top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်

Updated: Jun 30

ဆ နေ့စဉ်သတင်းစုစည်းမှု

29-June-2024


တိုက်ပွဲသတင်း


၁။ ကျွန်းလှတွင် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်မှု ၂ ဦး ဖမ်းဆီးရမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

ဇွန် ၂၉ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာတို့တွင် တပ်ဖြန့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး အရှင်ဖမ်းမိကာ သေနတ်ရှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက ဇွန်လ ၂၈ ရက်နေ့တွင် သတင်းထုတ် ပြန်သည်။ ယမန်နေ့ ဇွန်လ ၂၈ရက်နေ့ နံနက် ၄နာရီခန့်တွင် ကျွန်းလှမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ(၃၆၁) နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်သားများသည် အင်တိုင်းရွာနှင့်ကျောက်ပုံကုန်းရွာတို့တွင် တပ်ဖြန့်အခြေပြုတပ်စွဲရန် ပြင်ဆင်နေချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးဘက်က ထိခိုက်သေဆုံးမှုများတယ်၊ စစ်သုံ့ပန်း နှစ်ဦးဖမ်းမိထားပါတယ်။ လက်နက်ရှစ်လက် ရရှိထားပါတယ်။ လက်ရှိက စစ်ရေးတင်းမာနေဆဲပါ” ဟု မြေပြင်သတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။ အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် နှစ်ဦးမြင့်မြတ်စွာကျဆုံးသွားပြီး ရဲဘော်အချို့ကလည်း မစိုးရိမ်ရ ထိခိုက် ဒဏ်ရာများရရှိထားကြောင်း မြေပြင်သတင်းရင်းက ဆိုသည်။အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ဗျူဟာ-၅၂ ၊ ရွှေဘိုခရိုင် တပ်ရင်း(၇၊ ၈၊ ၁၀၊ ၁၆)၊ တန့်ဆည်မြို့နယ် ပကဖ၊ စစ်ကိုင်းတိုင်း ပကဖ၊ ကျွန်းလှမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂။ လားရှိုးမြို့အနီး တိုက်ပွဲဖြစ်

 

ဇွန် ၂၉ ၊ Mizzima

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့အနီးတွင် ယနေ့( ဇွန် ၂၉ ရက်)နေ့လယ်ပိုင်း၌ တိုက်ပွဲစတင် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ “မြို့နဲ့ ၁၂ မိုင် ၁၆ မိုင်လောက်အကွာမှာ ဖြစ်နေကြတာ။ တပ်(စကစတပ်) ဘက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တာလဲဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ဘူး။ မြို့ထဲ မှာ တချို့ဆိုင်တွေတော့ ပိတ်နေကြပြီ” ဟု လားရှိုးမြို့ခံတဦးက မဇ္ဈိမကို ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

လားရှိုးမြို့အနီးတွင် ယနေ့တိုက်ပွဲဖြစ်ပွားနေသည်မှာ စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ရန် MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို ဆက်သွယ်ထား ဆဲ ဖြစ်သည်။ လားရှိုးမြို့အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်၌ ကိုးကန့်တပ် MNDAA တပ်မှ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ခြင်းများရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန် ၂၅ ရက်နေ့မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို စသည့်မြို့များတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်ပွားနေခဲ့သော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လားရှိုးမြို့အနီးတွင် ယနေ့မှ တိုက်ပွဲသံများ ကြားရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

 

၃။ နောင်ချိုတိုက်ပွဲတွင် စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ

 

ဇွန် ၂၉ ၊ The Irrawaddy

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ရှုခင်းသာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၁၄၆ တပ်စခန်းတွင် ယနေ့ နံနက် ၇ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ ကြောင်း တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဓာတ်ပုံများနှင့်တကွ ယနေ့ ထုတ်ပြန်သည်။

အလားတူ နောင်ချိုမြို့ရှိ ခမရ ၆၀၆ ဒုံးတပ်ရင်း၌ ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသလို စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နောင်ချိုမြို့ပေါ် ရပ်ကွက်များ၌ ဒေသခံတချို့ ပိတ်မိနေကြောင်း သိရသည်။အလားတူ” ၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ အနေဖြင့် မိုးမိတ် မြို့နယ် ရွှေဆာလီကျေးရွာ ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်က TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့နယ် လွယ်ဝိန်းတောင်ရှိ စကခ ၂၁၊ ခလရ ၂၂၃ တပ်စခန်းတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ကလည်း ကျောက်မဲမြို့၊ အင်ကျင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ဖြင့် တကြိမ်၊ ည ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲချခဲ့ကြောင်း TNLA က ပြောသည်။

 

၄။ နွားထိုးကြီးတွင် ရွာစဥ်လှည့် မီးရှို့နေသည့်စစ်တပ် မိုင်းဆွဲခံရပြီး ငါးဦး သေဆုံးဟုဆို

 

ဇွန် ၂၉ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ရွာစဥ်လှည့်မီးရှို့နေသော စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း သိရသည်။ ဇွန်လ ၂၈ ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ် ကန်ဆင့်(မြောက်)ရွာမှ ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီစစ်တပ်စစ်ကြောင်းက အရင်ဆုံး လက်သမားကန်ကို ကားနှစ် စီးနဲ့ဝင်တာ။ဝင်တဲ့အချိန်လည်း သေနတ်တွေနဲ့ ပစ်ပြီးမှ ဝင်တာ။ရွာထဲက အမျိုးသားတစ်ဦး ခြေထောက်ကို ကျည်မှန်သွားတယ်။ရွာထဲက အိမ် ငါးလုံးကို မီးရှို့တယ်။လက်သမား ကန်ရွာထဲကနေပြီး ဘေးနားက ရွာတွေကို လက်နက်ကြီးနဲ့ ထပ်ပစ်တယ်။အဲ့ဒီကနေ အပြန်မှ မိုင်းဆွဲခံရလို့ ငါးဦးသေတာ။ အလောင်းတွေသယ်ပြီး မနေ့ကတည်းက ပြန်ဆုတ်သွားပြီ” ဟု နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံ က MPAသို့ ပြောသည်။

သေဆုံးသွားသည့် စစ်သားတို့၏အလောင်းများကို မြင်းခြံမြို့ဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည်ဇွန်လ ၂၈ ရက်၊ နံနက် ခြောက်နာရီခန့်တွင် လက်သမားကန်ရွာသို့ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက် လာပြီး အနီးဝန်းကျင်ရှိ လက်ဝဲရွာနှင့်မြင်းနီရွာများသို့ လက်နက်ကြီးဖြင့် ရှစ်ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

၅။ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

ဇွန် ၂၉ ၊ D Day News

 

စစ်ကိုင်းတိုင်း၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၂၈ ရက် ညနေ ၂ နာရီ ၂၅ မိနစ်တွင် နေ့တွင် မုံရွာမြို့ဘက်မှ ကြေးနီတင်တွဲကား အစီးရေ ၃၀ ထွက်လာသောကြောင်း သတင်းအရ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စောင့်ဆိုင်းစဉ် ခရီးသွား ပြည်သူများ၏ ကားများဖြင့် ရောထွေးနေသဖြင့် နောက်ဆုံးကားတစ်စီးကို မိုင်းတစ်လုံးဖြင့်‌ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်အင်အား မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများကို ခင်မွန်ဘက်စုံခြံ အတွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

၆။ အကြမ်းဖက်စစ်တပ် အခြေချတပ်စွဲထားတဲ့ နံ့သာရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ဗိုလ်ကြီး တဦးအပါအဝင်(၁၄) ဦး သေဆုံး

 

ဇွန် ၂၉ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းမှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး အဆင့်ရှိသူ ဦးစီးတဲ့ တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အမှတ် (၁) စစ်ဒေသကွပ်ကဲပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် ကသာခရိုင် တပ်ရင်း-၂ နဲ့ အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က ဇွန် ၂၈ ရက်နေ့၊ မနက် (၄) နာရီမှ (၁၀) နာရီအချိန်အတွင်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။"အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး တဦးအပါအဝင် (၁၄) ဦး သေဆုံးပြီးအလောင်းရခဲ့တယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ် လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အ​​ကြမ်းဖက် လေတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာကို တံတား ဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေး ရဲဘော် (၂)ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၇။ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

 

ဇွန် ၂၉ ၊ D Day News

 

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army – USBA ထံမှ သိရသည်။ ဇွန်လ ၂၅ ရက်နေ့က မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမကြီးဘေး ရှမ်းတပ်တိုက်နယ်ရှိ ဘန့်ပြင်ကျေးရွာအနီးသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့မျးက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်း စစ်သား ၄ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army - USBA ၊ West River Army - WRA ၊ Key Of Revolution Guerrillla Force - KRGF ၊ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) နှင့် Mindon Township People Defense Organization (မင်းတုန်းမြို့နယ်ပကဖ) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၈။ ရိုဟင်ဂျာအရေး ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားလျှောက်ထားမှုမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်လာ

 

ဇွန် ၂၉ ၊ RFA

 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအတွက် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားအစိုးရ ရှေ့နေက တရားရုံးထံ ဇွန်လ ၂၈ ရက်နေ့က တင်သွင်းတဲ့ လျှောက်လွှာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ အမည်တွေ ပါဝင်နေတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်းယူကေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ မြန်မာ-ရိုဟင်ဂျာအသင်း ယူကေက ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဂျင် တီးနားတရားရုံးထံ တင်ပြခဲ့ပြီး နောက်ဆက်တွဲ အစိုးရရှေ့နေက မနေ့က ထပ်မံတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အစိုးရရှေ့နေက တင်သွင်းတဲ့ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေပါလာပေမဲ့ အရေးယူခံရမှုမှာ သူတို့ပါဝင်လာနိုင်ခြေမရှိဘူးလို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က သူ့အမြင်ကို ပြောပါတယ်။

“ကျွန်တော်တို့ သိထားသလောက်က လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနဲ့ တရားရုံးက ထည့်သွင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ကျွန်တော်တို့ဘက်က ဖမ်းဝရမ်းထုတ်ဖို့ စာရင်းထည့်ထားတဲ့ အထဲမှာ ဒေါ်စုနဲ့ သမ္မတ ဦးထင်ကျော် မပါပါဘူးခင်ဗျ။ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေပဲ ပါတယ်။”

တရားရုံးရဲ့ စစ်ဆေးမှုတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နုဲ့ ပတ်သက်တာမရှိဘဲ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကိုသာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး၊ သက်သေတွေ ရယူခဲ့တာလို့ အသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမည်စာရင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃၃) ခြေမြန်တပ်ရင်းတပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ချေနဲ့ ကျေးရွာဥက္ကဋ္ဌ ဦးအောင်ဆန်းမြတို့ ပါဝင်ပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၉။ ညောင်လေးပင်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲသဖြင့် အရပ်သား ၆ ဦး သေဆုံး

 

ဇွန် ၂၉ ၊ Mizzima

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် အရပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကောက်မယ်သူကျေးရွာထိပ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးငါးလုံးကြဲချခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဂိတ်အနီးသို့ကျရောက်ကာ ဂိတ်ကို ဖြတ်သန်းနေသည့် အရပ်သားခြောက်ဦးနှင့် PDF တဦးသေဆုံးခဲ့ခြင်းဟု သိရသည်။

“နေ့လည်ကဖြစ်တာ၊ တိုက်ပွဲမဟုတ်ဘူး။ ဂိတ်ကို ဒရုန်းနဲ့လာချတာ၊ PDF ရဲဘော်နှစ်ယောက်ထိတယ် တယောက်ကတော့ ကျသွားတယ်။ ပြည်သူက ခြောက်ယောက်သေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဦးစွာကင်းထောက်ပြီးမှ ဗုံးသီးချတိုက်ခိုက်ခြင်းဟု သိရသည်။ ဗုံးစထိမှန်၍ သေဆုံးသူများမှာ ထွန်းလင်းအောင်၊ စောသထော၊ ကိုအောင်နိုင်ဌေး၊ စောကမူးသနှင့် ကျန်သုံးဦး၏အမည်များကို မသိရသေးကြောင်း သတင်း ရင်းမြစ်က ပြောသည်။ ကောက်မယ်သူအပါအဝင် အနီးအနားရှိ ရေဖြူကန်၊ ပုဇွန်မြောင်း၊ အင်ကုန်း၊ ရေတွင်းကုန်းကျေးရွာ များသို့ စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

၁၀။ မိုးကုတ်မြို့ပေါ်နေ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံး

 

ဇွန် ၂၉ ၊ Myanmar Pressphoto Agency

 

မိုးကုတ်မြို့အနောက်ပိုင်း၊ အောင်သုခရပ်ကွက်ထဲသို့ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ (ဇွန် ၂၈ ရက်) နံနက်၁၀နာရီခွဲခန့်တွင် လက်နက်ကြီးထိမှန်ကာ သေဆုံး ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့၊ ကျပ်ပြင်ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။"ဒီမနက်က ပစ်သံအကြာကြီးမကြားရဘူး။ လက်နက်ကြီးပစ်သံပဲတစ်ချက်၊ တစ်ချက်ကြားရတာ။ ထိပြီး သေတာ ဟုတ်တယ်။လက်နက်ကြီးအစ ထိပြီး ဒဏ်ရာရသူလည်းများတယ်" ဟု ၎င်းက MPAသို့ပြောသည်။

ဇွန် ၂၅ ရက်မှ ဇွန် ၂၈ ရက်နေ့အထိ မိုးကုတ်မြို့အနောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကိုရင်တစ်ပါးအပါအဝင် ပြည်သူ ငါးဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရ ခဲ့သည်ဟု ဒေသခံအချို့ထံက သိရသည်။ ဇွန် ၂၇ ရက်ညနေပိုင်းတွင် မိုးကုတ် မြို့၊ ရှမ်းစုရပ်ရှိ ဥယျာဉ်ဘုန်းကြီးကျောင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက်၁၃နှစ်အရွယ်ရှိ ကိုရင် ရှင်ကုသလ ပျံလွန်တော်မူခဲ့သည်။မိုးကုတ်မြို့ပေါ်တိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၁၄ လုံးနှင့် ဥယျာဥ်ကျောင်းတိုက်ရှိ အဆောင် တစ်ဆောင် ပျက်စီးခဲ့သည်။



 

 

 

 

 

 

 

28 views0 comments

Comments


bottom of page