ်ပစ်မယ် ဘာညာဆိုပြီး ပြောသေးတယ်” လို့ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အချိန်မှာ စက်လှေ ၃ စီးထဲက လူတယောက်စီကို စပိဘုတ်နဲ့ တင်ဆောင်သွားပြီး ကျန်တဲ့လူတွေကို စက်လှေတွေနဲ့ အနောက်က လိုက်လာခိုင်းခဲ့တာ ဖြစ်ကြောင်းဒေသခံတဦးက ပြောပါတယ်။
၉။ စစ်တွေ ဗျိုင်းဖြူရွာမှ အရပ်သား ၄၀ ကျော်ကို စစ်တပ်နှင့် ALP ပူးပေါင်းတပ်က ပစ်သတ်
ဇွန် ၁ ၊ Myanmar Now
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၊ ဗျိုင်းဖြူရွာဟုခေါ်သော ဆတ်ရိုးကျရပ်ကွက်မှ အမျိုးသား ၄၀ ကျော်ကို ယမန်နေ့ (မေလ ၃၁) နံနက်ပိုင်းက စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ထို့ပြင် ရွာသားအားလုံးကို ရွာမှ နှင်ထုတ်ပြီး အမျိုးသမီးငယ်တချို့ကိုလည်း မုဒိမ်းကျင့်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ ထိုဖြစ်စဥ်မှာ မေ ၂၉ တွင် အစပြုခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏လက်ကိုင်တုတ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များသည် သေနတ်ပစ်ဖောက်ကာ ရွာထဲသို့ ဝင်လာကြသည်။ထို့နောက် ရွာသားများကို မင်းဒရားချိုက်ရပ်ကွက် ပညာရောင်ခြည် ဘုန်းကြီးကျောင်းအနီးတွင် စုဝေးခိုင်းကာ အသက် ၁၅ နှစ်မှ ၇၀ အရွယ် အမျိုးသားများကို အင်္ကျီချွတ်ခိုင်းပြီး ထိုအင်္ကျီဖြင့် မျက်နှာကို ချုပ်၊ လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ပြီး နေပူခံခိုင်းထားသည်ဟု ယုံကြည်ရသည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ အလားတူ အမျိုးသမီးနှင့် ကလေးသူငယ် ၇၀၀ ခန့်ကိုလည်း ရေနှင့် အစားအစာမပေးဟု ဆိုသည်။ ထိုနေ့ညနေ ၇ နာရီခန့်တွင် အမျိုးသားများကို ရွာအရှေ့ဘက် ရေကန်အနီးသို့ ခေါ်ကာ မေ ၃၁၊ နံနက် ၄ နာရီခန့် တွင် လူသတ်ပွဲဆင်နွှဲခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများအပါအဝင် လူ ၄၀ ကျော် သေဆုံးသွားပြီး အလောင်းများကို မီးရှို့ခဲ့ ကြောင်း ၎င်းက ဆိုသည်။ မိန်းကလေးသုံးဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မသင်္ကာဟုဆိုကာ ဖမ်းခေါ်ပြီး မုဒိမ်း ကျင့်၊ နှစ်ဦးကို သတ်ဖြတ်ပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသခံများက ဆိုသည်။
Comments