top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်

နေ့စဉ်သတင်းစုစည်းမှု

27-June-2024



တိုက်ပွဲသတင်း

 

၁။ ၁၀၂၇ ဒုတိယလှိုင်း ၂ ရက်အတွင်း အကြမ်းဖက်စစ်တပ်စခန်း ၂၄ ခု သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ သေဆုံးကာ စစ်သား ၁၇ ဦး ဖမ်းမိ

 

ဇွန် ၂၇ ၊ D Day News

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးရေး ဒုတိယလှိုင်း ၂ ရက်အတွင်း အကြမ်းဖက် စစ်တပ်စခန်း ၂၄ ခု သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ သေဆုံးကာ စစ်သား ၁၇ ဦး အရှင် ဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရှမ်းပြည် နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်၊ မိုးမိတ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်ရရှိကာ စစ်သား ၁၇ ဦးအရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။အဆိုပါ (၂) ရက်တာတိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော် စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်း များကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင် ကုန်းတို့အား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲကာလအတွင်း စစ်သား ၂၀ သေဆုံးပြီး လက်နက်ချအလင်းဝင်ရောက်သည့် ၁၇ ဦးနှင့် လက် နက် မျိုးစုံ (၅၁) လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁) လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

၂။ မိုးကုတ်မြို့အနောက်ပိုင်းနဲ့ ကျပ်ပြင်ရဲစခန်းတဝိုက် တိုက်ပွဲဆက်ရှိ

 

ဇွန် ၂၇ ၊ BBC

 

၁၀၂၇ အဆက် မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းနဲ့ ကျပ်ပြင်ရဲစခန်းတဝိုက်မှာ ဒီကနေ့ ဇွန် ၂၇ ရက်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ TNLA - တအာင်းတပ်၊ MDY PDF ပူပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၆ ရက် ညပိုင်းက စစ်ကောင်စီဘက်က လေကြောင်းကနေပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေါ်နန်းကြည်တောင် တပ်စခန်းနဲ့ မိုးကုတ်မြို့အနောက်ပိုင်းက အေးစေတီ တောင်နေရာတွေကို ဇွန်လ ၂၆ ရက်က စပြီး TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေတာဖြစ်ပြီး စခန်းတချို့ကို သိမ်းပိုက် ထားပြီဖြစ်ပါတယ်။

 

၃။ နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ် ထိန်းချုပ်

 

ဇွန် ၂၇ ၊ Mizzima

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် ခမရ (၁၁၅)တို့ကို တအာင်းတပ်မတော် (TNLA) နှင့် မဟာမိတ် ပူးပေါင်းတပ်များ က ထိန်းချုပ်လိုက်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ကြေညာသည်။

နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ယမန်နေ့ (ဇွန်လ ၂၅ ရက်) တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တရက်အကြာတွင် နောင်ချိုမြို့ကို ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။မြို့ပေါ်ကို ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ (၁၁၄)နှင့် (၆၀၆) အမြောက်တပ် ရင်းများကို TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်း ဆိုသည်။ မြို့အဝင် တိုးဂိတ်ရှေ့၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးရှေ့နှင့် အမှတ် (၃၅၂) အမြောက်တပ်ရင်းရှေ့တွင် မဟာမိတ်တပ်များ လုံခြုံရေးယူထားသည့် မှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထား သည်။ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင် စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆိုသည်။ လက်ရှိမှာ မိုးကုတ်မြို့ နှင့် ကျောက်မဲမြို့တို့ကိုလည်း မဟာမိတ်များနှင့် လက်တွဲကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်း အများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ပြောထားသည်။

 

၄။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို MDY- PDF သိမ်းပိုက်

 

ဇွန် ၂၇ ၊ Mizzima

 

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းများဖြစ်သည့် ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်း တောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY- PDF က မဇ္ဈိမကို ယနေ့ (ဇွန်လ ၂၇ ရက်) တွင် ပြောသည်။အင်ကြင်းမြိင်ရှိ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ အနေဖြင့် အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကို လက်မလွှတ်ရဖို့အတွက် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိရာ ယနေ့ဆိုလျင် သုံးရက်မြောက် ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထိုးစစ်ဆင်နေဆဲ ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” နှင့်အတူ စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှဲလျက်ရှိရာ ကျောက်မဲ ၊နောင်ချို၊ မိုးကုတ် နှင့် မတ္တရာစစ်မျက်နှာများတွင် ပူးတွဲစစ်ဆင်ရေးများ ဖော်ဆောင်နေခြင်း ဖြစ်သည်။

 

၅။ နောင်ချိုရှိ အမြောက်တပ်ရင်းနှင့် အုမ္မခါး ရွာရှိ တပ်စခန်းကို TNLA ထပ်သိမ်း

 

ဇွန် ၂၇ ၊ Mizzima

 

ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိ အမြောက်တပ်ရင်း အမတ (၆၀၆) နှင့် အုမ္မခါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ပြီဟု ယနေ့ (ဇွန်လ ၂၇ ရက်) တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်သည်။ နောင်ချိုမြို့နယ်ရှိ အမြောက်တပ်ရင်း (၆၀၆) ကို ယနေ့နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ပြင်ဦးလွင်နှင့် နောင်ချိုမြို့ကြား အုမ္မခါး ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ နောင်ချိုမြို့ကို နှင့် နောင်ချိုမြို့အခြေစိုက် ခြေလျင် တပ်ရင်း ခမရ (၁၁၅) ကို TNLA နှင့် ပူးပေါင်းတပ်များမှ ယမန်နေ့တွင် ထိန်းချုပ်ပြီးနောက် လက်ကျန်တပ်စခန်းကို ယနေ့တွင် ထပ်သိမ်းနိုင်လိုက်ခြင်း ဖြစ်သည်။ ယနေ့ ဇွန် ၂၇ ရက်နေ့တွင်လည်း မိုးကုတ်မြို့နယ် အေးစေတီ တွင်တပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့များကို TNLA မှလည်းကောင်း၊ ကျောက်မဲမြို့ရှိ စကခ(၁)၊ ခမရ(၅၀၁) နှင့် (၅၀၂) တပ်စခန်းများ ကိုလည်း TNLA နှင် MDY PDF တို့က ပူးပေါင်းတိုက်ခိုက်နေကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

 

၆။ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဗုံးကျဲ တိုက်ခိုက်မှု ဗိုလ်အဆင့် ရှိသူတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

 

ဇွန် ၂၇ ၊ D Day News

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF ထံမှ သိရသည်။ဇွန်လ ၂၅ ရက်ညနေ ၃ နာရီ ၅၀ မိနစ်အချိန်က မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ၊ ဘုန်းကြီး ကျောင်း၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF ၏ Drone တပ်ဖွဲ့မှ Shar Htoo WOW နည်းပညာသုံး Fixed Wing Drone ဖြင့် ၁ ကြိမ် ၆၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ဒရုန်းနဲ့ တစ်ကြိမ်ချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပဲ ပစ်ခတ်ခဲ့တာ၊ လက်နက်ငယ်နဲ့ အပြန်အ လှန်ပစ်ခတ်တာမျိုးမရှိခဲ့ဘူး။ သူတို့ဘက်ကလည်း ၄၀ မမနဲ့ တော့ ပြန်ပစ်တာရှိတယ်။ သေတဲ့ ဗိုလ်က ဗိုလ်အဆင့်လို့ပဲ ရှိတယ်၊ ဘယ်နှစ်ပွင့်လည်းဘာလဲ မသိရဘူး။ တပ်စွဲထားတာက ကြာပါပြီ။ အာ ဏာသိမ်းစကတည်းက အဲဒီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF တာဝန်ခံ ကိုလင်းလက်က ပြောကြား သည်။

 

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၇။ သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သို့ သွားရောက်

 

ဇွန် ၂၇ ၊ Mizzima

 

တရုတ်အစိုးရ ဖိတ်ကြားချက်ဖြင့် သမ္မတဟောင်းဦးသိန်းစိန်သည် ယနေ့ (ဇွန်လ ၂၇ ရက်)တွင် တရုတ်နိုင်ငံသို့ ထွက်ခွာ သွားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးက ထုတ်ပြန်သည်။ ဦးသိန်းစိန်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ‌သွားရောက်ချိန်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များက ဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေးကြီး တကျော့ပြန် ဖြစ်ပွားနေချိန်လည်း ဖြစ်သည်။ ၎င်းနှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ ‌လေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနုတို့လည်း တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ ဦးသိန်းစိန်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်လေဆိပ်ဆီ လိုက်ပါပို့ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ က ပို့ဆောင်နှုတ်ဆက်ခဲ့သည်ဟု တရုတ်သံရုံးက ဆိုသည်။ယခုနှစ်ဇွန်လကုန်ပိုင်းတွင် တရုတ်သံအမတ်မှာ အာဏာရှင် ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန် အစရှိသူတို့ကို လိုက်လံတွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၈။ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရ

 

ဇွန် ၂၇ ၊ PVTV

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ ဇွန် ၂၆ ရက် မနက် ၁၀ နာရီမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၀ လုံးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးက PVTV ကို ပြောပါတယ်။ “စစ်ကောင်စီတပ်က လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒေသခံပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်၊ တစ်ဦးကတော့ ဆုံးသွားပြီ”လို့ ဒေသခံပြည်သူတစ်ဦးက PVTV ကို ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက စိန်မြသုက္ခဘုန်းကြီး ကျောင်းနောက်မှာ တစ်လုံး၊ အားမာန်သစ်လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်နားမှာ တစ်လုံးနဲ့ ရှမ်းကုန်း စျေးနားက အိမ်မှာ တစ်လုံး အသီးသီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့ တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်း ထိုးလာတာ ကြောင့် စစ်ရေးတင်းမာလျက်ရှိနေပြီး ဒေသခံပြည်သူတွေအနေနဲ့လည်း အပြင်မထွက်ကြဘဲ ဆိုင်တွေအကုန်ပိတ်ပြီး နေအိမ်ထဲမှာပဲ နေကြရတယ်လို့ သိရပါတယ်။

 

၉။ ကျိုက်ထိုတွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် အမျိုးသမီးသေဆုံး၍ ၂ ဦးဒဏ်ရာရ

 

ဇွန် ၂၇ ၊ Mizizma

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အခိုင်ကျေးရွာအတွင်းသို့ စစ်ကောင်စီ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုး သမီး တဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဇွန်လ ၂၅ ရက် ညပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် အမြောက်တပ် အမတ(၃၁၀)မှ ၈၁ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် တလုံးပေါ် ကျရောက်ပေါက်ကွဲရာမှ ဒေသခံများ ထိခိုက်၊ သေဆုံးရခြင်းဟု သိရသည်။ လက်နက်ကြီးစထိမှန် သေဆုံးသူမှာ အသက် ၂၀ အရွယ်ရှိ မလှယမင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ကိုဝင်းဆန်းနှင့် အသက် ၁၀ နှစ်အရွယ် မဖြူစင်မိုး တို့နှစ်ဦး ခြေထောက် တွင် ဒဏ်ရာရခဲ့ကာ မဖြူစင်မိုး​၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရသည်။ စစ်ကောင်စီအမြောက်တပ် (၃၁၀) နှင့် ခြေမြန် တပ်ရင်း ခမရ (၂၀၇) တို့သည် ဇွန်လ ဒုတိယအပတ်မှစ၍ ကျိုက်ထိုမြို့နယ်အပိုင်၊ စစ်တောင်းမြစ်အနီးရှိ အခိုင်၊ မုက္ကမော့၊ စစ်ကွင်း၊ ခရွဲ အစရှိသည့် ကျေးရွာများအတွင်း နေ့စဉ်နီးပါး လက်နက်ကြီးများ ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ် တဦးက ပြောသည်။



 

 

 


47 views0 comments

Comments


bottom of page