နေ့စဉ်သတင်းစုစည်းမှု
28-June-2024
တိုက်ပွဲသတင်း
၁။ ဘော်လခဲမြို့၊ မယ့်စလောင်းတောင်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်
ဇွန် ၂၈ ၊ Mizzima
ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်တွင် အရေးပါသည့် မယ့်စလောင်းတောင် စခန်းကုန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံမှ သိရသည်။
“မယ့်စလောင်းတောင်ကုန်းစခန်းက ဖရူဆိုကနေ ဘော်လခဲကို ဆက်သွယ်တဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတယ်။ အဲ့တော့ ဘောလခဲကို သွားဖို့ဆို မယ်စလောင်းတောင်စခန်းကုန်းကို ဖြတ်ရတာပေါ့နော်။ အဲ့တော့ ဘော်လခဲမြို့ကို ကာဖို့ အတွက် စစ်ကောင်စီတွေက စခန်းထိုင်ရခြင်း ဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံ စောသအယ်စိုး က မဇ္ဈိမကို ပြောသည်။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ် ပြည်ထောင်စုလမ်းမကြီးဘေး နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက် မယ့်စလောင်းတောင်စခန်းကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ နှစ်ပတ်ခန့်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်း မယ့်စလောင်း တောင်စခန်းကုန်းကို ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း ကရင်နီတော်လှန်ရေး အင်အားစုမှ သိမ်းပိုက်ခဲ့သေးပြီး နောက်ပိုင်းတွင် စစ်ကောင်စီမှ ပြန်လည်အထိုင်ချ တပ်စွဲလာခဲ့သဖြင့် ယခု နောက်ထပ်တကြိမ် ထပ်မံတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။
၂။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်နှင့်အတူ ဖမ်းဆီးခံရ
ဇွန် ၂၈ ၊ Mizzima
မန္တလေး-မတ္တရာ-မိုးကုတ် လမ်းပိုင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း ပြင်ဦးလွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်သည်။
မန္တလေး-မိုးကုတ်လမ်းပိုင်းသည် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မန္တလေးကို ဆက်သွယ်ထား သည့် လမ်းဖြစ်သည်။ ဖမ်းဆီးခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးအနက် နှစ်ဦးမှာ ကာကွယ်ရေးပစ္စည်း (ကပစ) စက်ရုံမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း လက်ရုံးတပ်မှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဖမ်းမိထားတယ်။ ကာကွယ်ရေးအဖွဲ့တွေကဖမ်းထိန်းထားတယ်။ ခရီးသွားတွေလည်း လုံခြုံရေးအရ သတိပြုဖို့လိုပါတယ်" ဟု ပြင်ဦးလွင် ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောသည်။ စစ်ကောင်စီတပ်သား လေးဦးကို သေနတ်လေးလက်၊ ကျည်ဆံ များနှင့်အတူ ယာဉ်နှစ်စီးကိုလည်း သိမ်းဆည်းရရှိကြောင်း ပြင်ဦးလွင် ပကဖထံမှ သိရသည်။ ၎င်းတို့ကို ပြင်ဦးလွင်ခရိုင် ပကဖ နှင့် မတ္တရာမြို့နယ် ပကဖ တို့က ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။
၃။ အင်းတော်၊နန့်သာရွာစစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
ဇွန် ၂၈ ၊ Mizzima
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ အဓိကစခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များက ယနေ့ (ဇွန်လ ၂၈ ရက်)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာရှိ စစ်ကောင်စီတပ်ဖွဲ့ အခိုင်အမာတပ်စွဲထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “နံ့သာစခန်းကို ရပါပြီဗျ။အရှင်နှစ်ဦး ဖမ်းမိထားတယ်။ သေတာတွေ လည်း ရှိပါတယ်ဗျ။ မကြာခင် သတင်းထုတ်ပြန်ဖို့ရှိပါတယ်" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နန့်သာရွာကို လက်နက်ကြီးရော လေကြောင်းမှပါ ပစ်ခတ်ခဲ့ရာ အရပ်သားထိခိုက်မှုရှိကြောင်း ကာကွယ်ရေးဘော်တဦးကပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုနှင့်အရပ်သားထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။ ဇွန်လ ၂၂ ရက်နေ့ ညက တိုက်ပွဲတွင် နန့်သာရွာ ဘုန်းကြီးကျောင်း ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သောကြောင့် ဦးဇင်းတပါးအပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းများဖော်ပြပေးနေသည့် Indaw Revolution -IR အဖွဲ့ထံမှ သိရသည်။
အင်းတော်မြို့မှ ရှစ်မိုင်အကွာခန့်အကွာတွင် တည်ရှိသော နန့်သာရွာတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ကတည်းက စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲခဲ့ပြီး ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
ယမန်နေ့(ဇွန်လ ၂၇ ရက်)ကလည်း အင်းတော်မြို့နယ်၊ နဘားရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
၄။ ဘုတလင်မြို့ပေါ် စစ်တပ်အထိုင်ချ သုံးနေရာကို တစ်ပြိုင်နက်ဝင်တိုက်၊စစ်သား ၂၀ ထက်မနည်း သေဆုံးဟုဆို
ဇွန် ၂၈ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း ဘုတလင်မြို့နယ်ပကဖက သတင်းထုတ် ပြန်သည်။ ဇွန်လ ၂၇ ရက်၊ မွန်းလွဲ သုံးနာရီဝန်းကျင်တွင် ဘုတလင်မြို့ပေါ်ရှိစစ်ကောင်စီတပ်စွဲထားသော CB Bank၊ အထကကျောင်းနှင့် “မိုး”ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်က စစ်တပ် တပ်စွဲတဲ့နေရာ သုံးခုကို တစ်ပြိုင်နက်ဝင်တိုက်တာပါ။အဖွဲ့စုံပါပါတယ်။ဒရုန်းတွေ ၊စက်လတ်တွေ၊RPG တွေ၊လက်နက်ငယ်တွေနဲ့ ဝင်ပစ်တာပါ။ ကျနော်တို့ဘက်က လေးယောက် ထိပါတယ်။ စစ်တပ်ဘက်ကတော့ ၂၀ ထက် မနည်း သေဆုံးမှုရှိတယ်။ဒရုန်းက ၁၀ စင်း နဲ့ ဗုံးကြဲတာပါ” ဟု ဘုတလင်မြို့နယ်ပကဖ၊ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်ပကဖနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၅။ မြို့သစ်မြို့နယ်တွင် လေယာဉ်ဆီပို့ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံးပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီး
ဇွန် ၂၈ ၊ D Day News
မကွေးတိုင်း၊ မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ကျေးရွာကြား သစ်တောဦးစီးဌာနရုံး အနီးတွင် လေယာဉ်ဆီ လာရောက်ပို့ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၃ ဦးသေဆုံးပြီး ကား ၂ စီး တိမ်းမှောက် ပျက်စီးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၂၅ ရက် နံနက် ၇ နာရီ ခန့်က နေပြည်တော်မှ မကွေးမြို့သို့ လေယာဉ်ဆီလာရောက်ပို့ဆောင်သည့် ဆီဘောက်ဆာကား ၅ စီးနှင့် လုံခြုံရေးအဖြစ် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၂၀ ခန့်ပါ ကားတစ်စီးကို မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ ကျေးရွာ ကြား သစ်တောဦးစီးဌာန ရုံးအနီးအရောက် မိုင်း ၈ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆီဘောက်ဆာကားတစ်စီးနှင့် လုံခြုံရေး စစ်သား များလိုက်ပါလာသည့် ကားတစ်စီးတိမ်းမှောက်သွားပြီး အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉၀၃ တပ်ရင်း၊ တပ်ခွဲ ၃ တိုက်ဒေါင်း ပြည်သူ့ကာရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
၆။ ရေစကြိုတွင် ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး
ဇွန် ၂၈ ၊ DVB
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာမှာ အထိုင်ချထားတဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ပျူစောထီး ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ဆီက သိရပါတယ်။ ဇွန် ၂၇ ရက် နေ့လယ် ၁၂ နာရီကနေ ညနေ ၆ နာရီအထိ ပျူစောထီးအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း ပျူစောထီး ၅ ဦး နေရာမှာ သေဆုံးခဲ့ပြီး ပျူစောထီးခေါင်းဆောင် အပါအဝင် ၇ ဦး မိတ္ထီလာ ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက “အဲဒီရွာမှာ ပျူအင်အားတင် ၈၀ ဝန်းကျင်ရှိတယ်။ တခါတလေ စစ်သားတွေ စခန်းလာထိုင်တာရှိတယ်။ ကျနော်တို့က သူတို့ကင်းထိုင် တဲ့ ပျူစခန်းနေရာတွေကို တိုက်တာပါ။ ဆင်ချောင်းက ဗိုလ်ချုပ်စိုးမောင် ရွာဆိုတော့ အာဏာသိမ်းစကတည်းက ပျူစော ထီး အထိုင်ချတဲ့ရွာတွေပါ” လို့ ပြောပါတယ်။ တိုက်ခိုက်မှုကို Southern YSO PDF၊ မြိုင်ပကဖ၊ ပြည်သူ့အားမာန် PDF၊ ရွှေညာမြေ PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ အရှေ့တီမောနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ NUG ဝန်ကြီးတွေ တွေ့ဆုံ
ဇွန် ၂၈ ၊ RFA
အရှေ့တီမောနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဖွဲ့တို့ ဇွန်လ ၂၀၊ ၂၁ နဲ့ ၂၄ ရက် နေ့တွေအတွင်း တီမောနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ တီမောနိုင်ငံဘက်က ဒုတိယဝန်ကြီးချုပ် Mariano Assanami Sabino အပါအဝင် နိုင်ငံခြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတို့ ပါဝင်ပါတယ်။ NUG ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့ ပါဝင်ပြီး မြန်မာနဲ့ တီမောနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အသေးစိတ် ဘာတွေဆွေးနွေးကြသလဲဆိုတာကို မဖော်ပြပေမဲ့ တီမောနိုင်ငံရဲ့ မြန်မာပြည်သူတွေအပေါ် ရပ်တည်ချက်ဟာ လက်ရှိ ခုခံတော်လှန်မှုတွေအတွက် သံတမန်ရေးအရ ထိရောက်တဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံး သပ်သူတွေက RFA ကို ပြောပါတယ်။ အရှေ့တီမောနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့ NUG ကို တရားဝင် ထောက်ခံအားပေးထားပါတယ်။ ဒီအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လထဲမှာပဲ စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးတာဝန်ခံကို နိုင်ငံက အပြီးထွက်ခွာဖို့ နှင်ထုတ်ခဲ့ပါတယ်။
၈။ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဖို့ လမ်းဖွင့်ထားကြောင်း အိန္ဒိယပြော
ဇွန် ၂၈ ၊ RFA
မြန်မာ့အရေးကို ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဇွန်လ ၂၆ ရက်နေ့က လက်ခံတွေ့ဆုံချိန် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို အချိန် မနှောင်းခင် နောက်ကြောင်းပြန်လှည့်ဖို့ တိုက်တွန်းပြီး အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို အဘက်ဘက်က ကူညီဖို့ အသင့် ရှိတယ်လို့လည်း ဆိုပါတယ်။မြန်မာနိုင်ငံက မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ နှစ်နိုင်ငံနယ်စပ်မှာ ဆက်လက်မြင့်တက်လာ တဲ့ အကျိုးဆက်ကို စိုးရိမ်မှုအပေါ် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဂျိုင်ရှန်ကာက သူ့ ရဲ့အိတ်ခ်စ် (X) စာမျက်နှာမှာ ရေးသား ထားပါတယ်။ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာလည်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ တရားမဝင်မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုတွေနဲ့ လူကုန်ကူးမှုတွေတိုက်ဖျက်ရေး ကဏ္ဍမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ ဇွန်လ ၂၈ ရက် ဒီနေ့ ဖော်ပြပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေဒီစီ) ရဲ့ ၁၉ ကြိမ် မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ဒုတိယခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
၉။ ပို့ကုန်ရငွေကျန်သော ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း ထပ်သွင်း
ဇွန် ၂၈ ၊ The Irrawaddy
ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း စစ်ကောင်စီ ၏ လက်အောက်ခံ မြန်မာနိုင်ငံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထား သည်။ အမည်ပျက်စာရင်းအသွင်းခံရသည့် ကုမ္ပဏီများမှာ ASIA WHALE TRAVELS & TOURS ကုမ္ပဏီ၊ CHENGFANG ကုမ္ပဏီ၊ CHINA INTERNATIONAL FORESTRY GROUP CORP ကုမ္ပဏီ၊ ဒေါနအလင်း ကုမ္ပဏီ၊ ဒီဇင်မာမိုး ကုမ္ပဏီ၊ IIDA ELECTRONICS (MYANMAR) ကုမ္ပဏီ၊ JPM MYAWADDY ကုမ္ပဏီ၊ ကြယ်စင်ခ ကုမ္ပဏီ၊ LIN & LEE PRIVATE ကုမ္ပဏီ၊ လင်းဝေယံ ကုမ္ပဏီ၊ M2M MARKETING (MYANMAR) ကုမ္ပဏီ၊ မိုးမြင့်ယံ ကုမ္ပဏီအစရှိသော ကုမ္ပဏီများ ဖြစ်သည်။
ထို့ကြောင့် အထက်ပါကုမ္ပဏီများသည် ပို့ကုန်ရငွေ ပေးသွင်းရန် ကျန်ရှိသောကြောင့် ယခုဇွန်လ ၂၆ ရက်မှစတင်၍ အမည် ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ကြောင်း DICA က ဆိုသည်။ အမည်ပျက်စာရင်းအသွင်းခံရသည့် ကုမ္ပဏီများမှာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီများ၊ မြဝတီနယ်စပ်တွင် ပြောင်းဆံရောင်းဝယ်သည့် ကုမ္ပဏီ၊ အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ ခရီးသွားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဆေးဝါးဖြန့်ချိရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများအပါအဝင် ဆောက်လုပ်ရေးကုမ္ပဏီ၊ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းများ လည်း ပါဝင်ကြောင်း သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စားအုန်းဆီတင်သွင်းရာတွင် မသမာမှု ပြုလုပ်ခဲ့သည် ဟုဆိုကာ စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန်၏ AYEYAR HINTHAR TRADING ကုမ္ပဏီ အပါအဝင် နာမည်ကြီး ကုမ္ပဏီ ၈ ခုကို DICA က အမည်ပျက်စာရင်းသွင်းထားသည်။ ယင်းအမည်ပျက်စာရင်းအသွင်းခံထား ရသော ပို့ကုန်၊ သွင်းကုန် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတချို့မှာ ပြီးခဲ့သည့် နှစ်အတွင်းကလည်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်းမရှိသဖြင့် ပိုင်ရှင်များကို အကြောင်းကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၁၀။ မြဝတီ တပ်မ ၄၄ တပ်မမှူး စစ်ကောင်စီ စစ်ဆေး
ဇွန် ၂၈ ၊ The Irrawaddy
မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ-၂၇၅ တပ်ရင်းဌာနချုပ်အား ယခုနှစ် ဧပြီလ ၁၁ ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်စဉ် ထိုင်းမြန်မာ နယ်စပ်အနီး အမှတ် ၂ ချစ်ကြည်ရေးတံတားသို့ ဆုတ်ခွာပြီး ခုခံတိုက်ခိုက်ခဲ့သော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်အား အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် စစ်ကောင်စီက စစ်ဆေးနေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရ သည်။ “ စစ်ဆေးနေတာတော့ နဲနဲကြာနေပြီ၊ အခုထိတော့ အမိန့်မချသေးဘူး” ဟု ဧရာဝတီသတင်းရင်းမြစ်တဦးက ဆို သည်။ ယင်းသို့ အမှတ် ၂ ချစ်ကြည်ရေးတံတားခြေရင်းတွင် စခန်းချနေသော တပ်မ ၄၄ တပ်မမှူးနှင့်အဖွဲ့အား KNLA/PDF တပ်များက သွားရောက်တိုက်ခိုက်ခဲ့၍ တပ်မမှူး ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရသည်။
ထို့နောက် တပ်မမှူးအား ထိုင်းအစိုးရ၏အကူအညီဖြင့် ရဟတ်ယာဉ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်ခဲ့ပြီး ဒဏ်ရာ သက်သာလာပြီးနောက် ယင်းသို့ အစစ်ဆေးခံနေရခြင်း ဖြစ်သည်။ အဆိုပါ ခလ၇ ၂၇၅ တပ်စခန်းနေရာ၌ နေရာယူထား သည့် ကရင်တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးလိုက်ပြီးနောက် ကရင်နယ်ခြားစောင့်တပ် (BGF)၏ အကူအညီ ဖြင့် စစ်ကောင်စီဘက်က ပြန်လည် နေရာယူခဲ့သည်။
၁၁။ စစ်ကောင်စီအား ပံ့ပိုးနေသည့် ထိုင်းဘဏ်များ စုံစမ်းမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဇွန် ၂၈ ၊ The Irrawaddy
စစ်တပ်၏ လက်နက်ဝယ်ယူမှုအပါအဝင် အထောက်အပံ့ကောင်းများ ရရှိစေရန် ထိုင်းဘဏ်များက ပံ့ပိုးနေသည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် အလေးအနက်ထား စုံစမ်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းသတင်းများတွင် ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူး က စစ်ကောင်စီသည် ထိုင်းဘဏ်များမှတဆင့် စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေကြောင်း ဇွန်လ ၂၆ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စစ်ကောင်စီ၏ လက်နက်ဝယ်ယူမှုများမှာ တနှစ်အတွင်း နှစ်ဆတိုးပြီး ဒေါ်လာ သန်း ၁၂၀ ကျော်အထိ မြင့်တက်လာကြောင်း၊ အဆိုပါ ဝယ်ယူမှုများတွင် ငွေကြေးလွှဲပြောင်းမှု ချောမွေ့ အဆင်ပြေစေရန် ထိုင်းဘဏ်အချို့က ကူညီပေးခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစီရင်ခံစာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း Kaohoon သတင်းဌာနကို ပြောသည်။ ထိုင်းအခြေစိုက်ဘဏ်များမှတဆင့် စစ်ကောင်စီအတွက် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖိုး လက်နက်နှင့် ဆက်စပ်ပစ္စည်းဝယ်ယူတင်ပို့မှုများ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၃၀ နီးပါးအထိ နှစ်ဆကျော် တိုးလာကြောင်း အစီရင်ခံစာက ဆိုသည်။ အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် အသုံးပြုသည့် Mi-17 နှင့် Mi-35ရဟတ်ယာဉ်များအတွက် လိုအပ်သော အစိတ်အပိုင်းများကို ယခင်ကစင်ကာပူအခြေစိုက် အဖွဲ့အစည်း များမှတဆင့် စစ်ကောင်စီက ဝယ်ယူခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံအရင်းအမြစ်များမှတဆင့် ဝယ်ယူခဲ့ကြောင်း သိရ သည်။ ဥပမာအားဖြင့် Siam Commercial Bank သည် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်အတွက် လက်နက်နှင့် စစ်ပစ္စည်း ဝယ်ယူမှု ဒေါ်လာ ၅ သန်းသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၀၀ အထိ တိုးလာကြောင်း ဆိုထားသည်။
SCB ဘဏ်အနေဖြင့် လက်နက်ရောင်းဝယ်ခြင်းများနှင့် ချိတ်ဆက်မှုမရှိဟု ငြင်းဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၂။ ဧရာဝတီမြစ်ထဲ ထင်းဆယ်နေသူတွေ ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ
ဇွန် ၂၈ ၊ RFA
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ ဇွန်လ ၂၇ ရက်နေ့က ဧရာ၀တီမြစ်ထဲ ထင်းဆယ်နေတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာ မြစ်အတွင်း ထင်းဆယ်နေတဲ့ ဒေသခံတွေကို ထုံးကြီးရွာ ပျူစောထီးစခန်းကနေပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ရေယာဉ်ပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် အသက် ၅၁ နှစ် အရွယ် တုတ်ကုန်းရွာသား ဦးစိုးအောင် သေဆုံးပြီး နောက်ထပ် လူလတ်ပိုင်းအမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။“ပစ်ခံရတဲ့သူတွေက တုတ်ကုန်းရွာသားတွေ။ မြစ်လယ်ခေါင်မှာ ထင်းဆယ်နေတဲ့အချိန် သံခွန် (ရေယာဉ်) ပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။ တစ်ဦးက ရင်ဘတ်ကိုမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ဆေးခန်းပို့လိုက်ရတယ်”။ ဒဏ်ရာရတဲ့သူနှစ်ဦးကိုတော့ ဆေးကုသမှုပေးထားပြီး စိုးရိမ်စရာမရှိတော့ ဘူးလို့ သူက ပြောပါတယ်။ ဒီပစ်ခတ်မှုကိုလုပ်ခဲ့တဲ့ ရေယာဉ်ပေါ်က စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့တွေဟာ ဧရာဝတီမြစ်ထဲ မှာ ထင်းဆယ်နေတဲ့ ဆင်ကျွန်းရွာသား အမျိုးသားသုံးဦးကိုလည်း ရွာသာရွာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၁၃။ လက်နက်ကြီးကြောင့် မိုးကုတ်မှာ သံဃာသုံးပါး ပျံလွန်
ဇွန် ၂၈ ၊ RFA
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ရှမ်းတောရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ် ဇွန်လ ၂၇ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် သုံးပါး ပျံလွန်တော်မူပြီး နှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဒီလက်နက်ကြီးကို ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။“တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး ကျတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း ဝေးပါတယ်။ ဘက်ကပစ်လိုက်တာလဲတော့ မသိရသေးပါဘူး”ဒဏ်ရာရရှိထားတဲ့ ကိုရင် နှစ်ပါးကတော့ မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ပြောပါတယ်။ မိုးကုတ်မြို့ အနောက်ခြမ်းမှာတော့ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
၁၄။ မိုးကုတ်မြို့တွင်းတိုက်ပွဲ ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံး
ဇွန် ၂၈ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်တွင် (ဇွန် ၂၇ ရက်) ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ မိုးကုတ်မြို့အနောက်ပိုင်း၊ကသဲရပ်ကွက်ရှိ နေအိမ်ပေါ်သို့လက်နက် ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူးထရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက် ကြီး ကျရောက်ခဲ့ခြင်းကြောင့် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။ မိုးကုတ်မြို့ အနောက်ပိုင်း လူးထရပ်ကွက်၊ ကသဲရပ်ကွက်၊ ကျပ်ပြင်ရပ်ကွက်နှင့်တောင်ပေါ်ကုန်းရပ်ကွက်များထဲသို့ လက်နက်ကြီး ကျရောက်ခြင်းကြောင့် နေအိမ် ၁၂ လုံးခန့် ပျက်စီးသွားကြောင်းသိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် ပြည်သူ့နေအိမ်များဆီသို့ လက်နက်ကြီးကျရောက်ခြင်းကြောင့် မည်သည့်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သလဲဆိုသည်ကို အတိအကျမပြောနိုင်သော်လည်း မိုးကုတ်မြို့တိုက်ပွဲအတွင်း ပြည်သူနေအိမ်များဘက်သို့ စစ်ကောင်စီတပ်၏လက်နက်ကြီး များ ဦးတည်ထားပြီး TNLA တပ်၏ လက်နက်ကြီးမှာ စစ်တပ်စခန်းများဆီသို့သာ ဦးတည်ပစ်ခတ်နေကြောင်း ဒေသခံ အချို့ထံက သိရသည်။
၁၅။ တနင်္သာရီမှာ လက်နက်ကြီးကြောင့် တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ
ဇွန် ၂၈ ၊ RFA
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလရွာထဲကို ဇွန်လ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ဒီနေ့ မနက် ၉ နာရီလောက်မှာ ပလရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ အမျိုးသမီး တစ်ယောက် ဆုံးသွားတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ”
ဇွန်လ ၂၇ ရက်နေ့ကလည်း တနင်္သာရီနဲ့ ပုလောမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာက ဒေသခံတစ်ဦး ဒဏ်ရာရသွားတယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ ကလည်း တနင်္သာရီမြို့နယ်ထဲက ရွာသုံးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၆။ မောင်တောတိုက်ပွဲ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ နှစ်ဆယ်ခန့် သေဆုံး
ဇွန် ၂၈ ၊ RFA
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ကို သိမ်းပိုက်ဖို့အတွက် ရက္ခိုင့်တပ်တော် (AA) အခုရက်ပိုင်းတွေအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေ နဲ့ ခုခံကာကွယ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ ရွှေဇား၊ ဇင်တူလာ၊ ဟော်ရိုက်တာလာ၊ ဇူလနဲ့ အမှတ် (၅) ရပ်ကွက်တွေအပြင် မြို့နဲ့ ကပ်ရပ်မှာရှိတဲ့ ကျေးရွာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရမှုကြောင့်အခုသီတင်းပတ် အတွင်း သေဆုံးတဲ့ ရိုဟင်ဂျာ နှစ်ဆယ်ခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။ အရပ်သားထိခိုက်မှု အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဇွန်လ ၂၇ ရက်မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရွှေဇားကျေးရွာအုပ်စုက လူနေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုငါးဦးရှိတဲ့အထဲက နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလက်နက်ကြီးကျည်ဟာ ဇင်တူလာကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်က ပစ်ခတ်တာလို့ ဆိုပါတယ်။မောင်တောမြို့မှာ လက်နက်ကြီးကြောင့် သေဆုံးရသူဟာ နေ့စဉ်ရှိတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ မောင်တောမြို့ပေါ်က ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။
Comments