နေ့စဉ်သတင်းစုစည်းမှု
25-June-2024
တိုက်ပွဲသတင်း
၁။ မိုးကုတ်မြို့တဝိုက်မှာ တိုက်ပွဲဆက်ပြင်းထန်နေ
ဇွန် ၂၅ ၊ DVB
တအာင်းတပ် (TNLA ) ရဲ့ တပ်မဟာ ၂ စစ်ဒေသဖြစ်တဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်း တပ် (TNLA) တို့ကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ မနက်ပိုင်း ၉ နာရီကျော်ကစပြီး မိုးကုတ်မြို့ ပန်သပြေရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ထိခိုက် ကျဆုံးမှုတွေကိုတော့ မသိရသေးဘူးလို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးကဆိုပါတယ်။ မိုးကုတ်မြို့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး မိုးကုတ်မြို့ထဲက စစ်ကောင်စီတပ်ကနေလည်း မြို့ပြင်တဝိုက် ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ မိုးကုတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်း အထိသတင်း အရ မိုးကုတ်မြို့ပြင်တဝိုက်မှာ တိုက်ပွဲပြင်းထန်နေလို့ မြို့တွင်းကဒေသခံတချို့ကလည်း မြို့ကနေ တိမ်းရှောင်ဖို့ကိုလည်း ပြင်နေကြတာရှိသလို မြို့ထဲမှာ လူသွားလူလာနည်းသွားပြီလို့ ပြောပါတယ်။
၂။ ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူ ၁၀ ဦးသေဆုံး၊ တစ်ဦး အရှင်ဖမ်းမိပြီး သေနတ် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
ဇွန် ၂၅ ၊ D Day News
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၀ ဦး သေဆုံးကာ တစ်ဦးအရှင်ဖမ်းမိပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ပြည်သူ့ ဒီမိုကရက်တစ် တပ်တော် - PDA တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၅ နာရီမိနစ် ၂၀ အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ဖလံအို အုပ်စု ရှင်မကန် ပျူရွာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူ ၁၀ ဦးခန့်သေဆုံးကာ တစ်ဦးအရှင်ဖမ်းမိခဲ့ပြီး သေနတ် ၆ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ရာ ဧရာဒေါင်းတပ်ဖွဲ့မှ ရဲဘော် ဟီးရိုး ကျဆုံးခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်စစ်သား၊ ပျူများထံမှ ကာဘိုင် အမျိုးအစား သေနတ် ၄ လက် ၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး ၊ လမ်းလျှောက် စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဝင်ရောက်တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေအဖွဲ့၊ Red Giant နဂါးနီနှင့် ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
၃။ မတ္တရာတွင် ပြင်းထန် တိုက်ပွဲဖြစ်ပွား ၊ မြို့သို့ စစ်ရှောင်လာသူများကို စစ်ကောင်စီ မြို့တွင်း ဝင်ခွင့်မပြု
ဇွန် ၂၅ ၊ Mizzima
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းတွင် ပြင်းထန်တိုက်ပွဲများဖြစ်ပွားနေ၍ မတ္တရာမြို့သို့ စစ်ရှောင်လာသူများ ကို စစ်ကောင်စီက မြို့တွင်းဝင်ခွင့်မပြုဘဲ လမ်းပိတ်ထားကြောင်း သိရသည်။ယနေ့ ( ဇွန် ၂၅ ရက်) နံနက် ၆ နာရီခန့်မှ စတင် ၍ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံတဦးက ပြောသည်။
မတ္တရာမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် အင်ကြင်းမြိုင် လေကြောင်း အရန်ကာကွယ်ရေးတပ်ကို ယနေ့ နံနက် ၆နာရီခန့် ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စတင်ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်လာခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ဆည်တော်၊ အင်ကြင်းမြိုင် အပါအဝင် ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူအများစုသည် မတ္တရာမြို့ ဘက်သို့ တိမ်းရှောင်လာရာတွင် စစ်ကောင်စီတပ်ဖွဲ့က မြို့ဝင်၊ မြို့ထွက်ကို ပိတ်ထားပြီး ဝင်ခွင့်မပြုခြင်းကြောင့် အခက်အခဲ များဖြစ်လျက်ရှိသည်ဟု စစ်ရှောင်တဦးကဆိုသည်။
၄။ ရှမ်းမြောက် တိုက်ပွဲများ ပြန်ဖြစ်
ဇွန် ၂၅ ၊ The Irrawaddy
ယာယီ အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် ယနေ့မနက် ၅ နာရီခွဲခန့်ကစ၍ စစ်တပ်နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း TNLA ပြောခွင့်ရှိသူ လွေးယေဦးက ဧရာဝတီသို့ ပြောသည်။၎င်းက “မနက် ၅ နာရီခွဲဝန်းကျင်မှာ နောင်ချိုဘက်မှာရော ကျောက်မဲဘက်မှာပါ တိုက်ပွဲဖြစ်ပွားတာတွေရှိပါတယ်။ စစ်ကောင်စီက ကျမတို့ရှိရာကို ထိုးစစ်ဆင် လာလို့ တိုက်ပွဲဖြစ်ပါတယ်” ဟု ပြောသည်။ ကျောက်မဲမြို့အရှေ့ဘက် မိုင်အနည်းငယ်သာ ကွာဝေးသည့် နားအိုက်ခန့်ရွာ အနီးတွင်ရှိသည့် TNLA စခန်းအား စစ်တပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန် အလှန် ပစ်ခတ်လျက်ရှိသည်။ယနေ့နံနက်အစောပိုင်းမှစတင်ကာ ကျောက်မဲမြို့ပေါ်မှာပင် လက်နက်ကြီး၊ လက်နက်ငယ်သံ များကြားနေရပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
၅။ နောင်ချိုမြို့ပေါ် ဌာနဆိုင်ရာအချို့ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
ဇွန် ၂၅ ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ဌာနဆိုင်ရာအချို့ကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်အစောပိုင်းတွင် နောင်ချိုမြို့ကို စတင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ တစ်နာရီကျော်၌ နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မိုး/ဇလရုံး၊ မီးသတ်၊ ရဲစခန်း နှင့် ပြည်သူ့ဆေးရုံတို့ကို TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းလိုက်နိုင်ခဲ့ကာ ခမရ ၁၁၅ ၊ခမရ ၁၁၄ နှင့် စစ်မှုထမ်းဟောင်းရုံးဘက်၌ ဆက်လက်တိုက်ပွဲ ပြင်းထန်နေကြောင်း TNLA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးထံက သိရသည်။ အလားတူ ကျောက်မဲမြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းတို့ကို TNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေကြောင်းလည်း သိရသည်။၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/DPLA တပ်ဖွဲ့နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY - PDF တပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး
ဇွန် ၂၅ ၊ Mizzima
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့နိုင်ငံရေး ပါတီတွေရဲ့ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ထားပါတယ်။ NSPNC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီ များအစုအဖွဲ့တို့ ဆွေးနွေးမှုမှာ ဒီမိုကရေစီကို ဦးတည်တဲ့ ပုဒ်မတွေပြင်ဆင်ဖို့ သဘောတူနိုင်ခဲ့တယ်လို့ ပါတီအစုအဖွဲ့ဘက် က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေအပါအဝင် အပစ်ရပ်ထိုး EAO တွေနဲ့ ဆွေးနွေးညှိနှိုင်းရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ဆွေးနွေးဖို့ ဇွန် ၁၉ နဲ့ ၂၀ ရက်နေ့တို့မှာ နှစ်ဘက်ကိုယ်စားလှယ် တွေက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ နှစ်ရက်တာ ဆွေးနွေးမှုမှာ နိုင်ငံရေးပါတီအများအစုအဖွဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဦး တည်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တာကိုတင်ပြခဲ့ပြီး NSPNC ဘက်က မူအားဖြင့် သဘောတူညီခဲ့တာလို့ သိရပါတယ်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံရေးပါတီများ အစုအဖွဲ့တွေရဲ့ အလုပ်အဖွဲ့မှာ ခေါင်းဆောင်တာဝန်ယူထားကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဒေါက်တာအောင်မြတ်ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ-SNDP)) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ပြည်သူ့ပါတီ (PP) မှ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဒေါက်တာအေးမောင် အပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ NSPNC နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီထဲမှ ပါတီ (၁၆) ခု အဆိုပြုကာ ကိုယ်စားလှယ် (၁၆) ယောက်ကို မေလ ၂၅ ရက်နေ့က ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ ကျောက်မဲတွင် လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံး
ဇွန် ၂၅ ၊ Mizzima
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၆ နာရီမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးထိမှန်၍ သေဆုံးသူ အရပ်သား ငါးဦးထက်မနည်းရှိပြီဖြစ်ကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်း ကျောက်မဲမြို့ ပိန်းနင်ရပ်ကွက်ထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခြားနေရာများ တွင်လည်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “ကျောင်းသားတွေလည်း ထိတယ်နော်၊ သေတဲ့လူ ငါးယောက်ကျော်ပြီ မိုင်းကျလို့ (လက်နက်ကြီး) ၊ ကျောင်းသူတဦးလည်း လက်နက်ကြီးထိတယ်၊ အထက (၄) G ( က တယောက်ထိတယ်” ဟု ကျောက်မဲဒေသခံတဦးက ပြောသည်။ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်း ဘက် စစ်ကောင်စီတပ်၏ ခမရ (၅၀၁) နှင့် (၅၀၂) တပ်ရင်းနှစ်ခုကို တအာင်းတပ်မတော် (TNLA) က ယနေ့ ဇွန်လ ၂၅ ရက် နေ့ နံနက် ၆ နာရီမှ စတင်မှစတင်ကာ တိုက်ခိုက်ရာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စခန်းသာဖက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
၈။ စစ်တွေမြို့အနီး ဒေသခံအမျိုးသား ၆၀ ခန့်ကို စစ်တပ်ဖမ်းထား
ဇွန် ၂၅ ၊ Myanmar Now
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အနီးရှိ အမြင့်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသား ၆၀ ခန့်ကို စစ်ကောင်စီတပ်က ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။အာရက္ခတပ်တော် (AA) ၏ ထိုးစစ် အချိန်မရွေး ရောက်လာနိုင်သည့် အခြေအနေတွင် စစ်တပ်က ရန်ကုန်−စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသည့် ထိုရွာအတွင်း အမျိုးသားများကို ကွင်းပြင် တွင် စုဝေးစေပြီး အမျိုးသမီးများကို ဘုန်းကြီးကျောင်းတွင် စုဝေးစေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူများတွင် ခြေတစ်ဖက်ပြတ်နေသည့် အမျိုးသားတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။ ထိုသူများကို စစ်တွေ မြို့ ခြေမြန်တပ်ရင်း ခမရ ၃၄၄ သို့ ခေါ်ဆောင်သွားသည်ဟု ကြားရသော်လည်း အဆက်အသွယ်မရ၊ ပြန်လည်လွတ်မြောက် ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်တွေ ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) သို့ သွားရောက်စုံစမ်းခဲ့သော်လည်း အဖြေ မရကြောင်း၊ ထိုရွာတွင် နေသူများ စစ်တွေမြို့သို့ ပြောင်းရွှေ့နေရန်သာ ဖိအားပေးခံရသည်ဟု ကြားသိရကြောင်း အထက်ပါ ဒေသခံက ပြောသည်။
၉။ ဟားခါးတွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့
ဇွန် ၂၅ ၊ Mizzima
ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ ထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ခြောက်လမ်းဆုံကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်များကို ဓာတ်ဆီလောင်းကာ မီးတင်ရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန့်နေ့ (ဇွန်လ ၂၄ ရက်) ည ၁၀ နာရီခန့်တွင် ဟားခါးမြို့ ၊ ထာရ်ရပ်ကွက်ရှိ ခြောက်လမ်းဆုံကင်းစခန်းကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ ပစ်ခတ်မှုအနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီး သန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်က အဆိုပါရပ်ကွက်ရှိ လူနေအိမ်များကို မီးရှို့သွားခြင်းဟု ဆိုသည်။“ခြောက်လမ်းဆုံမှာ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ထာရ်ရပ်ကွက်က လူနေအိမ် ၁၀ လုံးကို မီးရှို့တယ်။ တချို့အိမ်တွေက လူရှိရဲ့ သားနဲ့ အကုန်လုံးဓာတ်ဆီနဲ့ အဝတ်ဆုတ်နဲ့ လောင်းပြီးမီးရှို့တာသွားတာဗျ။ စကစတပ်သားတွေ ပြန်သွားပြီးမှ မီးလောင်နေ တဲ့ နေအိမ်အချို့ကို ပြည်သူတွေက မီးငြိမ်းသတ်နိုင်ကြတယ်” ဟု ဟားခါးမြို့နေဒေသခံတဦးက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်၏ ညအချိန်တွင် မီးတင်ရှို့မှုကြောင့် လူနေအိမ် ခုနစ်လုံးကို မီးငြိမ်းသတ်နိုင်ခဲ့သောလည်း လူနေအိမ်သုံးလုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံက ဆိုသည်၊။
၁၀။ အင်းတော်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံ သေဆုံး
ဇွန် ၂၅ ၊ Mizzima
အင်းတော်မြို့၊ စစ်တပ်ကုန်းရှိ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် နားခါရွာဘုန်းကြီးကျောင်းအနီးရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသားတဦး သေဆုံးခဲ့ကြောင်း Indaw Revolution IR အဖွဲ့က ယနေ့ (ဇွန်လ ၂၅ ရက်) တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်းတွင် ၆၀ မမ လက်နက်ကြီးကျည် တလုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးစိုးနိုင် (အသက် ၆၅ နှစ်) သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Indaw Revolution IR အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ၎င်းက “ ခါးအောက်ပိုင်း လိင်အင်္ဂါနားတဝိုက်ကို ထိတာ ၊ ညဘက်ကြီးဖြစ်တာ ဆိုတော့ ညမထွက်ရ အမိန့်ကလည်းရှိနေတာ့ ဆေးထွက်ကုဖို့ အဆင်မပြလို့ ထင်တယ် မနက် ၃ နာရီ လောက်မှာ ရရှိထားတဲ့ ဒဏ်ရာ နဲ့ ပဲဆုံးသွားတာ” ဟု ပြောသည်။ နားခါ ကျေးရွာသည် အင်းတော်မြို့ စစ်တပ်ကုန်း နှင့် တမိုင်နီးပါးသာ ကွာဝေးသည့် ကျေးရွာတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ၏နေအိမ်လည်းပျက်စီးသွားကြောင်း သိရသည်။
၁၁။ မိုးကုတ် ကျေးရွာများကို စစ်တပ် ဗုံးကြဲသဖြင့် ပြည်သူ ၂ ဦး သေဆုံး
ဇွန် ၂၅ ၊ DVB
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ လယ်ကြီးကျေးရွာနဲ့ မိုင်းလုံမြို့နယ် ပိန်းအင်ကျေးရွာတို့ကို ဇွန် ၂၄ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောက်တလုံးရွာက ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မိုးကုတ်မြို့နယ် အနီးနားကျေးရွာနေ ဒေသခံတဦးက “မနေ့ညက အိပ်တောင်မအိပ်သေးဘူး၊ လေယာဥ်နဲ့လာကြဲတာ၊ စုစုပေါင်း ၁၁ လုံးကြဲတယ်။ ကျောက်တလုံး၊ ပိန်းအင်၊ လယ်ကြီးရွာတွေမှာ ကျတယ်။ ကျောက်တလုံးက လူနေအိမ်ပေါ်ကျပြီး မိသားစုလိုက် ထိထား တယ်။ တယောက်က ခြေထောက်ပြတ်ထွက်သွားတဲ့ ဒဏ်ရာနဲ့ ဆွဲထုတ်ချိန်မှာ ဆုံးသွားတယ် ပြောကြတယ်။ နောက်ထပ် တယောက် သေတယ်” လို့ ပြောပါတယ်။စစ်ကောင်စီတပ် လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် ကျောက်တလုံးကျေးရွာ နေအိမ် ပေါ်ကျပြီး မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ရာက အဘွားအိုတဦး၊ အမျိုးသမီးတဦး သေဆုံးပြီး ဒဏ်ရာရသူ ၂ ဦးက မိုင်းလုံမြို့ဆေးရုံမှာ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Comments