နေ့စဉ်သတင်းစုစည်းမှု
22-June-2024
တိုက်ပွဲသတင်း
၁။ သံတွဲတွင် စစ်ကောင်စီ၏ ခမရ ၅၆၆ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်
ဇွန် ၂၂ ၊ Ayeyarwaddy Times
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမရ-၅၆၆ ကို အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင်တိုက်ခိုက် နေပြီး တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း သိရသည်။ အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန် ၁၉ရက်နေ့မှစတင်၍ စစ်ကောင်စီ၏ ခမရ ၅၆၆ ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ တို့ဖြင့် ပြန်လည်ခုခံနေရ ကြောင်း သိရသည်။ "အမှတ် ၅၆၆ တပ်ရင်းကို တိုက်နေတာ ၁၉ ရက်နေ့ကတည်းကနေ ဒီနေ့မနက်အထိ တိုက်နေပါတယ်။ သံတွဲလေဆိပ်က တပ်စွဲထားတဲ့အဖွဲ့တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ လေယာဉ်နဲ့လည်း လာတိုက်ခိုက် တယ်။ နှစ်ဖက်အပြန်အလှန် ပစ်နေကြတယ်" ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ကလည်း သံတွဲလေဆိပ်၊ မောင်ရွှေလေးရေတပ်၊ ခလရ-၅၅ တပ်ရင်းတို့မှ လက်နက်ကြီးများအပြင် ဒရုန်းဗုံးများဖြင့်ပါ ကြဲချ တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဇွန် ၂၀ရက်နေ့ကလည်း ရွှေလှေရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်လာသူ ပြည်သူ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂။ သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်၊ ကနေဒီတောင်စခန်းကို ချင်းပြည်ကောင်စီထိန်းချုပ်
ဇွန် ၂၂ ၊ Mizzima
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး ကနေဒီတောင် စစ်တပ်စခန်းကို ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်ထား ကြောင်း People Defence Army တပ်ဖွဲ့မှ ယနေ့(ဇွန်လ ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ ၂၂ ရက်) နံနက်ပိုင်းမှစ၍ သိုင်းငင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF/ CDM- SIYIN)၊ People Defence Army ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အဆိုပါစခန်းပြန်လည်ရရှိသည်အထိ တိုက်ခိုက်သွားမည်ဟု ယင်းအဖွဲ့တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
“သိုင်းငင်းမှာတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ။ ကနေဒီတောင်စခန်းကတော့ ကျွန်တော်တို့ ချင်းလဲန်းကာကွယ်ရေး စုပေါင်းတပ်တွေက ပြန်သိမ်းလိုက်ပြီ။ သိုင်းငင်းစစ်တပ်စခန်းကို ပြန်ရတဲ့ထိ တိုက်ခိုက်မှာပါ။” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM- SIYIN) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
ယနေ့( ဇွန်လ ၂၂ ရက်)သိုင်းငင်းရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ လူနေအိမ်များအား မီးတင်ရှို့နေကြောင်း ဒေသခံများထံမှသိရသည်။
၃။ ဖားကန့်မြို့အနီးက တပ်စခန်း ၃ ခုကို KIA နဲ့ PDF ထိုးစစ်ဆင်
ဇွန် ၂၂ ၊ BBC
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး အင်းတော်ကြီး-ဝှေခါကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ဒီနေ့ ဇွန် ၂၂ ရက်မနက်ပိုင်းမှာ တပြိုင်တည်းထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ဘီဘီစီကို ပြောပါတယ်။ အင်းတော်ကြီးဒေသက စစ်ကောင်စီရဲ့ ဝှေလုံတပ်စခန်း၊ ညောင်ပင်စခန်း၊ ချောင်းဝစခန်းတွေကို KIA/PDF တပ်တွေက တိုက်ခိုက်နေတာလို့ သိရပါတယ်။
ဖားကန့်မှာရှိတဲ့ စစ်ကောင်စီ တပ်မကုန်းကနေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အင်းတော်ကြီးဒေသက ဖားကန့်မြို့နဲ့ ၁၅ မိုင်ဝန်းကျင် ကွာဝေးပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်-ဆဒုံး-ကံပိုင်တည်လမ်းတစ်လျှောက်က စစ်တပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်စခန်း ဆယ်နဲ့ချီကို သိမ်းပိုက်ခဲ့ပါတယ်။
၄။ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွား
ဇွန် ၂၂ ၊ D Day News
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ သဘက်ကျေးရွာအုပ်စု၊ နောင်စကာကျေးရွာအနီးတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက အင်းအား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာ သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက် ကြီးများရမ်းသန်းပစ်ခတ်ခြင်း ဒရုန်းများ ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။ အလားတူ သဘက်ချောင်းအနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း စစ်ကောင်စီက ဒုတိယ အ ကြိမ် လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီနှင့်စစ်ကောင် စီလက်အောက်ခံ PNO ပြည်သူ့စစ်များက လက်နက်ကြီးများဖြင့် တဖက်သတ် ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ခဲ့သည်။အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ဇွန်လ ၂၁ ရက်တွင် ရပ်ရွာများအား အစည်းအဝေးခေါ်ယူပြီး ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့် မပြုဟု ခြိမ်းခြောက် ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၅။ ဆန်ဈေးတင်ရောင်းသည်ဆိုကာ လုပ်ငန်းရှင်ကြီးများကို စစ်ကောင်စီ ဖမ်းထား
ဇွန် ၂၂ ၊ Myanmar Now
သတ်မှတ်ထားသည့် ဆန်စျေးထက် စျေးတင်ရောင်းသည်ဆိုကာ ဆန်စပါးလုပ်ငန်းရှင်ကြီးများနှင့် ဘုရင့်နောင်ကုန်စည်ဒိုင် ပွဲရုံပိုင်ရှင်တချို့ကို စစ်တပ်က ယမန်နေ့ (ဇွန် ၂၁) တွင် ဖမ်းဆီးစစ်ဆေးနေသည်။ စစ်ဆေးမေးမြန်းခံနေရသူများတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ဆန်ပွဲရုံလုပ်ငန်းရှင် တစ်ဒါဇင်ခန့် ပါဝင်ကြောင်း သိရသည်။ နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများအပြင် အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း စစ်တပ်အာဏာမသိမ်းမီနှစ်များနှင့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၃ ဆခန့် မြင့်တက်လာသည်။ ဖမ်းဆီးခံထားရသည့် ဆန်လုပ်ငန်းရှင်များကို နေပြည်တော်နှင့် ရန်ကုန်တို့တွင် နှစ်သုတ်ခွဲကာ စစ်ကြောမေးမြန်းနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
၆။ အီရန်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သွားရောက်
ဇွန် ၂၂ ၊ BBC
တီဟီရန်မြို့မှာ ကျင်းပမယ့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ကို တက်ရောက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အီရန်နိုင်ငံ ကို ထွက်ခွာသွားတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၄ ရက်နေ့မှာ စတင်ကျင်းပမဲ့ ၁၉ ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို အီရန်နိုင်ငံက အလှည့်ကျ သဘာပတိ အနေနဲ့ တာဝန်ယူထားတာဖြစ်ပါတယ်။ အာရှစီးပွားရေးထိပ်သီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေက အဆင့်မြင့်အရာရှိတွေအပြင် အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဖို့ ရှိနေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။ အေစီဒီ ဆွေးနွေးပွဲမှာ ဒစ်ဂျစ်တယ် နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို အဓိက ထားဆွေးနွေးကြမှာ ဖြစ်တယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ စစ်ကောင်စီ ဗုံးကြောင့် သံတွဲနယ်ခံ ၅ ဦး သေဆုံး
ဇွန် ၂၂ ၊ The Irrawaddy
ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်ရှိ ရွှေလှေ၊ နတ်ပြင်၊ ကျောင်းတိုက်ရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယခုရက်ပိုင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ အရပ်သား သေဆုံးဒဏ်ရာရမှုများ ရှိနေကြောင်း သိရသည်။ဇွန်လ ၂၁ ရက်ညနေက နတ်ပြင်နှင့် ကျောင်းတိုက်ရွာတို့ကို ဗုံးကြဲရာ အမျိုးသား ၂ ဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို ဇွန်လ ၂၀ ရက်မနက်အစောပိုင်းတွင် ရွှေလှေရွာပေါ်သို့ ဗုံးကြဲသောကြောင့် ဆင်ခေါင်းရွာမှ ပြေးလာသည့် စစ်ရှောင်များ ယာယီ နေထိုင်သည့် အိမ်ပေါ်ကျ၍ အမျိုးသမီး ၃ဦးသေဆုံးကာ အမျိုးသားတဦး ဒဏ်ရာရခဲ့ပြီး အိမ်များလည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများကဆိုသည်။ နတ်ပြင်ရွာသို့ ကိုယ်တိုင်သွားရောက် ကူညီခဲ့သူ တဦးက “စစ်ရှောင်တွေများတယ်၊ ကျနော့မိသားစု ဆွေမျိုးတောင် ၂၀ လောက်ရှိတယ်၊ သက်ကြီးပိုင်းတွေ၊ ကလေးတွေ ကျနော် သွားကယ်ထုတ်တယ်၊ အားလုံးတော့ တခြား ရွာ ရောက်ကုန်ကြပြီ၊ ကျနော်တို့ရွာမှာလည်း စစ်ရှောင်တွေ တော်တော်များနေပြီ၊ ရွာကလည်း ကျွေးထားဖို့ မတတ်နိုင်ကြ တော့ဘူး၊ ပြေးလာရသူတွေမှာ ဘာမှ မယူနိုင်ခဲ့ကြဘူး၊ ကူညီလို့ရရင် ကူညီပေးကြပါဦး” ဟု ဧရာဝတီသို့ပြောသည်။
ပြီးခဲ့သည့် ရက်ကစ၍ ယမန်နေ့တိုင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီလေတပ်နှင့် ရေတပ်က လူခြေတိတ်ချိန် ညပိုင်းမှ သန်းခေါင်ကျော်သည်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲံခြင်းများကို အဆက်မပြတ်ပြု လုပ်နေခဲ့ သည်။
၈။ မတ္တရာအနောက်ခြမ်းတွင် စစ်ကောင်စီတပ် ရွာမီးရှို့ပြီး ဒေသခံ ၁၀ ဦးကို ဖမ်းဆီး
ဇွန် ၂၂ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မြွေတလိုင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁၀ ဦးအား ဖမ်းဆီး ထားကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၂၂ရက် ) နံနက် ခုနှစ်နာရီခွဲခန့်တွင် မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မြွေတလိုင်းရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမြို့နယ်အနောက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောသည်။ " မီးလောင်နေတုန်းပဲ။ ဘယ်လောက်ပျက်စီးတယ်ဆိုတာ တော့ ကျတော်တို့လည်း သေချာမသိသေးဘူးဗျ " ဟု ယနေ့ နံနက် ၁၀ နာရီခန့်တွင် ၎င်းက MPAသို့ ပြောသည်။
ထို့နောက် ယင်းစစ်ကြောင်းသည် မြွေဟင်္သာရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ "စစ်ကြောင်းလာတာ ကို မသိလိုက်လို့ အဖမ်းခံလိုက်ရတာ။ စစ်ကြောင်းက မြွေဟင်္သာရွာထဲမှာပဲရှိသေးတယ်။ အဖမ်းခံရတဲ့ပြည်သူတွေရော ရွာထဲမှာပဲလို့ သိရတယ်။ စစ်ကြောင်းက တန်းဝင်တော့ ရှောင်တာ မမီလိုက်ဘူးနဲ့တူပါတယ်" ဟု ၎င်းကဆက်လက် ပြော သည်။မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်း ဝင်ရောက်လျက်ရှိပြီး ဇွန်လ ၂၀ ရက်နေ့ကလည်း ရွှေဘိုးကြီးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို စစ်သားများက သတ်ဖြတ်ခဲ့သေးသည်။
၉။ အကြမ်းဖက်စစ်တပ်က လယ်ဒိုမြို့နယ်အတွင်း လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူတစ်ဦး သေပြီး နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုထုတ်ပြန်
ဇွန် ၂၂ ၊ PVTV
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းမှာ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တဲ့ အတွက် ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၃၀၇ တပ်ရင်းက ဇွန် ၂၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပေါက်ကုန်း ကျေးရွာအနောက်ပိုင်း ရွာထိပ်ကို ကျရောက်ပေါက်ကွဲခဲပြီး ပေါက်ကုန်းကျေးရွာနေ နော်လားပွားစေး (အသက် ၂၃) နှစ်ကို လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၄ တပ်ရင်းက ဇွန် ၁၈ ရက် မနက် ၇ နာရီ နဲ့ ညနေ ၅ နာရီ ၁၃ မိနစ် မှာ ၁၅၅ မမ နဲ့ ၇ လုံး ပစ်ခတ်ခဲ့သလို ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ၄ လုံး စုစုပေါင်း ၁၁ လုံးပစ်ခတ်ခဲ့ပါတယ်။အဆိုပါ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက လက်ကောက်ဝကျေးရွာ၊ ကျောက်တန်း ကျေးရွာ၊ ဒလဆိပ့်ကျေးရွာ ၊ ချိုအင်းကျေးရွာအနီး နဲ့ ရေတွင်းကုန် ကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
၁၀။ စစ်တွေမြို့နယ် ရွာနှစ်ရွာက ဒေသခံလေးဆယ်ကျော် ဖမ်းဆီးခံရ
ဇွန် ၂၂ ၊ RFA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သိန်းတန်ရွာနဲ့ နာရီကန်ရွာက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံလေးဆယ်ကျော်ကို ဇွန်လ ၂၀ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။ သူတို့ဟာ စားရေးသောက်ရေးခက်ခဲတဲ့အပြင် စစ်ကောင်စီတပ်ဘက်က မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် အခြား ဘေးကင်းမဲ့နေရာတွေကို ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်၊ ရသေ့တောင်နဲ့ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့တို့ကိုသွားဖို့ ရည်ရွယ်ထားသူတွေလို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီ လေးဆယ်ကျော်မှာက ရသေ့တောင်ဘက်ကို သွားမဲ့သူပါတယ်။ ဒီဘက်က ကျောက်တော်၊ ပုဏ္ဏားကျွန်းဘက် သူတို့ ဆွေမျိုးတွေရှိတဲ့နေရာ ဆွေမျိုးတွေမရှိဘူးဆိုရင် သူတို့လည်းကြုံသလို ဘုန်းကြီးကျောင်းမှာနေမယ်။ အဲဒီလို လူတွေလည်း ပါတယ်။ ဖမ်းရင်လည်း စစ်ဆေးမေးမြန်းပြီးလို့ အပြစ်မရှိရင် ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်”
စစ်ကောင်စီတပ်က ဒေသခံတွေကို မကြာခဏ အကြောင်းမဲ့ဖမ်းဆီးတာတွေ များလာတာကြောင့် အများစုဟာ စစ်တွေမြို့ပေါ်မှာ ဆက်မနေရဲကြတော့ဘူးလို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ နောက်ထပ် စစ်တွေဒေသခံတစ်ဦးကလည်း ထွက်ပြေးလာသူတွေဟာ ကျောက်တန်းရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ RFA ကို ပြောပါတယ်။
၁၁။ မုံရွာမြို့နယ်မှာ ဒေသခံ လူငယ်အမျိုးသားခြောက်ဦး ဖမ်းဆီးခံရ
ဇွန် ၂၂ ၊ RFA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို ဇွန်လ ၂၀ ရက်နေ့ နေ့လယ်တစ်နာရီမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာခံခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ လယ်ဇင်ရွာမှာရှိတဲ့ ဒေသခံ နှစ်ထောင်ခန့်လည်း စစ်ကြောင်းထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဆိုပါတယ်။လယ်ဇင်ရွာနဲ့ကပ်လျက် ရွာထောင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားသုံးဆယ်ခန့် ဝင်ရောက် စီးနင်းပြီး ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက်နှစ်ဆယ်ကနေ သုံးဆယ်အရွယ်အကြား အမျိုးသားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။ “ရွာအလယ်က စာသင်ကျောင်းရှေ့ရောက်မှ သေနတ်ဖောက်တာ။ အဲဒါမှ စစ်ကြောင်းဝင်မှန်း သိကြတာ။ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဒေသခံခြောက်ယောက်ကို ဖမ်းသွားတယ်။ နေအိမ်သုံးလုံးလည်း မီးရှို့သွားတယ်။ စစ်ကြောင်းဝင်ချိန်က တစ်နာရီလောက်ပဲ ကြာပါတယ်”။ ခြောက်ဦးစလုံးကို ရွာထောင်ရွာဘက် ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
Comments