top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်

နေ့စဉ်သတင်းစုစည်းမှု

21-June-2024

တိုက်ပွဲသတင်း

 

၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ တွဲကားယာဥ်တန်းကိုတိုက်ခိုက်၊ ရန်သူတပ်သား ၄ ဦး သေဆုံး

 

ဇွန် ၂၁ ၊ PVTV

 

မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တွဲကားတန်းကို ဇွန် ၂၀ ရက် မနက် ၁၀ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ခင်မွန်ဘက်စုံခြံ အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Area 71 PDF Monywaက ထုတ်ပြန်လိုက်ပါတယ်။

စစ်လက်နက်၊ ရိက္ခာတွေ သယ်ဆောင်လာတဲ့ တွဲကားတန်းကို လက်နက်ငယ်တွေနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့်ကျည်ထိမှန်ပြီး ထိုးရပ်သွားတဲ့ ရိက္ခာအပြည့်ပါ ကားတစ်စီးကိုလည်း ရှေ့ခေါင်းပိုင်း အတွင်းကို လက်ပစ်ဗုံးတွေပါ ပစ်သွင်း တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရာမှာတင် (Transporter )တွဲကား၃စီး သုံးမရ‌အောင် ပျက်စီးသွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသွားခဲ့ပြီး ညီနောင်မဟာမိတ် အဖွဲ့အစည်းအသီးသီးက ရဲဘော်တွေအားလုံး အထိအခိုက် အပွန်းအပဲ့မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywaနဲ့အတူ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု - NPRF၊ Chindwin Land Defence Force၊ ONE Local People Defence Myingyan၊ MGN Tiger၊ Black Hero Local PDF၊ Myingyan Danger Dynamite People Defence စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အတူပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂။ ကျိုက်ထိုတွင် တိုက်ပွဲဖြစ်၊ PDF ၂ ဦးကျဆုံး

 

ဇွန် ၂၁ ၊ Mizzima

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအကြား တိုက်ပွဲဖြစ်ပွား၍ PDF နှစ်ဦး ကျဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ (ဇွန်လ ၂၀ ရက်)နေ့လယ် ၁၂ နာရီအချိန်တွင် ပိန္နဲကုန်း ရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့မှုဖြစ်ပွားရာမှ မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းဟု သိရသည်။ အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်၊ အကျ အဆုံးရှိသော်လည်း အသေးစိတ် မသိရသေးကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဘက်တွင် ရဲဘော် နှစ်ဦး ကျဆုံး၍ တဦး ဒဏ်ရာရခဲ့ပြီး လက်နက်၊ ခဲ၊ ယမ်းအချို့ ဆုံးရှုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦး​၏ ပြောကြားချက်အရ သိရသည်။" ရဲ CDM တဦးရယ် ကျေးနယ်အဖွဲ့က ကောင်လေးတယောက်ရယ်၊ နောက်တယောက်ရယ် ကျသွားတယ်။ နောက်ကောင်လေးတယောက်ကတော့ ဒဏ်ရာရထားတယ်၊ ဆေးကုသမှု ခံယူနေပါပြီဗျ" ဟု အခြားသတင်းရင်းမြစ် တဦး က ပြောသည်။ စစ်ကောင်စီသည် အင်အား ၁၅၀ ကျော်ဖြင့် ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာဘက်မှတဆင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း စစ်ကြောင်းထိုးလာချိန်တွင် ပိန္နဲကုန်းကျေးရွာအနီး၌ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

၃။ ဖြူးမြို့နယ်၊ ကျွဲနယ်ကုတ်ကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ

 

ဇွန် ၂၁ ၊ D Day News

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကျွဲနွယ်ကုတ်ကျေးရွာရှိအကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်ထံ က သိရသည်။ ယမန်နေ့ ဇွန်လ ၂၀ ရက် ည ၁၁ နာရီခန့်က ဖြူးမြို့နယ်၊ ကျွဲနွယ်ကုတ်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံးပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိသည်။ ထိုသို့ အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားသဖြင့် သိမ်းပိုက်ရရှိသည့်စခန်းကို နယ်မြေရှင်းလင်းစဉ် ခြောက်လုံးပြူး သေနတ် ၁ လက်၊ အူဇူ သေနတ် ၁ လက်၊ G3 ကျည်ဘောက် ၄ ခု၊ G3 ကျည် ၁၉၈ တောင့်၊ အူဇီ ကျည်ဘောက် ၄ ခု၊ MA 1 ကျည် အတောင့် ၂ဝ ၊ 38 ကျည် ၁၆ တောင့်၊ 9mm ကျည် အတောင့် ၆၀ တို့ကို သိမ်းဆည်းရရှိခဲ့ကာ စခန်းကို အပြီးတိုင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO (ဖြူး ပကဖ) ၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ PDO (သာယာဝတီခရိုင် ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အာဠာဝက စစ်ကြောင်းနှင့် KNLA ပူးပေါင်း မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ ကြောင်း သိရသည်။

 

၄။ ရေဖြူမြို့နယ်၊ မျောက်ချောရွာအအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၃၀ ဦးထက်မနည်း သေဆုံး၊ စစ်တပ်က ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ်အလုံး ၃၀ ခန့် ပျက်စီး

 

ဇွန် ၂၁ ၊ D Day News

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ်သား ၃၀ ဦးထက် မနည်းသေဆုံးပြီး အကြမ်းဖက်စစ်တပ်က မျောက်ချောကျေးရွာကို လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲပစ်ခတ်မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၃၀ ခန့်ပျက်စီးခဲ့ကြောင်း Mon State Revolution Force – MSRF ထံမှ သိရသည်။

ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခန့်က ရေး - ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာ အုပ်စု၊ မျောက်ချေကျေးရွာဘက်သို့ အင်အား ၁၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို မျောက်ချောကျေးရွာအနီး ကွမ်းသီးခံများအတွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယင်းတိုက်ပွဲသည် ညနေ ၃ နာရီ ခန့်အထိကြာမြင့်ခဲ့ပြီး MSRF မှ ရဲဘော် ၂ ဦး၊ ABSDF မှ ရဲဘော် ၁ ဦး၊ KBDF မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် အထိနာသောအကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူယူကာ အင်အား ထပ်မံ တိုးပြီး ဆက်လက်ချီတက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း၊ အကြမ်းဖက် စစ်သားများသည် မျောက်ချောကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ပြည်သူ့နေအိမ် ၃၀ ကို မီးရှို့ဖျက်ဆီးကာ တပ်စွဲထား ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်စစ်သားများကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ဒေါနစစ်ကြောင်း၊ ABSDF၊ KBDF ၊ YGF၊ ရေးသိမ်းငှက် ၊ Air Force - YAF ၊ NMSP -AD အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

၅။ ဆိပ်ဖြူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

 

ဇွန် ၂၁ ၊ D Day News

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - NSP ထံမှ သိရသည်။ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီခန့်က ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ယာဉ်တန်းကို လုံခြုံရေးယူပေး ရန် ထမ္မကောက်ကျေးရွာအထိုင်စခန်းမှ အကြမ်းဖက်စစ်တပ် ရှေ့ကင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် ညနေပိုင်းတွင် ဆိပ်ဖြူမြို့ပေါ်မှ ကပစ ၂၂ သို့ ထွက်လာသော ရိက္ခာတင် အကြမ်းဖက်စစ် ကား ၃ စီးကို ဆယ်မိုင် လမ်းဆုံ အကြမ်းဖက်စစ်တပ် ဂိတ်အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး ပွဲချင်းပြီးသေဆုံးပြီး နေရာမှာပင် မြေမြှုပ် သင်္ဂြိုလ်ပစ်ခဲ့ ကြောင်း၊ နေပြည်တော်ဆေးရုံသို့ သယ်ဆောင်သွားသည့်စစ်သားများအနက် ၃ ဦး ထက်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) နှင့် ပခုက္ကူ ခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

 

၆။ ဝိုင်းမော်မြို့တွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံတစ်ဦး လက်နက်ကြီးထိပြီး သေဆုံး

 

ဇွန် ၂၁ ၊ Myanmar Now 

 

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှု ကြောင့် ယမန်နေ့ (ဇွန် ၂၁) ညပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားသည်။ ဝိုင်းမော်နှင့် ကပ်လျက်တည်ရှိသည့် မြစ်ကြီးနားမြို့ပေါ်မှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ နမ့်ဝါရွာအနီးရှိ ရာဘာတောထဲသို့ ကျရောက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ရင်ဘတ်တွင် လက်နက်ကြီးစထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက် ၄၀ အရွယ် ကိုကရင်ကြီး (ခ) ကျော်ဆန်းလွင်ဖြစ်ပြီး ယနေ့နံနက်တွင် ၎င်း၏ အမျိုးသမီးက ဝါရှောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် သက်ပျောက်ဆွမ်း လာရောက်ကပ်ခဲ့ကြောင်း ဝါရှောင်ဆရာတော် ဦးဝိဇိယက မိန့်သည်။

ကိုကျော်ဆန်းလွင်တွင် ဇနီးနှင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

 

၇။ တီးတိန်၊ သိုင်းငင်းစခန်းကို စစ်တပ် ပြန်သိမ်း

 

ဇွန် ၂၁ ၊ Myanmar Pressphoto Agency

 

ချင်းပြည်နယ်၊ တီးတိန်နှင့် ကလေးမြို့ကြားက ချင်းတော်လှန်ရေးတပ် သိမ်းထားသည့် သိုင်းငင်းစခန်းကို စစ်ကောင်စီတပ် က ဇွန်လ ၂၀ ရက်တွင် ပြန်လည် သိမ်းယူခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၆ ရက်က တီးတိန်မြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဇွန်လ ၂၀ ရက်တွင် တီးတိန်မြို့နယ်၊သိုင်းငင်းစခန်းကို သိမ်းယူထားသည့် CDF CDM Siyin နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အင်အားမမျှသောကြောင့် CDF CDM Siyin တပ်ဖွဲ့က စခန်းမှ ဆုတ်ခွာခဲ့ရကြောင်း CDF CDM Siyin တပ်ဖွဲ့ထံကပြောသည်။ "ကျတော်တို့ဘက်က သိုင်းငင်းစခန်းကို သိမ်းကတည်းက တပ်စခန်းတွေ၊ ဘန်ကာတွေ အကုန်ဖျက်ဆီးထားပြီးသားမို့ စကစဘက်က စခန်းချဖို့ခက်လိမ့်မယ်။ သူတို့ကတော့ ရောက်တာနဲ့ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ ပြန်ဆောက်လေ့ရှိလို့ စခန်းတော့ မကြာခင် ပြန်လုပ်မယ် ထင်တယ်" ဟု ချင်းတော်လှန်ရေးတပ်သားတစ်ဦး က MPA သို့ ပြောသည်။ ယင်းစစ်တပ်သည် ယနေ့ (ဇွန်လ ၂၁ ရက်) တွင် သိုင်းငင်းရွာထဲသို့ ဝင်မွှေလျက်ရှိပြီး သိုင်းငင်းနှင့် အနီးတစ်ဝိုက်ရှိ ဆိုဇန်၊ အာလွယ်၊ သိုင်းငင်း၊ ဟိန်ဇိန်၊ ဆွလိမ် စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။အဆိုပါစစ်‌ကြောင်းသည် ဇွန်လ ၁၇ ရက်တွင် ကနေဒီတောင်စခန်းကို သိမ်းပိုက်ယူ ထားသော PDF Zoland တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF Zoland က ပြန်လည်ဆုတ်ခွာခဲ့ခြင်းကြောင့် ကနေဒီ တောင်စခန်းကိုလည်း ဇွန်လ ၁၈ ရက်၌ စစ်ကောင်စီတပ်က ပြန်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

၈။ ထားဝယ်ရေနက်ဆိပ်ကမ်းကိုလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၈ ဦးသေ

 

ဇွန် ၂၁ ၊ DVB

 

တနင်္သာရီတိုင်းမှာလည်း ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး အများ အပြား ဒဏ်ရာရတာကြောင့် မသန်စွမ်းအမျိုးသားတဦးကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဗထူး တပ်မတော်က ပြောပါတယ်။ ရေဖြူမြို့နယ်ကနေ ထားဝယ်ရေနက်ဆိပ်ကမ်း (နဘုလယ်ရေနက်ဆိပ်ကမ်း) ကို ဝင်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ ခြေလျင်စစ်ကြောင်းကို ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီက ရေဖြူမြို့နယ် မူဒူးကျေးရွာအနီးမှာ ဗထူးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ဗထူးတပ်မတော်ဘက်က ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၉။ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူပြီး ဒေသခံပြည်သူ ၅ ဦး ဒဏ်ရာရ

 

ဇွန် ၂၁ ၊ PVTV

 

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဇွန် ၁၉ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော် ၃၉ နှစ်မှာ ပျံလွန်တော်မူခဲ့ပြီး ဒေသခံပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှု မရရှိသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇွန် ၁၉ ရက်နေ့မှာပင် နမ့်ဖါမူကျေးရွာနေ ပြည်သူ တစ်ဦးမှာ လယ်ကွင်းကို သွားနေချိန်မှာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ မိုးဦးကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ ၆ကြိမ် ပစ်ခတ်တာကြောင့် မူလတန်းကျောင်းသား တစ်ဦးနဲ့ မူလတန်းကျောင်းသူ တစ်ဦးကို ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

၁၀။ မတ္တရာအနောက်ခြမ်းတွင် စစ်ကြောင်းနှင့်တိုးသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦး အသတ်ခံရ

 

ဇွန် ၂၁ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တည့်တည့်တိုးသည့် စစ်ဘေးရှောင်ပြည်သူ တစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။ ဇွန်လ ၂၀ ရက် နေ့ခင်းက မတ္တရာမြို့နယ်၊ ‌ရွှေဘိုးကြီးရွာမှ စစ်ဘေးရှောင်ပြည်သူ တစ်ဦးသည် ဈေးဝယ်ရန် သွားစဥ် မရိုးကုန်းရွာအရောက် စစ်ကောင်စီစစ်ကြောင်းနှင့် တိုးကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မတ္တရာမြို့နယ်အနောက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောသည်။ "စစ်ရှောင်နေရတော့ စားဖို့ဘာညာ ဈေးသွား ဝယ်တာမှာ စစ်ကြောင်း ကင်းပတ်တာနဲ့တိုးတာ။ စစ်ကြောင်းက ရွာတွေဖြန့်ပြီး ထိုင်ထားတာ။ မရိုးကုန်းရွာထဲ ကင်းပတ် နေတဲ့အချိန် တိုးသွားတယ် " ဟု ၎င်းက MPA သို့ ပြောသည်။ သတ်ဖြတ်ခံရသူမှာ အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသားဖြစ်ပြီး ယနေ့ ( ဇွန်လ ၂၁ ရက် ) ညနေပိုင်း အထိ အလောင်းပြန်မရသေးကြောင်း သိရသည်။"အလောင်းကိုပြန်မရတာ။ မနေ့က ရော ဒီရက်ပိုင်းရော လက်နက်ကြီး‌တွေနဲ့လည်း တောက်လျှောက်ထု ၊ ဒရုန်းနဲ့ ‌ဗုံးသီးချတာတွေလည်း လုပ်တယ်။ ပြည်သူတွေတော့ အထိအခိုက်မရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။

 

၁၁။ အမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

 

ဇွန် ၂၁ ၊ RFA

 

ရခိုင်ပြည်နယ် အမ်းမြို့နယ် သဲကမ်းထောင်းရွာကို ဇွန် ၂၀ ရက်မှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးနှစ်အရွယ် ကလေးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အသက်လေးနှစ်အရွယ် မောင်နေမိုးထက်၊ ၁၇ နှစ်အရွယ် မမေဇင်အေး၊ ၂၅ နှစ်အရွယ် ကိုသန်းဝင်းနိုင်တို့ မောင်နှမသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ ဦးမောင်ဘုနဲ့ ဒေါ်မယဥ်အေးတို့နှစ်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။“မနေ့ ၁၁ နာရီလောက်မှာ ရွာထဲကိုဗုံးလာကြဲတာ။ ရွာထဲကို ဗုံးနှစ်လုံးချတယ်။ နေအိမ်မှာနေတဲ့ မောင်နှမ သုံးယောက်သေတယ်။ နောက်ထပ်နှစ်ယောက်လည်း ဒဏ်ရာရတယ်။ ပြီးရင် ကဇုကိုင်းရွာနဲ့ ဆင်ဦးတိုက်ရွာကိုလည်း ဂျက်လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲခဲ့တယ်။ အဲဒီမှာလည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားတာရှိတယ်”

တိုက်ပွဲဖြစ်တာမရှိဘဲ ဘာကြောင့် အခုလိုတိုက်ခိုက်မှုလုပ်လဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။



 

 

 

 

 

 

 

 

16 views0 comments

Comments


bottom of page