နေ့စဉ်သတင်းစုစည်းမှု
23-June-2024
တိုက်ပွဲသတင်း
၁။ မိုးကုတ်တွင် TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား
ဇွန် ၂၃ ၊ The Irrawaddy
မန္တလေးတိုင်း၊ မိုးကုတ်မြို့၌ စစ်ကောင်စီတပ်နှင့် အပစ်ရပ်ထားသော ပလောင် (တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဇွန်၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း တကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ဇွန်လ ၂၂ ရက် နေ့လယ် ၁၁ နာရီခွဲ တွင် စစ်ကောင်စီတပ်သည် မိုင်တိုင် အမှတ် ၅ မှ TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာသောကြောင့် မိုင်တိုင်အမှတ် ၇ အောက်ပိန်းပြစ်ရွာနှင့် အထက်ပိန်းပြစ်ရွာကြား၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင်လည်း အောက်ပိန်းပြစ်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် အထက်ပိန်းပြစ်ရွာဘက်သို့ ဒရုန်းဖြင့်ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းပျက်စီးခဲ့ကြောင်း TNLA က ဆိုသည်။
၂။ စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးကြီးအပါအဝင် ၂၁ ဦးကို အရှင် ဖမ်းမိ ၆ ဦးသေဆုံး
ဇွန် ၂၃ ၊ PVTV
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း စုကလိမြို့အခြေစိုက် စစ်တပ်စခန်းသိမ်းတိုက်ပွဲကနေ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးကြီးဝဏ္ဏတိုး အပါအဝင်၂၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းမြောက်များစွာရရှိခဲ့ တယ်လို့ ကရင်အမျိုး သားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းက ဗိုလ်မှူးကြီး ဝဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဆိုပါ စုကလိစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၁ ရက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန် ၁၇ ရက် မနက် ၇ နာရီကနေ မနက်၁၀နာရီခွဲမှာ စုကလိတပ်စခန်းကို ၀င်ရောက်တိုက်ခိုက် ကာ ဇွန် ၂၁ ရက်နေ့မှာ စခန်းတစ်ခုလုံးကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၁၄) ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်ဆိုတာနဲ့ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
၃။ ငဖဲတွင် စစ်ကောင်စီကင်းစခန်းကို အလစ်အငိုက်တိုက်ခိုက်မှု ၂၀ ဦး သေဆုံးဟု CDF-Asho ထုတ်ပြန်
ဇွန် ၂၃ ၊ Mizzima
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ကင်းစခန်းတခုကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - အရှို (CDF – Asho)က ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီးရှိ ကျောင်းကုန်းရွာဟောင်းကင်းစခန်းမှ အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်သားများကို ဇွန်လ ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။“မနက်အစောပိုင်း လုပ်ငန်းတာဝန်တွေ ပေးမဲ့ အချိန် ရန်သူအုပ်စုလိုက် စုဖွဲ့နေတုန်းမှာ ၄၀ အသီးတွေနဲ့ အလစ်အငိုက်ဝင်ပစ်ခတ်ခဲ့တာ။ သေဆုံးတာတွေကတော့ တိုက်ခိုက်တဲ့အချိန်အတွင်း မျက်မြင်တွေ့ရတာရယ်၊ ကပစ ၁၄ နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေချိတ်ဆက်ပြီး စာရင်းတွေ ကောက်ယူ ဆက်စပ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်” ဟု CDF – Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မဇ္စျိမကိုပြောသည်။
နှစ်နာရီကျော်တိုက်ခိုက်မှုအတွင်း စခန်းကိုရလုနီးဖြစ်ချိန်တွင် ဘန်ကာအတွင်းမှလေးဦးသာ ပြန်လည်ပစ် ခတ်နိုင်တော့ပြီး ဘန်ကာဖြိုချနိုင်ရန် RPG ကဲ့သို့ လက်နက်ကြီးများမရှိသဖြင့် မသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခြင်း၊ လေယာဥ်ဖြင့်ကင်းထောက်ခြင်းများ ပြုလုပ်လာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရှိခဲ့ကြောင်း ဆလိုင်းရိုးချင်းက ဆက်ပြောသည်။
၄။ ကလေးမြောက်ပိုင်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော် ၂ ဦး ကျဆုံး
ဇွန် ၂၃ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ကလေးမြို့နယ်မြောက်ပိုင်း ဆည်ကြီးနှင့် သဲတန်းကုန်းရွာ ရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးအဖွဲ့များ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်စဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။ “အင်အား ၃၀ နဲ့ ၅၀ ကြား တပ်စွဲထားတဲ့နေရာကို ဝင်တိုက်တာပါ။ ရဲဘော်နှစ်ယောက်ကျတယ်။ စကစ ဘက် ကလည်း သေတာရှိတယ်” ဟု ကလေးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက မဇ္စျိမကိုပြောသည်။ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG တပ်ရင်း (၄) မှ ရဲဘော်မောင်လွင်လွင်ဌေးနှင့် SR-6 မှ တပ်စိတ်မှူး ရဲဘော်စည်သူအောင်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦး၊ တပ်သား နှစ်ဦးနှင့် ပျူစောထီးများသေဆုံးကြောင်း သိရသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။
ယခုတိုက်ခိုက်ခဲ့သည့် ဆည်ကြီးကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့မှသိမ်းပိုက်ထားစဉ် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်ပြီး ပြန်လည်သိမ်းယူသွားသဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၅။ အင်းတော်နှင့် မိုးညှင်းက စစ်တပ်စခန်းများကို ကေအိုင်အေ တိုက်ခိုက်
ဇွန် ၂၃ ၊ DVB
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့နဲ့ ၁၀ မိုင်အကွာက နံ့သာစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ၊ အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၂၂ ရက်နေ့ ညပိုင်းက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ အင်းတော် PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ဇွန် ၂၃ ရက်နေ့ မနက်ပိုင်းအထိ ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတယောက်က “မနေ့ ည ၁၀ နာရီထိုးခါနီး လောက်မှာ ဂျက်လေယာဉ်နဲ့ တခါ လာပစ်သွားတယ်၊ ပစ်ပြီးတဲ့နောက်လည်း ခဏဝဲနေသေးတယ်။ နံ့သာ ပတ်ဝန်းကျင်မှာ တိုက်ပွဲလည်း ဖြစ်နေတုန်းပဲ၊ ဒီမနက်အထိ ဖြစ်နေတယ်” လို့ပြောပါတယ်။
၆။ အမ်းမြို့ အခြေစိုက်တောဟိန်းတောင်ဗျူဟာကုန်းကို အေအေ နဲ့ မဟာမိတ်တပ်တွေသိမ်းပိုက်
ဇွန် ၂၃ ၊ BBC
ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်အရေးပါတဲ့ တောဟိန်းတောင် ဗျူဟာကုန်းကို ဒီကနေ့ ဇွန် ၂၃ ရက်၊ မနက် ၂ နာရီခန့်မှာ အာရက္ခတပ်တော် (အေအေ) နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိခဲ့တယ် လို့ စစ်ရေးနီးစပ်သူတွေဆီကသိရပါတယ်။ ဧပြီလဆန်းကတည်းက တောဟိန်းတောင်ဗျူဟာကုန်းကို အေအေဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်နေတာဖြစ်ပြီး ဗျူဟာကုန်းအောက်က စခန်းကုန်းတွေကိုအဆင့်ဆင့်တိုက်ခိုက် ရယူပြီးနောက် နှစ်လကျော်အကြာမှာ အခုလိုသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်ထဲမှာ ပထမဆုံးအဖြစ် အေအေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီဗျူဟာ တစ်ခုကို သိမ်းပိုက်တာ ဖြစ်ပြီး တောဟိန်းတောင်ဗျူဟာကုန်းဟာ နပခ ကို ထိုးစစ်ဆင်နိုင်ဖို့အတွက် စစ်ရေးအရ အရေးပါတယ်လို့ဆိုပါတယ်။
အခုလိုသိမ်းပိုက်နိုင်တဲ့အခြေအနေကို အာရက္ခတပ်တော်ဘက်က သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီဘက်က လည်း တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ အင်းတော်တွင် လေကြောင်းဖြင့်ဗုံးကြဲ၍ သံဃာတပါးအပါ ၁၃ ဦး သေဆုံး
ဇွန် ၂၃ ၊ The Irrawaddy
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသရှိ နန့်သာကျေးရွာကို ဇွန် ၂၂ ရက် ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းသို့ ကျရောက်သဖြင့် ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်းတော်မြို့ခံ တဦးက “မနေ့က ညက တိုက်ပွဲကတော့ ၇ နာရီ၊ ၈ နာရီလောက်က စတာပေါ့။ နန့်သာရွာ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ တပ်မ ၇၇ ကို PDF တွေ တိုက်တာ။ သူတို့ (စကစ) လေယာဉ်နဲ့ ဗုံးကြဲတာတော့ ည ၉ နာရီနဲ့ ၁၀ နာရီလောက်မှာ ဘုန်းကြီး ကျောင်းကို ကြဲတာ။ ဦးပဉ္ဇင်းတပါးက ပွဲချင်းပြီး ပျံလွန်တော်မူတယ်။ အားလုံးဆို ဒီမနက်သိရတာ သေဆုံးသူ ၁၃ ယောက် ရှိပြီ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဗုံးကြဲမှုကြောင့် သက်တော် ၄၅ နှစ်အရွယ် ဘုန်းကြီးတပါး၊ ဒေါ်ကျင်စော၊ ဦးသန်းစိန်၊ ဦးကျော်မျိုး မိသားစု ၃ ဦး၊ ဒေါ်တင်အေး၊ ဦးပိန်သေး၊ မကြူကြူသင်း၊ မမိတန်၊ မလှချန်၊ ဒေါ်မနဲ၊ ဦးဘသင်း စသော ဒေသခံ ၁၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို စိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။သေဆုံးသွားသည့် ဒေသခံများမှာ ပြီးခဲ့သည့် နှစ်ကုန် ပိုင်းက နန့်သာရွာဘုန်းကြီးကျောင်းအတွင်း၌ လူသားဒိုင်းအဖြစ် အဖမ်းခံထားရသူများ ဖြစ်ကြောင်း သိရသည်။
၈။ သံတွဲမြို့ပေါ် စေတီဘုရားများတွင် အထိုင်ချသော စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်ခတ်၊ အရပ်သား ၆ ဦး သေဆုံးမှုရှိ
ဇွန် ၂၃ ၊ Mizzima
သံတွဲမြို့ပေါ်ရှိ စေတီဘုရားများတွင် အကာကွယ်ယူ၍ အထိုင်ချသောစစ်ကောင်စီတပ်သည် လက်နက်ကြီးများနှင့် သံတွဲမြို့ လူနေရပ်ကွက်များထံ ပစ်ခတ်နေသဖြင့် သုံးရက်အတွင်း အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ သံတွဲမြစ်၏ တစ်ဖက်တစ်ချက်စီရှိ ထင်ရှားသောနာမည်ကြီး အံတော်၊ နံတော်တောင်ဘုရားများတွင် တပ်စွဲထားသော စစ်ကောင်စီ အမြောက်တပ်များက ဇွန်လ ၂၁ ရက်မှ ယနေ့ ဇွန်လ ၂၃ ရက်နံနက်ပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ် နေကြောင်း သိရသည်။ "အမှတ် (၁) ရပ်ကွက်က အံတော်တောင်ဘုရားရယ်၊ ရွှေကျောင်းပြင်ကနံတော်တောင်ဘုရားတွေ မှာ အကာကွယ်ယူပြီးဆက်တိုက်ပစ်နေတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ တချို့ဘယ်ကိုကျလို့ကျမှန်းတောင် မသိရတော့ဘူး" ဟု ဒေသခံက ပြောသည်။ ယမန်နေ့ ဇွန်လ ၂၂ ရက်ည ၇ နာရီဝန်းကျင်တွင် နံတော်ဘုရားတောင်ကုန်းများပေါ်မှစစ်ကောင်စီမှပစ်ခတ်သည့်လက်နက်ကြီးကြောင့် အရပ်သား သက်လတ်ပိုင်းအမျိူးသမီးတဦးနှင့်၎င်း၏တူတော်စပ် သူ အသက် ကိုးနှစ်အရွယ် ကလေးငယ်တဦးသေဆုံးသွားကြောင်း သိရသည်။ ထို့အပြင် ယနေ့ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း အမှတ်(၁)အထက်တန်းကျောင်း မျက်စောင်းထိုးတံတားတဖက်မှ ရွှေကျောင်းပြင်သို့သွားသည့် ကားတစီးကိုလည်း ပစ်ခတ်ရာ ကားမောင်းသူတဦးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်၏အဆိုအရ သိရသည်။
၉။ မြင်းခြံတွင် လူမှုရေးအသင်းယာဉ်ကို စစ်ကောင်စီတပ်ကပစ်ခတ်၍ လူနာလိုက်ပိုသည့် ဆရာတော် ပျံလွန်တော်မူ
ဇွန် ၂၃ ၊ Mizzima
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဇွန်လ ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က လူမှုကူညီရေး အသင်းယာဉ်ကို စစ်ကောင်စီ တပ်ဖွဲ့မှပစ်ခတ်ခဲ့ရာ လူနာလိုက်ပို့သည့် ဆခမကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဥတ္တမပျံလွန်တော်မူသွားကြောင်း သိရ သည်။ ဆရာတော်လိုက်ပါလာသည့် လူမှုကူညီရေးအသင်ယာဉ်မှာ ဆခမကျေးရွာမှလူနာကို မြင်းခြံဆေးရုံသို့ လိုက်ပို့စဉ် မြင်းခြံမြို့ပတ်လမ်း မောင်ရင်မောင်ကျေးရွာနှင့် ဆခမကျေးရွာကြားတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
“အဲဒီလမ်းမှာက စစ်တပ်က ကင်းပုန်းအမြဲရှိတယ်၊ မြို့အထွက်ဆိုတော့လေ။ ပရဟိတကားက နာမည်လည်းပါ၊ မီးတန်း လည်း ပါတယ်၊ အဲဒါကို ပစ်တာ။ ဆရာတော်က ကားရှေ့ခန်းကထိုင်တယ်။ နောက်မှာက လူနာရှင် မိသားစုနှစ်ဦးနဲ့ ပရဟိတအသင်းဝင် သုံးဦးပါတယ်။ မတားပါဘူး ဒီတိုင်းကိုပစ်တာပါ။ ပစ်တာတော့ဆက်တိုက်ပဲ၊ ဘယ်နှစ်ချက်ဆိုတာ မသိဘူး။ အရင်ကလည်း ဆရာတော်က ညရေးညတာဆို အခုလို ပဲ လိုက်ပို့တယ်” ဟုဒေသခံတဦးကပြောသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဆရာတော်၏ရုပ်ကလာပ်ကို မြင်းခြံမြို့နယ်လူမှုကူညီရေးအသင်းမှ သယ်ဆောင်ရန် ကြိုးစားခဲ့ သော်လည်း စစ်ကောင်စီတပ်က တားမြစ်ပိတ်ပင်ထားသည့်အတွက် သယ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။
၁၀။ မြစ်ခြေမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ
ဇွန် ၂၃ ၊ RFA
မကွေးတိုင်း၊ မြစ်ခြေမြို့နယ် ကြက်ရှာရွာကို ဇွန်လ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်နှစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုသမီးတစ်ဦးတို့ လက်နက်ကြီးအပိုင်းအစတွေ ထိမှန် ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခဲ့ရာမှာ ကြက်ရှာရွာအလယ်ကို တစ်လုံးကျရောက်ပေါက်ကွဲ ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ခြေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။"မနေ့က ရဲစခန်းက လေးလုံး ပစ်တာ။ ရွာအလယ်က အိမ်ကိုကျပြီး သေဆုံးထိခိုက်ကြတာပါ။ နေ့လယ်ကျတော့ အောင်သာရွာ ပျူစောထီးစခန်းက လက်နက်ကြီးအလုံးနှစ်ဆယ်လောက် ပစ်တာ ညအထိပဲ။ ရွာထဲ ဘယ်သူမှ ပြန်မနေရဲကြဘူး"။သေဆုံး၊ ထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှုတွေပေးနေပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၁၁။ ကျောက်ဖြူ ဒေသခံ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ဇွန် ၂၃ ၊ DVB
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြိုနယ်မှာ ဒေသခံ ၂ ယောက်ကို စစ်တပ်က အေအေနဲ့ပတ်သက်တယ်လို့ စွပ်စွဲ ဖမ်းဆီးခဲ့ပြီး လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျောက်ဖြူမြို့နယ်၊ အုန်းတောရွာက ပြည်သူ ၂ ယောက်ကို ဇွန် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက အုန်းတော အ.လ.က ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ULA/AA နဲ့ ဆက်စပ်မှုရှိ နိုင်တယ် ဆိုတဲ့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို ကျောက်ဖြူမြို့ ဒေသခံတယောက်က ပြောပါတယ်။ဖမ်းဆီးခံရတဲ့သူတွေ ကတော့ အုန်းတောကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုစံထွန်းစိုး(ခ)စိုးဝေမြင့် နဲ့ အသက် ၂၆ နှစ်အရွယ် ကိုစိုးချေ (ခ) သင်္ကြန်အောင် တို့ဖြစ်ကြပြီး စာသင်ကျောင်းရှေ့က ဖြတ်သွားတဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် မွန်းလွဲ ၁ နာရီလောက်မှာ ကျောက်ဖြူမြို့က စစ်ကောင်စီတပ်သား ၁၅ ယောက်လောက် စစ်ကားတစီး၊ အိမ်စီး ကားတစီးနဲ့ ရောက်လာပြီး ဖမ်းထားသူတွေကို ကားနဲ့ ကျောက်ဖြူမြို့ဘက်ကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
၁၂။ မော်လမြိုင်ကျွန်းက ဒေသခံ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ဇွန် ၂၃ ၊ DVB
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့စာတွေ ရေးသားတယ်လို့ စွပ်စွဲပြီး အမျိုးသား ၁ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ဖမ်းဆီးခံရသူဟာ မော်လမြိုင်ကျွန်းမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းထက်ပိုင် ဆိုသူဖြစ်ပြီး ဇွန် ၂၁ ရက် နေ့လယ်ပိုင်းက နေအိမ်ကို စစ်သားနဲ့ ရဲတွေက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒေသခံတယောက် က “စစ်သားနဲ့ရဲ ၁၀ ယောက်လောက်က အိမ်ပေါ်တက်ပြီး လာဖမ်းသွားတာ။ ဥပဒေနဲ့မညီတဲ့ စာတွေရေးတင်လို့ စစ်ဆေးဖို့ ရှိလို့ ဖမ်းတာလို့ ပြောသွားတာ။ အသေးစိတ် သိချင်ရင် ရဲစခန်းကိုသွားလို့ ပြောသွားတာ” လို့ ပြောပါတယ်။ ကိုမင်းထက်ပိုင် ကို အမှတ် ၅၃၄ မော်လမြိုင်ကျွန်း ခြေမြန်တပ်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိ မော်လမြိုင်ကျွန်းမြို့ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
Comments