top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်

နေ့စဉ်သတင်းစုစည်းမှု

24-June-2024

တိုက်ပွဲသတင်း

 

၁။ ချောင်းဦးတွင် စစ်တပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးဟုဆို

 

ဇွန် ၂၄ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ကင်းပုန်းဝပ်ရန်လာသော စစ်သားနှစ်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း Area 71 People’s Defense Force က သတင်းထုတ်ပြန်သည်။ ယနေ့(ဇွန်၂၄ရက်)နံနက် ကိုးနာရီကျော်တွင် ချောင်းဦးမြို့နယ်၊ပုရစ်ကုန်း(တောင်)ရွာနှင့်ပုရစ်ကုန်း(မြောက်)ရွာကြားရှိ မုံရွာ-ချောင်းဦးလမ်း ပိုင်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းမိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်သားများက ပြန်လည်ပစ်ခတ်ခဲ့သော် လည်း PDF ရဲဘော်များ ထိခိုက်သေဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ “ကျတော်တို့ မိုင်းဆွဲပြီး ခဏအကြာမှာ ချောင်းဦးဘက်ကနေ ကားတစ်စီးရောက်လာပြီး ထပ်ပစ်သေးတယ်။ပြီးတော့ မုံရွာဘက်ကို အလောင်းတွေ ပြန်သယ်သွားတဲ့ပုံစံမျိုးမြင်ရတယ်”ဟု ၎င်းကဆိုသည်။ ဇွန်လ ၂၁ ရက်ကလည်း ကင်းပုန်းဝပ်ရန်လိုက်လာသည့် စစ်သား သုံးဦးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း Area 71 People’s Defense Forceက ထုတ်ပြန်ထားသေးသည်။

 

၂။ သံတွဲ လေဆိပ်ကို AA သိမ်းပိုက်

 

ဇွန် ၂၄ ၊ Ayeyarwaddy Times

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်လိုက် ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။သံတွဲလေဆိပ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ-၅၆၆နှင့် ခလရ- ၅၅မှ ပူးပေါင်းတပ်များကို ယနေ့ ဇွန် ၂၃ရက်နေ့တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေဆိပ်ကို သိမ်းပိုက်ထိန်းချုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ AA ကစစ်ကောင်စီ၏ ခမရ-၅၆၆ တပ်ရင်းနှင့် လေဆိပ်တွင်တပ်စွဲထားသော တပ်ရင်းများကို ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့မှစတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇွန် ၂၃ ရက်နေ့တွင် လေဆိပ်၌တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ လေဆိပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ AA ၏ ထိုးစစ်သည် သံတွဲမြို့အတွင်းအထိ ရောက်ရှိ လာပြီး စစ်ကောင်စီက မြို့တွင်းလမ်းများတွင် မိုင်းထောင်ကာ ဒေသခံများကို မြို့အတွင်းမှ‌ပေးမထွက်ဘဲ ပိတ်ဆို့ထား ကြောင်း သိရသည်။

 

၃။ အင်းတော်ကြီး-ဖားကန့်ဒေသရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၃ ခုကို နှစ်ရက်အတွင်းသိမ်းပိုက်

ဇွန် ၂၄ ၊ PVTV

 

ကချင်ပြည်နယ် အင်းတော်ကြီး - ဖားကန့်ဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဇွန် ၂၃ ရက်မနက်ပိုင်းမှာ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။ ဖားကန့်-အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် မနက်အစောမှာ စတင်ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ ၂၃ရက်ညပိုင်း ဝှေလုံ နဲ့ ညောင်ပင်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးကျန်နေတဲ့ ချောင်း၀စခန်းကို မနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ အကြမ်းဖက်ညောင်ပင်တပ်စခန်းသိမ်းပိုက်ရာလက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက် တပ်ဖွဲ့ဝင်တွေက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ အကြမ်းဖက်တပ်စခန်းတွေက အင်းတော်ကြီး ဒေသ နဲ့ဖားကန်လမ်းပိုင်းမှာ အရေးပါတဲ့ တပ်စခန်းများဖြစ်ပြီး စစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်၊ ရှမ်းနီတပ်SNA တို့ ပူးပေါင်း တပ်စွဲထားခြင်းဖြစ်ပါတယ်။

 

၄။ ခမောက်ကြီးမြို့နယ်၊ မာရမ်းရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော် တစ်ဦး ကျဆုံး

 

ဇွန် ၂၄ ၊ D Day News

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၂၂ ရက် နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာ ရှိ ရဲစခန်းကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။ သေဆုံးရဲတပ်သားအလောင်းကို မာရမ်းဘုန်းကြီးကျောင်းမှ ကား ၂ စီးဖြင့် ဝန်းရံပြီး အရပ်သား ၃ စီး ဖြင့် အလယ်မှာ လိုက်ပါလာကာ ကော့သောင်းမြို့ပေါ်သို့ သယ်ဆောင်သွားကြောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦးကို ထိုင်းနိုင်ငံ၊ ကန်ရပူရီဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

 

၅။ သံတွဲရဲစခန်းကို AAသိမ်းယူပြီးစစ်သုံ့ပန်း ၂၀၀ နီးပါးဖမ်းမိထားဟု စစ်ရေးသတင်းရင်းမြစ်ပြော

 

ဇွန် ၂၄ ၊ Mizzima

 

ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က ဇွန် ၂၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့(ဇွန်လ ၂၄ရက်) တွင်သံတွဲမြို့မရဲစခန်းကို ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို AA က ဖမ်းဆီးထား ကြောင်း မြို့ခံအချို့ကပြောသည်။ငပလီမြို့၊ မဇင်ကျေးရွာအနီးရှိသည့် သံတွဲလေဆိပ်ကို AAက ဇွန်လ ၂၃ ရက်တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး သံတွဲမြို့မ ရဲစခန်း၊သံတွဲလေဆိပ်အနီးရှိခြေမြန်တပ်ရင်း ခမရ(၅၆၆) နှင့် ငပလီမြို့ အဝင်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၅)တို့ကို တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

"မနက်ကရဲစခန်းကရဲတွေထွက်ပြေးသွားတယ်။ မသွားခင်မှာသေနတ်တွေဖောက်သွားသံတွေကြားတယ်။ ဆိုင်ကယ်တွေ နဲ့ရော ဆိုင်ကယ်တက္ကစီတွေနဲ့ပြေးတာ။ ၅၆၆ ကို သိမ်းလိုက်ပြီးလို့ကြားထားပေမယ့် အတိအကျတော့ မသိဘူး။ ၅၆၆ ဘက်မှာ ပစ်ခတ်သံတွေကြားခဲ့ရတယ်" ဟု သံတွဲမြို့ခံတဦးကပြောသည်။သံတွဲရဲစခန်း၌ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင် အင်အားငါးဆယ်ခန့်ရှိပြီး AAက စတင်တိုက်ခိုက်ချိန်ကပင် အားလုံးထွက်ပြေးသွားခြင်းဟု ဒေသခံအချို့ကပြောသည်။

ဒေသခံ နောက်ထပ်တဦးကမူ ဇွန် ၂၂ ရက်တွင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစု ဝင် ၅၀ နီးပါးကို AA က ဖမ်းမိခဲ့ကြောင်း၊ ဇွန်လ ၂၃ ရက်တွင် သံတွဲလေဆိပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို AA က စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားကြောင်း ပြောသည်။" စစ်သား ၁၃၂ ယောက်ကို အရှင်ဖမ်းမိတယ်။ နောက်ရဲ တပ်ဖွဲ့ဝင်၊ ဇနီးမယားတွေ၊ သားသမီးတွေ ၄၇ ယောက်ကိုတော့ မနေ့ည (ဇွန်လ ၂၃ ရက်) ကတည်းက ဖမ်းထားတယ်လို့ ပြောတယ်" ဟု AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည့်အချက်အလက်ကို ၎င်းက ပြန်ပြောသည်။

 

၆။ လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်

 

ဇွန် ၂၄ ၊ The Irrawaddy

 

နှစ်ဖက်စစ်ရေးပြင်နေသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်၌ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ယမန်နေ့နံနက် ၈ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ လားရှိုးနှင့် မိုင်းယော် တိုက်နယ်ကြား ပိန်းခမ်းရွာအနီးရှိ မိုင်တင်စစ်ဆေးရေးဂိတ်မှ ခလရ ၁၁၅ က စစ်ကြောင်းထိုးလာသဖြင့် MNDAA တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပိန်းခမ်းရွာနှင့် နီးစပ်သူဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။ ၎င်းက “ကိုးကန့်က အရင်ကတည်းက အဲဒီမှာ လှုပ်ရှားနေတာ စစ်တပ်က ရှေ့တိုးလာတော့ တိုက်ပွဲဖြစ်တာပေါ့။ ခဏလေးပဲ ပစ်ကြပြီးတော့ ပြန်ဆုတ်ကြတယ်လို့ ဆိုတယ်” ဟု ပြောသည်။ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ် ထားသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခြင်းဖြစ်ပြီး၊ မတ်လ၂၆ ရက်က လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ရွာနှင့် လုံမွန်းကျေးရွာကြားတွင်လည်း ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲ ဖြစ်ခဲ့သေး သည်။ တိုက်ပွဲများနှင့် ပတ်သက်၍ MNDAA မှ သတင်းထုတ်ပြန်ခြင်း မရှိသလို ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်သွယ်မရပေ။

 

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၇။ အီရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီဝန်ကြီး ဆွေးနွေး

 

ဇွန် ၂၄ ၊ The Irrawaddy

 

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ယမန်နေ့တွင် တီဟီရန်မြို့၌ တွေ့ဆုံကာ မြန်မာ-အီရန် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ ၁၉ ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇွန် ၂၃ ရက်က တီဟီရန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ကာ ယင်းအစည်းဝေးသို့ တက်ရောက်နေသည့် စစ်ကောင်စီဝန်ကြီးများနှင့် ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အေစီဒီအဖွဲ့ တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များပါ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။အေစီဒီ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ်ပြီး အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခြင်းသည် မြန်မာ- အီရန် နှစ်နိုင်ငံသီးခြား တွေ့ ဆုံခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ထို့ပြင် စစ်ကောင်စီကိုယ်စားလှယ်က နိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းပြောကြားခဲ့သည် ဟု ဆိုသည်။

 

၈။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ကြေညာ

 

ဇွန် ၂၄ ၊ The Irrawaddy

 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် မြို့နယ်များ၏ လူစည်ကားသောနေရာများ၌ စစ်ကောင်စီက ကြေညာဆိုင်းဘုတ်များဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညဉ့်သန်းခေါင်ယံအချိန်တွင်သန်းခေါင်စာရင်း စတင်ကောက်ယူမည့်အကြောင်း ကြေညာထားသည်။ ထိုသို့ စစ်ကောင်စီ၏ သန်းခေါင်စာရင်းလုပ်ငန်းစဉ်သာမက ရွေးကောက်ပွဲလုပ်ငန်းစဉ်များပါ အောင် မြင်မည် မဟုတ်ကြောင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများဆောင်ရွက်နေသည့် ရန်ကုန်သပိတ်အင်အားစုမှ ကိုနန်း လင်းက ပြောသည်။ ၎င်းက “ဒီလိုလုပ်ပိုင်ခွင့် Legitimacy ဆိုတဲ့ တရားဝင်မှုရော အရည်အသွေးရော အရည်အချင်းရော သူတို့မှာ မရှိပါဘူး။ ပြည်သူတရပ်လုံးက စစ်ကောင်စီရဲ့လက်ချက်ကြောင့် စစ်ဘေးရှောင်နေရသူတွေ သန်းနဲ့ချီ ရှိတယ်။ ပြည်ပကို တရားဝင်၊ တရားမဝင် ထွက်ခွာသူတွေ အများကြီးရှိတယ်။ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံနေတဲ့ ရဲဘော်တွေလည်းအများကြီး၊ နောက်တချက်က ကျနော်တို့မှာ လွတ်မြောက်နယ်မြေတွေလည်း အများကြီး ရှိတယ်။ ဒီအနေအထားမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီကရတဲ့ အချက်အလက် တွေကလည်း ဘယ်လိုမှ ယုံကြည်စရာ အချက်အလက်မရှိနိုင်ဘူး" ဟု ဆိုသည်။ ပြီးခဲ့သည့် လပိုင်းတွင်ပင် မျက်လုံး Scan နှင့် လက်ဗွေရာ စသော ဇီဝအချက်အလက်များပါဝင်သည့် Smart Card များ စစ်ကောင်စီ ပြုလုပ်ခိုင်းခဲ့သလို ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ်သန်း ခေါင်စာရင်းများ ကောက်ခံမည်ဟု ကြေညာချက်များ ထုတ်ခဲ့သည်။

 

၉။ NCA အပစ်ရပ် ၇ ဖွဲ့နှင့် UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံမည်

 

ဇွန် ၂၄ ၊ DVB

 

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) အဖွဲ့ဝင်နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) တို့ ဇွန် ၂၇ ရက်မှာ ပထမဆုံးအကြိမ်တွေ့ဆုံကြဖို့ ရှိပါတယ်။ NCA အပစ်ရပ် ၇ ဖွဲ့အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျပ် အတည်းတွေကို ကျော်လွန်နိုင်မယ့် နည်းလမ်းတွေအတွက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အပါအဝင် ဘယ်အဖွဲ့အစည်း မဆို တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံနိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ NCA  အပစ်ရပ်လက်မှတ်ထိုး ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော် ညွန့်က DVB ကိုပြောပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၁၀။ နွားထိုးကြီးမြို့ကျောက်တန်းရွာကို စစ်ကြောင်းထိုး မီးရှို့

 

ဇွန် ၂၄ ၊ The Irrawaddy

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့သော ကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးပြီး ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။ ယမန်နေ့ နံနက် ၈ နာရီ ဝန်းကျင်တွင် စစ်ကောင်စီအင်အား ၄၀ နီးပါးပါသည့် စစ်ကြောင်းမှ ကျောက်တန်းကျေးရွာထဲ ဝင်ရောက်ကာ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတဦးက "ဒီရက်ထဲမှာတော့ ကျောက်တန်းမှာ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ကျောက်တန်းရွာနားက ရွာတွေမှာတော့ ဒီလထဲ တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်။ အခု မီးရှို့ခံရတာက အိမ်ကတော့ တော်တော် များမယ်လို့ ပြောလို့ရတယ်။ အခုက ရွာထဲပြန်မဝင်ရသေးဘူးဆိုတော့ အသေးစိတ်တော့ မသိရသေးဘူး။ ရှောင်နေတဲ့ရွာ ကနေ ကြည့်တာတော့ မီးညွှန့်တွေက တော်တော်များတယ်" ဟု ပြောသည်။နွားထိုးကြီးမြို့နယ်ထဲတွင် စစ်ကောင်စီ တပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဇွန် ၂ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်တန်းရွာဝန်းကျင်ရှိ ဆူးဖြူကုန်း၊ နဘူးတော၊ ဘူးကိုင်းတောင်၊ ဘူးကိုင်းမြောက်၊ မကျီးကုန်း၊ ကူကုန်းရွာများမှ နေအိမ် ၆၀၀ နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ ၄ ဦးအား သတ်ဖြတ်ထားကြောင်း သိရသည်။

 

၁၁။ တောင်ကုတ်မြို့မှ ထွက်ပြေးသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စည်ပင်အရာရှိကို စစ်ကောင်စီဖမ်း

 

ဇွန် ၂၄ ၊ Mizzima

 

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် စည်ပင်ဌာနအမှုဆောင်အရာရှိ ဦးမောင်စိန်သည် ဌာနကိုစွန့်ခွာထွက်ပြေးစဉ် လမ်းခုလတ်၌ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများကပြောသည်။ " ရိုးမလမ်း မိုင် ၅၀ ခန့်က တောင်ပုံကြီး အထူး စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ လက်ရှိ စကခ(၅)မှာလို့ ကြားမိတယ်” ဟု တောင်ကုတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ ဦးဇာနည်တိုးသည် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အဖြစ်၂၀၂၂ ခုနှစ်မှစတင်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးမောင်စိန်သည် ၂၀၂၁ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင် သာယာရေး အမှုဆောင်အရာရှိအဖြစ် ရွေးချယ်ခံရသူဖြစ်ကြောင်း မြို့ခံများကပြောသည်။၎င်းတို့နှစ်ဦးသည် တာဝန်မထမ်း ဆောင်လိုသောကြောင့် ထွက်ပြေးကြခြင်းဖြစ်သည်ဟု မြို့ခံများကပြောသော်လည်း ယင်းအချက်ကိုသီးခြား အတည်မပြု နိုင်ပေ။ ဖမ်းဆီးခံရသည့်နေ့မှစ၍ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း မြို့ခံတဦးကပြောသည်။ ၎င်းတို့နှစ်ဦး၏ မိသားစုဝင်များအား မေးမြန်းရန် မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း လတ်တလောအဆက်အသွယ်မရသေးပေ။



 

 

 

25 views0 comments

Comentarios


bottom of page