top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်

နေ့စဉ်သတင်းစုစည်းမှု

30-June-2024

တိုက်ပွဲသတင်း

 

၁။ မတူပီမြို့ကို ချင်းညီနောင် အပြီးသတ်သိမ်းပိုက်

 

ဇွန် ၃၀ ၊ Myanmar Now

 

ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် မတူပီမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်က (ဇွန် ၂၉) တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်သည်။ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အခြေချစစ်ဗျူဟာ၊ အမှတ် (၃၀၄) ခြေမြန်တပ်ရင်း၊ အမှတ် (၁၄၀) ခြေလျင်တပ်ရင်းတို့ကို ရက် ၂၀ ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၉ ရက်နေ့တွင် စတင်သည့် မြို့သိမ်းစစ်ဆင်ရေးတွင် ခမရ (၃၀၄) ကို ဇွန် ၁၇ တွင် သိမ်းပိုက်ပြီးနောက် ခလရ (၁၄၀) နှင့် မတူပီအခြေချစစ်ဗျူဟာတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရာ ထိုစခန်းနှစ်ခုစလုံးကို ယနေ့ (ဇွန် ၂၉) တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

နယ်မြေရှင်းလင်းရေးများလည်း လုပ်ဆောင်ပြီးပြီဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။ မတူပီမြို့နယ်တွင် မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ၊ မြို့ ၃ မြို့ ပါဝင်သည်။ မတူပီတွင် မြို့နယ်ရုံးစိုက်သည်။

 

၂။ ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၅၃ ဦး TNLA ထံ အလင်းဝင်

 

ဇွန် ၃၀ ၊ Mizzima

 

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်ပြီး ငါးရက်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့် အပါအဝင် ၅၃ ဦးလက်နက်ချ အလင်းဝင်လာခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ (ဇွန်လ ၂၉) ညတွင် ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်မြို့များနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန်လ ၂၅ ရက်မှ ဇွန်လ ၂၉ ရက်အတွင်း TNLAထံလက်နက်ချအလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် ဗိုလ်ကြီး လေးဦး၊ ရဲအုပ် တဦး၊ တပ်ကြပ်ကြီး ခြောက်ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) တဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတပ်ကြပ် ကိုးဦး၊ ရဲတပ်သား တဦးနှင့် တပ်သား ၁၉ ဦး စုစုပေါင်း ၅၃ ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။ ဇွန်လ ၂၆ ရက်နေ့တွင်လည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၇ ဦး TNLA ထံ လက်နက်ချ အလင်းဝင်လာခဲ့ပြီး လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရမိထားကြောင်း ဆိုသည်။

ထိုနေ့ တရက်တည်းတွင် ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ၎င်းတို့ထံ လက်နက်ချ အလင်းဝင်လာကြောင်း TNLAက ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

 

၃။ မင်းတုန်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီးတွင် စစ်တပ်ဖောကားတစ်စီးကို တိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် ၃ ဦး သေဆုံး

 

ဇွန် ၃၀ ၊ D Day News

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီးတွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ဖောကားတစ်စီးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

ဇွန်လ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မင်းတုန်းမြို့မှ အကြမ်းဖက်စစ်သား၊ ရဲ ၂၅ ဦးခန့် လိုက်ပါလာသည့် ဖောကား အပြာရောင်တစ်စီးကို မင်းတုန်းမြို့အထွက် မယ်ဇလီကျေးရွာအနီးတွင် အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ဗိုလ်တစ်ဦး၊ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို သရက်မြို့နယ် ဆေးရုံနှင့် ကံမမြို့နယ်၊ ကြို့ပင် ဆေးရုံတို့၌ တင်ပို့ကုသထားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် -၁ စစ်ဒေသ မကွေးတိုင်း၊ သရက် ခရိုင်အမှတ်-၄ တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် - SAF တို့ ပူးပေါင်းစစ်ကြောင်းမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၄။ ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်နေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် ၃ ဦးသေဆုံး

 

ဇွန် ၃၀ ၊ D Day News

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းထံမှ သိရသည်။

ဇွန်လ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် KNU တပ်မဟာ ၃ ၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ နယ်အတွင်းရှိ တော်လှန် ရေးတပ်ဖွဲ့ဝင်များ စိုးမိုးနယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ၏ တပ်စွဲထားရာ ကင်းစခန်းတစ်ခု ကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးနှင့် အခြားအဆင့် ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း ၇ ကောင် စစ်ကြောင်း၏ Drone တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၅။ နယ်စပ် တရားဥပဒေစိုးမိုးရေး ထိုင်း- မြန်မာ စစ်တပ် ဆွေးနွေး

 

ဇွန် ၃၀ ၊ The Irrawaddy

 

နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအပါအဝင် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက် မည့် အခြေအနေများအား ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen Prasan Saengsirirak နှင့် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းတို့ ဇွန် ၂၉ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ဇွန် ၂၈ နှင့် ၂၉ ရက်တို့က ပြုလုပ်သည့် ၃၆ ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန်လာသော ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ဒုစစ်ခေါင်းဆောင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ် သည်။ ထိုနယ်ခြားကော်မတီအစည်းအဝေးတွင်လည်း ထိုင်း-မြန်မာ စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့် တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများအကြောင်းတို့ကို ဆွေးနွေး သဘောတူ လက်မှတ်ထိုးခဲ့ကြကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၆။ မြစ်ကြီးနားမှာ လူငယ်နှစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရ

 

ဇွန် ၃၀ ၊ RFA

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့တစ်ရက်တည်းမှာပဲ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့ လူငယ်အမျိုးသားနှစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အလောင်းတွေကို ရာဒါကောင်းနဲ့ အေးစေတီ ရပ်ကွက်နှစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ သျှမ်းနီ တရားစီရင်ရေးအဖွဲ့ စာတန်းပါတဲ့ကတ်ပြား ချိတ်ဆွဲထားတာတွေ့ရတယ်လို့ ဆိုပါတယ်။သေဆုံးသွားသူနှစ်ဦးရဲ့ အလောင်းတွေကိုတော့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။"သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ သျှမ်းနီတရားစီရင်ရေးအဖွဲ့ဆိုပြီး ကတ်ပြားချိတ်ထားတယ်။ ပြီးတော့ လည်ပင်းတွေမှာလည်း ပြတ်ရှဒဏ်ရာ တွေ တွေ့တယ်။ ကြိုးကွင်းစွပ်ထားတဲ့ ဒဏ်ရာတွေလည်းတွေ့တယ်။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံထားရတဲ့ ပုံစံပါပဲ"

သေဆုံးသူနှစ်ဦး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်အဖွဲ့က သတ်ဖြတ်ခဲ့သလဲဆိုတာ လတ်တလော မသိရသေးသလို မြစ်ကြီးနားမြို့ပေါ်မှာ အခုလိုပုံစံ သတ်ဖြတ်ခံရမှုဟာ ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

၇။ ကျောက်မဲတွင် အရပ်သား ၁၀ ဦးခန့်သေ

 

ဇွန် ၃၀ ၊ DVB

 

ကျောက်မဲမြို့မှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူ တွေ ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကျောက်မဲမြို့မှာ TNLA နဲ့ နွေဦးတော်လှန်ရေး ပူးပေါင်းတပ်တွေ က  ဇွန် ၂၅ က စတင်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ရပ်ကွက်တွေထဲ ပစ်ခတ်နေတာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၁၀ ယောက် ဝန်းကျင်ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

၈။ မန္တလေးဆင်းသည့် မိုးကုတ်စစ်ရှောင်များ ပစ်ခံရပြီး ၃ ဦးသေ

 

ဇွန် ၃၀ ၊ DVB

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ မန္တလေးကို စစ်ရှောင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ကားတွေ ဇွန် ၃၀ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးပစ်ခတ်ခံရလို့ ၃ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရသွားပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းက ဒေသခံတွေ ဇွန် ၃၀ ရက်နေ့ မနက် ၄ နာရီအချိန်မှာ မိုးကုတ်မြို့ အနောက်ပိုင်းကို ထွက်ခွာခဲ့ကြပြီး စစ်ရှောင်ပြည်သူ ၁,၀၀၀ လောက်ရှိ တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “အိမ်ကားရှိတဲ့သူတွေ၊ ဆိုင်ကယ်သမားတွေ အကုန် အရှေ့ပိုင်း ပတ္တမြား မုန့်တိုက်နားစုပြီး မန္တလေးဆင်း ဖို့လုပ်ကြတာ။ အနောက်ပိုင်း အောင်သစ်လွင်နားရောက်တော့ ကားတွေပိတ်တယ်။ မနက်အစောပိုင်းဆိုတော့ ကျောက်ဖားကလည်း ပေးမသွားသေးဘူး။ အဲအချိန် ပစ်ခတ်ခံရပြီး ၃ ယောက်သေတယ်။ ကားပေါ်က ၃ ယောက်ကတော့ ခု ဇရပ်ကွင်းဆေးရုံပို့ထားတယ်” လို့ ပြောပါတယ်။ မိုးကုတ်မြို့တွင်းမှာ တိုက်ပွဲ ပြင်းထန် နေတာကြောင့် မိုးကုတ်မြို့နေပြည်သူတွေ မန္တလေးကို စစ်ရှောင်ဖို့ ပြင်ဆင်နေကြပြီး ချောင်းကြီးအနားမှာ တိုက်ပွဲဖြစ်နေ တာကြောင့် ထပ်မံပိတ်မိနေကြတယ်လို့ သိရပါတယ်။



 

 

 

 

23 views0 comments

Comments


bottom of page