top of page

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်

Writer: Myo Yan Naung TheinMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု

02-June-2024



တိုက်ပွဲသတင်း

 

၁။ မုံရွာမြို့အဝင်တွင် စစ်တပ်မိုးကာအုပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံး မှုရှိနိုင်

 

ဇွန် ၂ ၊ D Day News

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်တွင် အကြမ်းဖက်စစ်တပ် မိုးကာအုပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Peace Takers Task Force – PTTF ထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် ခန့်က စစ်ကိုင်းမြို့မှ ထွက်လာသည့် မိုးကာအုပ် ၆ ဘီးကားပါ ၁၅ စီးယာဉ်တန်းကို မိုရွာမြို့အဝင်၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၅ လုံးဖြင့်‌ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ် ၆ ဘီးကားတစ်စီး မိုင်းမိပြီးထိုးရပ်သွားကြောင်း၊ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။ “မိုးကာအုပ် ၆ ဘီးကား ကို မိတာ။ အဲဒီကား ထိုးရပ်သွားပြီး ညနေ၅ နာရီဝန်းကျင်လောက်မှ မုံရွာမြို့ ထဲဝင်တယ်။ အသေအပျောက်ကတော့ရှိနိုင်တယ်။ အတိအကျ မသိရဘူး။ မြို့အဝင် မအူဂိတ်က လည်းလမ်းသွားလမ်းလာတွေ အကုန်ပိတ်လိုက်ပြီးတော့ ဂိတ်ကနေ ယာဉ်တန်းကို ကင်းယူပေးနေတဲ့ သူတွေက ရော ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်တာ။” ဟု Peace Takers Task Force – PTTF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါတိုက်ခိုက်မှုကို Peace Takers Task Force – PTTF နှင့် The Brightness Monywa အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၂။ ကလိန်အောင်မြို့ အခြေစိုက် ခမရ - ၄၀၈ တပ်ရင်းကို PDF ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ပြီး ၃ ဦးဒဏ်ရာရ

 

ဇွန် ၂ ၊ Ayeyarwaddy Times

 

တနင်္သာရီ တိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေစိုက် ခမရ (၄၀၈) တပ်ရင်း ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်သည် ကလိန်အောင်မြို့၊ အခြေစိုက် ခမရ (၄၀၈) တပ်ရင်းကို ပြီးခဲ့သည့် မေလ ၃၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် 40 MM ဗုံးသီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့တွေက ကျောက်ရှပ်ရွာအနီး ရေး -ထားဝယ် ပြည်ထောင် စုကားလမ်းမကြီး ပေါ်မှာနယ်မြေလုံခြုံရေးအတွက် ယာဥ်အသွားအလာတွေကို စစ်ဆေးနေတာ။ နာရီဝက်လောက်ပဲ စစ်ဆေးရသေးတယ်။သူတို့ ( စစ်ကောင်စီ)တပ်ရင်းထဲက နေလက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အပြင်ကိုတော့ ထွက်လာ မရဲဘူး။ အဲဒါနဲ့ ကျွန်တော်တို့ကလည်း အဲ့ဒီတပ်ရင်းထဲကို အနီးကပ် 40 MM ဗုံးသီး နဲ့ လေးချက် ပစ်ခဲ့တယ်။ တပ်ရင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံအချို့ပျက်စီးခဲ့တယ်။ စစ်ကောင်စီတပ်သားတွေလည်း သေဆုံးထိခိုက်ဒဏ်ရာ ရတာတွေလည်းရှိတယ်"ဟု ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံ ကိုလေဗွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။ အဆိုပါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး တပ်ရင်းထဲက အဆောက် အအုံ အချို့ထိခိုက်ပျက်စီးကာ စစ်ကောင်တပ်သား တစ်ဦး သေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေးတပ်(K.L.A. S.B.L.PDF) ၊ ကော်သူးလေအာမီ (KTLA) နှင့် ဒဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရ သည်။

 

၃။ မြဝတီမြို့ဝင်ဆိုင်ဘုတ်အနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

 

ဇွန် ၂ ၊ Mizzima

 

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ (ဇွန်လ ၂ ရက်) ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ “ဒဗလူကွတ်ကီးတောင်ကြောဘက်မှာ စကစတပ်က ကျွံဝင်လာတာပေါ့နော်၊ ကျနော်တို့ တော်လှန်ရေး ပူးပေါင်းတပ်နဲ့ ထိပ်တိုက်ဆုံတယ်၊ အဲဒီမှာ သူတို့ လန်ထွက်သွားတယ်။ သူတို့ဘက်က စစ်ကြောင်းမှူး တယောက်ကျတယ်။ အနည်းဆုံး သူတို့ဘက်က ၁၅ ယောက်၊ ၁၆ ယောက် လောက်ကျဖို့များတယ်။ တော်တော်များများလည်း ထိခိုက်ဒဏ်ရာရကျတယ်လို့ ကြားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဗိုလ်ကျော်ဟိန်းက မဇ္ဈိမကိုပြောသည်။တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သေနတ်ခြောက်လက်ရရှိခဲ့ပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ဆိုင်းဘုတ်အနီးမှ ဒေါနစေတီအမည်ရှိ ဘုရားကုန်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းမှ ခွဲထွက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် တောလမ်းမှ တဆင့်ဝင်ရောက် လာခြင်းဖြစ်ပြီး အဆိုပါ ဘုရားကုန်းနေရာသည် အရေးကြီးသည့် ရှေ့တန်း နေရာဖြစ်ကြောင်း သိရသည်။ “အဲဒီနေရာက အရေးကြီးတယ်၊ သူပါသွားရင် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နိုဘိုးတို့၊ အတွင်း ကွင်းကလေးတို့ဘက်ကို ပေါက်သွားနိုင်တယ်။ ဒီနေ့ လေယာဉ်နဲ့နှစ်ကြိမ် ဗုံးလာကြဲသွားတယ်။ နေ့ခင်းကတည်းကတိုက်ပွဲဖြစ်တာ အခု ညနေ ၆ နာရီ လောက်ထိမပြီးသေးဘူး။ လက်နက်ကြီးတွေနဲ့တောက် လျှောက်ထုနေတယ်၊ သံချပ်ကာကားတွေတော့ မပါလာဘူး”ဟု ရှေ့တန်းရောက်ရှိနေသည့် ရဲဘော်တဦးက ပြောသည်။

 

၄။ ရေဖြူမြို့နယ်၊ ခလရ ၄၀၇ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် ဗိုလ်ကြီးဇင်ဝင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

 

ဇွန် ၂ ၊ D Day News

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခလရ ၄၀၇ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် ဗိုလ်ကြီး ဇင်ဝင့်အောင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPPDF က သတင်း ထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၁ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်တွင် ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၄၀၇ တပ်ရင်းမှ ထားဝယ်မြို့ဘက်သို့ အိမ်စီးကားတစ်စီးထွက်လာသော ဗိုလ်ကြီး ဇင်ဝင့်အောင်ကို ပြည်သူ့ကာကွယ်ရေး ရဲဘော် များက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှောက်သွားပြီး ဗိုလ်ကြီးဇင်ဝင့်အောင်မှာ နေရာ၌ ပွဲချင်းပြီးသေဆုံး သွားကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း ကားအတွင်းထဲ၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦးတို့ကို စီစစ် တွေ့ရှိခဲ့ရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီ တပ်သား ဗိုလ်ကြီး ဇင်ဝင့်အောင် အသုံးပြုသည့် ကားနှင့်အတူ ပါလာသော သက်သေခံပစ္စည်းများကို စစ်ဆေးနိုင်ရန် သိမ်းဆည်းခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် - DNLA နှင့် ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - YPPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၅။ စဉ့်ကူးတွင် လက်နက်ကြီးထိမှန်၍ အဘွားအိုတဦး သေဆုံး

 

ဇွန် ၂ ၊ The Irrawaddy

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့၊ ရွှေပြည်ရွာ၊ ဘုံသာကုန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့က လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ရာ မြကန်သာရွာနှင့် မြသီတာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မြကန်သာကျေးရွာနေ အဘွားအိုတဦးသေဆုံးကာ၊ မြသီတာကျေးရွာမှ ၁၃ နှစ်အရွယ် ကလေး တဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြေပြင်သတင်းများကို ဖော်ပြပေးနေသော Wetlet Informational Network ထံက သိရ သည်။ Wetlet Informational Network မှ တာဝန်ရှိသူတဦးက "ကလေးက ခေါင်းကိုလက်နက်ကြီးစ ထိသွားတယ်။ အဘွားကတော့ ပခုံးနဲ့ လည်ပင်းကြားမှာ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်" ဟု ပြောသည်။အဆိုပါ ဒေသဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပြီးခဲ့သည့်မေလ ၂၅ ရက်မှ စတင်ကာ စစ်ကား ၃ စီးဖြင့် ရွှေပြည်ရွာရှိ ပျူစောထီးနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် လာရောက်တပ်စွဲထားပြီး အနီးနားကျေးရွာများအား လက်နက်ကြီးများ ဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း သိရသည်။

 

၆။ ANP ပါတီ လူငယ်ခေါင်းဆောင်ဟောင်းအပါအ၀င် လေးဦး ဖမ်းဆီးခံရ

 

ဇွန် ၂ ၊ RFA

 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာနေထိုင်နေတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ လူငယ်ခေါင်းဆောင်ဟောင်း ဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်နဲ့ ရခိုင်လူငယ်သုံးဦးတို့ မေလ ၃၁ ရက်နေ့ ည ၈ နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ ဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်တို့ဟာ ဖမ်းဆီးခံထားရတာ ၂၄ နာရီကျော်လာပေမဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ အခုထိမသိရသေးဘူးလို့ ဆိုပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဦးသာထွန်းလှကတော့ ဂန်ဘာရီ ဖမ်းဆီးခံရတဲ့အခြေအနေကို အသေးစိတ်စုံစမ်းနေတယ်လို့ RFA ကိုပြောပါတယ်။

"ဖမ်းခံရတာ ကြားပါတယ်။ ဘာမှ အတိအကျ မသိရသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့က ဘာကြောင့်ဖမ်းခံရတယ်ဆိုတာကို လေ့လာနေဆဲပဲရှိသေးတယ်။ ပြီးတော့ ဂန်ဘာရီဟာ လူငယ်ခေါင်းဆောင်ဟောင်းလို့ ပြောလို့ရပါတယ်"

မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ ဂန်ဘာရီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားတာမျိုးမရှိဘဲ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားနေသူဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောအခြေအနေအရ ဂန်ဘာရီနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်သုံးဦးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။ ဂန်ဘာရီဟာ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေး၊ သဘာဝဘေးဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေအပေါ် တက်တက်ကြွကြွ ကူညီပေးတတ်သူတစ်ဦးဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

 

၇။ ရွှေကူတိုက်နယ်ဆေးရုံ ဗုံးကြဲခံရ၊ ကလေးငယ်တဦး သေဆုံး

 

ဇွန် ၂ ၊ The Irrawaddy

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ဆေးရုံပျက်စီးခဲ့ပြီး ကလေး ၁ ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ သတင်းဌာန ဖြစ်သည့် The Kachin Net တွင် ယနေ့ ဖော်ပြထားသည်။ မြို့ကုန်းဆေးရုံကို ဇွန် ၂ ရက် နံနက် ၁၂ နာရီခွဲအချိန်တွင် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ဆေးကုသမှုခံယူနေသော လူနာများဒဏ်ရာရခဲ့ကာ အသက် ၈ နှစ် အရွယ် ကလေးငယ်တဦး သေဆုံးခဲ့သလို အနီးရှိ တိရစ္ဆာန်များလည်း ထိမှန်သေဆုံးခဲ့ပြီး၊ ဆေးရုံ အဆောက် အအုံတခုလုံး နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။ ရွှေကူဒေသ၌ လတ်တလော တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

၈။ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တပ်တွေက ပြည်သူတွေကို ရိုက်နှက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေ

 

ဇွန် ၂ ၊ PVTV

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ၊ ထမ်းယံတိုင်ရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNOပြည်သူ့စစ်တပ်တွေက ဇွန် ၂ရက်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသားတွေကို ရိုက်နှက်နှိပ်စက်တဲ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓမ္မ ယူဆောင်သွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တပ်တွေက ထမ်းယံတိုင်ရွာအတွင်းမှာ တပ်စွဲပြီး တောတောင်အတွင်းကို လက်နက်ကြီး တွေနဲ့ ဇွန် ၂ ရက် မနက် ၈ နာရီမှ ည‌နေ ၃ နာရီအထိ ပစ်ခတ်မှု ရပ်တန့်တာမရှိဘူးလို့ ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မေ ၂၉ ရက်မှာလည်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် ပန်ရန်းရွာနဲ့ ထမ်းယံတိုင်ရွာမှ ပြည်သူ ၁၀၀၀ ဝန်းကျင်မှာ ရွာလုံးကျွတ် တောထဲတောင်ထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လက်နက်ကြီး တွေနဲ့ ပအိုဝ်းကျေးရွာကို ပစ်ခတ်တိုက်ခိုက်တာကြောင့် လက်နက်ကြီးကျည်အချို့မှာ ကျေးရွာအတွင်းကို ကျရောက်ခဲ့တာ ကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၉။ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

 

ဇွန် ၂ ၊ PVTV

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်အတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ နေအိမ် (၅)လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ရတယ်လို့ KNU(ဗဟို)က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်အတွင်း ပြည်သူတွေကို ပစ်မှတ်ထားပြီး ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေအတွင်းနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေအတွင်းကို တိုက်လေယာဉ်တွေ၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ လယ်ဒိုမြို့နယ်(KNU)အုပ်ချုပ်နယ်မြေအတွင်း မေ ၃၁ရက်နေ့ ည ၁ဝနာရီ ၂၅ မိနစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ-၂၆၄တပ်ရင်းက (၁၂၀)မမ လက်နက်ကြီး (၂)လုံးကို ပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်လည်း ထိခိုက် ပျက်စီးခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။ ဆောထိမြို့နယ်(KNU)အတွင်း မေ ၃၁ ရက် နေ့လည် ၂ နာရီ ၈ မိနစ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ သာစေးဒဲကျေးရွာအတွင်းကို ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် ကျေးရွာနေ ပြည်သူနှစ်ဦးရဲ့ နေအိမ်တွေ ဗုံးထိမှန်ခဲ့ရတဲ့အပြင် ဝက်တစ်ကောင်နဲ့ ကြက်တစ်ကောင်လည်း သေဆုံးခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗုံးကြဲမှုအပြီး နေ့လည် ၂ နာရီ ၁၀ မိနစ်မှာလည်း ဘောလောတယ်ကျေးရွာ အတွင်းကို ဗုံး (၂)လုံး ထပ်မံ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် (၁)လုံးနဲ့ ကျေးရွာစာသင်ကျောင်းမှာ အနည်းငယ် ထိခိုက် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၁၀။ ပုသိမ်မြို့တွင် လမ်းဘေးထိုင်နေသောလူငယ် ၂ ဦးကို စစ်တပ်က စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်

 

ဇွန် ၂ ၊ Ayeyaewaddy Times

 

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက်တွင် ပြီးခဲ့သည့် မေလ(၂၈)ရက်နေ့လည်ပိုင်းက လမ်းဘေးတွင်ထိုင်နေသည့် လူငယ်နှစ်ဦးကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။

အမှတ်(၆)ရပ်ကွက် မြို့ပတ်လမ်းနောက် လမ်းကြားနေ မောင်ထက်လင်းနှင့် ကာလီဗာလီလမ်းနေ မောင်လိူင်မင်း ဆိုသူတို့ နှစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် စစ်ကောင်စီတပ်ဖွဲ့၀င်များက ကားပေါ်သို့ ဆွဲတင်ကာခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။ "အုပ်ချုပ်ရေးမှူး လဲပါတယ်စစ်သားတွေက အရပ်၀တ်တွေနဲ့ပဲ ကားပေါ်ဆွဲတင်သွား တာ ပထမတော့သူတို့မှာ အပြစ်တစ်ခုရှိလို့လာဖမ်းတာလို့ ထင်ကြတာ နောက်ပိုင်း သူ့မိဘတွေ လိုက်စုံစမ်းတော့မှ စစ်တပ်ထဲသွင်းလိုက်မှန်းသိကြတာ"ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။ဖမ်းဆီးခံရသူများ၏ မိဘများက လိုက်လံစုံစမ်းရာတွင် ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာရှိလေ့ကျင့်ရေး(၆)တပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းနှင့် အဆိုပါ လူငယ်နှစ်ဦးမှ စစ်တပ်သို့၀င်ရောက်မည်ဟု လတ်မှတ်ထိုးခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှ ပြောကြားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးမှပြောသည်။လက်ရှိ စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မခေါ်ဆောင်ခံရသူနှစ်ဦးသည် သာမန် ပျံကျ လုပ်ကိုင်စားသောက်နေရသူများဖြစ်ပြီး မောင်ထက်လင်းဆိုသူမှာအိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။



 

 

 

 

 

 

 
 
 

Comments


+14343654234

©2022 by Buy2Donate. Proudly created with Wix.com

bottom of page