နေ့စဉ်သတင်းစုစည်းမှု
03-June-2024
တိုက်ပွဲသတင်း
၁။ တီးတိန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့
ဇွန် ၃ ၊ Mizzima
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နေအိမ်များ မီးရှို့ခံခဲ့ရကြောင်း PDF – Zoland တပ်ဖွဲ့ထံက သိရသည်။ တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်မှနေအိမ်များကို စစ်ကောင်စီတပ်က ဇွန်လ ၂ ရက်နေ့ညပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ “မီးထပ်ရှို့နေတာ ဟုတ်ပါတယ်၊ စကစက အင်အားထပ်တိုးချလာတယ်၊ ပစ်ခတ်မှုလည်း ဆက်ဖြစ်နေ တယ်” ဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။ စစ်ကောင်စီတပ်သည် လေကြောင်းမှ လူအင်အားဖြည့်တင်းပြီး ကျမ်းစာကျောင်းတခုတွင် ထပ်မံတပ်စွဲခဲ့သော ကြောင့် အဆိုပါနေရာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်မှုကို မသိရသေးပေ။ တီးတိန်မြို့တွင် စစ်ကောင်စီတပ်မီးရှို့သဖြင့် နေအိမ် ၄၁ လုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသည်ဟု ဆိုသည်။
၂။ မတ္တရာ ရွာသုံးရွာ အခြေစိုက် စစ်သားများကို PDF တို့ ဗုံးကြဲ တိုက်ခိုက်
ဇွန် ၃ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာသုံးရွာအခြေစိုက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦးက ယနေ့ (ဇွန် ၃ ရက်) သတင်းထုတ်ပြန်သည်။ ဇွန်လ နှစ်ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် မတ္တရာမြို့နယ်၊ တံငါရွာ (တောင်) ရှိ ဘုန်းကြီးကျောင်းနှင့် တံတားအဆင်း၌ စစ်ကောင်စီတပ်ကို ဒရုန်းသုံးစင်းဖြင့် ဗုံးသီးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။“ကျတော်တို့ သုံးရက် ပွဲကတာမှာ သေဆုံးစာရင်းကိုတော့ ကျတော်တို့ မသေချာလို့ မပြောတာပါ။ ကျနော်တို့ တိုက်တာတွေက အထိုင်စခန်းတွေဖြစ်တော့ ရန်သူ့ဘက်က သတင်းကို ရဖို့ခက်တယ်။ရန်သူ့ဘက်က ၆၀(မမ) တွေနဲ့ ပြန်ပစ်တာမျိုးလောက်ပဲရှိပါတယ်”ဟု ရတနာပုံတပ်ဦး တာဝန်ခံ ရဲဘော်ကီရီက ပြောသည်။အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ မတ္တရာမြို့နယ် (ပကဖ) နှင့် မတ္တရာမြို့နယ်ဒရုန်းတပ်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မေလ ၃၁ ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင်လည်း မတ္တရာမြို့နယ်၊ ပန်ယျရွာ၊ ရွှေသစ္စာဘုရားဝင်း အတွင်းရှိ စစ်သားများကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ ထို့အပြင် မေလ ၃၀ ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင်လည်း ပန်ယျရွာ မြောက်ကျောင်းသို့ ရောက်ရှိနေသော စစ်သားများကို ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ပြီး သုံးနာရီဝန်းကျင်၌ စကျင်ရွာလမ်းဆုံ၌ ဆက်ကြေးကောက်နေသော စစ်သားများအား ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သေး ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ မတ္တရာမြို့နယ် (ပကဖ) နှင့် 7 PDF (MDY) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၃။ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့်တပ် PDF တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးဟုဆို
ဇွန် ၃ ၊ Myanmar Pressphoto Agency
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အပိုင်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း က ယနေ့ (ဇွန်သုံးရက်) သတင်းထုတ်ပြန်သည်။ ဇွန်လ တစ်ရက်၊ မွန်းလွဲတစ်နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ်၊ မကျီးစမ်း ရွာမှ သိမ်းကုန်းရွာဘက်သို့ အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ပြင်ကြီးရွာနှင့် ကျောက်ကြီး တောင်ကြား၌ မိုင်းဆွဲပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်တို့က မိုင်းအရင်ဆွဲတော့ ဒီကောင်တွေ ဒဏ်ရာတွေနဲ့ အနားက တဲမှာ ခိုနေတာ။အဲ့ဒါကို ကျနော်တို့ တပ်ခွဲတစ်ခွဲက အရင်ဆုံးလက်နက်ကြီးတွေနဲ့ပစ်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ပစ်တာ။သေတဲ့ကောင်တွေကိုတော့ မကျီးစမ်းရွာထဲ ကို သယ်သွားတယ်” ဟု ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း မှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ က MPA သို့ ပြောသည်။ ယင်းနေ့ ည ရှစ်နာရီ ၄၅ မိနစ်ဝန်းကျင်တွင်လည်း ပြင်ကြီးနှင့်ကျောက်ကြီးတောင်ကြား၌ ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ “နေ့လယ်မိုင်းဆွဲပြီး ကြားဖြတ်တိုက်တဲ့နေရာမှာပဲ သူတို့(စစ်သားများ)တွေက ပုန်းနေ တာ ညမှ ထွက်တာ။သူတို့က ကံဆိုးချင်တော့ မိုင်းကွင်းရှိတဲ့ဘက်ကို ထွက်တော့ ထပ်ပြီး မိုင်းထိတာပါပဲ။အများအပြား ဒဏ်ရာရကြတယ်။သေတာကတော့ သုံးဦး သေဆုံးတယ်”ဟု ၎င်းကပြောသည်။ ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်သို့ လက်နက်ငယ်များပစ်ခတ်ပြီး ထိခိုက်သေဆုံးသည့် စစ်သားများကို မကျီးစမ်း ကျေးရွာသို့ သယ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF ၃၆၀၂ တပ်ရင်း တပ်ခွဲ နှစ် နှင့် တပ်ခွဲလေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၄။ ခင်ဦးမြို့မဆေးရုံကထွက်လာတဲ့ အကြမ်းဖက် ဗိုလ်ကြီးနဲ့ တပ်သားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ် ရှင်းလင်း
ဇွန် ၃ ၊ PVTV
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မဆေးရုံကထွက်လာတဲ့ အကြမ်းဖက် စစ်ဗိုလ်နဲ့ တပ်သားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်ကောင်စီတပ်က ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးက ဇွန် ၃ ရက် မနက် ၁၀ နာရီ ၅ မိနစ်က ဆိုင်ကယ်နဲ့ ဆေးရုံအပြင် ထွက်လာရာ ဆေးရုံရဲ့ ကိုက် ၁၀၀ ဝန်းကျင်အရောက်မှာ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အဆိုပါတိုက်ခိုက်မှုအတွင်း ဆေးရုံအထိုင်တပ်စွဲထားတဲ့ တပ်ရဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး နေရာတင် သေဆုံးခဲ့ပြီး MA1 သေနတ်တစ်လက် ကျည် ၊ ဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်၊ တပ်သားရဲ့ မှတ်ပုံတင်နဲ့ အကြမ်းဖက်ဗိုလ်ကြီးရဲ့ အခန်းသော့ များ လက်နက်ဂိုထောင်သော့များ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးသွားတဲ့ အကြမ်းဖက် ဗိုလ်ကြီးမှာ ဗိုလ်ကြီးချမ်းငြိမ်းကို ထပရ ၃၂၄၊ ကသ ၇ နဲ့ တပ်သားမှာ လှိုင်မြင့်ဟာ ပြည်တော်သာ တပ ၇၃၂၃ မင်္ဂလာဒုံတပ်က ဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပကဖ တိုက်နယ် အမှတ် ၃ ခေါင်းဆောင်တဲ့ Red Kite Force အဖွဲ့ ၊ Future Hero အဖွဲ့ ၊တိုက်နယ် ၁ က မိုက်ခဲ ဇွတ်ကြီးအဖွဲ့ ၊ ခင်ဦး UG ဌာနေ ၁ အဖွဲ့ ၊ တကိုယ်တော်ကျွဲကြီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
၅။ ငပလီလေဆိပ်နှင့် ၁ မိုင်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်
ဇွန် ၃ ၊ The Irrawaddy
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီလေဆိပ် (သံတွဲလေဆိပ်) နှင့် ၁ မိုင်ဝန်းကျင်အကွာ၌ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်မှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီက နေ့ ရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သံတွဲဒေသခံများထံက သတင်း ရရှိသည်။ နတ်ပြင်ကျေးရွာမှ ဒေသခံတဦးက “အခု မနက်လည်း ချတုန်း၊ လက်နက်ကြီးသံလည်း ကြားသလို၊ စစ်သေနတ်သံက အဆက်မပြတ် ပိုကြားရတယ်” ဟု ပြောသည်။တိုက်ပွဲမှာ ငပလီကမ်းခြေမြို့၊ မြောက်ဘက်အစွန်ရှိ ဂေါ့ရပ်ကွက်နောက်ကျောတလျှောက်ရှိ ပျိုးချောင်းအလွန် ပျိုး တောင်မကြီးတဝိုက်တွင် ဖြစ်ပွားနေပြီး၊ အဆိုပါ တိုက်ပွဲများကြောင့် မနေ့ညနေကတည်းက ဆင်ကြပ်ကျေးရွာနှင့် ဂေါ့ရပ်ကွက်များမှ ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း သိရသည်။ သံတွဲမြို့မှ ဒေသခံတဦးက “မနေ့ညနေ က ဂေါ့ကနေ ငပလီဘက်ကို ပြေးလာတဲ့လူတွေကို မဇင်လေဆိပ်ထိပ်ကနေ လမ်းပိတ်လိုက်လို့ ဟိုဘက်အခြမ်းမှာ ပိတ်မိ နေကြတယ်။ ပိတ်မိတဲ့အထဲမှာ ပြည်သူ့စစ်တွေလည်းပါတယ်လို့ ကြားတယ်၊ လွတ်လာတဲ့လူတွေက မနေ့ညက သံတွဲ ဆေးရုံကြီးရှေ့နားမှာ အပြည့်ပဲ” ဟု ပြောသည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဂေါ့ရပ်ကွက်အတွင်းမှ ပြည်သူ ၄ ဦးခန့် ဒဏ်ရာရထားသလို၊ ပြည်သူများစစ်ရှောင်မည့်တခုတည်းသောလမ်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် တိုက်ပွဲဧရိယာ အတွင်း ပိတ်မိနေကြောင်း သိရသည်။
၆။ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၆ ဦး သေဆုံး
ဇွန် ၃ ၊ Myanmar Now
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေးယူနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ၆ ဦး သေဆုံးခဲ့ကြောင်း Taw Twin Tup Pee Local PDF မှ ထံမှ သိရသည်။
ဇွန်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အနည်းငယ် ထိခိုက်မှုရှိပြီး M 22 သေ နတ် ၁ လက်၊ M16 A4 သေနတ် ၁ လက်၊ ကား ၁ စီး၊ ကျည်ဘောက် ၅ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ 7.62 ကျည် ၄၀ တောင့်နှင့် 5.56 ကျည် ၁၅၀ တောင့် တော်လှန်ရေး ရဲဘော်များဘက်မှ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို Taw Twin Tup Pee Local PDF အဖွဲ့နှင့် Generation Z Powre-GZP (Mandalay) အဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ နိုင်ငံစုံက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေတက်ရောက်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ မြန်မာပြည်အရေး ဆွေးနွေး
ဇွန် ၃ ၊ Mizzima
စင်ကာပူနိုင်ငံမှာ မေ ၃၁ ရက်နေ့က စတင်ကျင်းပတဲ့ နိုင်ငံစုံက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေတက်ရောက်တဲ့ အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ Shangri-La Dialogue ပထမနေ့မှာ “မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မတူညီ တဲ့ ချဉ်းကပ်မှုတွေကြား သံတမန်ရေးဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ မြန်မာပြည်အရေးကို အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျု IISS က ဦးဆောင် ကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို ဇွန် ၂ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ယူကေ နဲ့ အီးယူ တို့က ထိပ်တန်းသံတမန်တွေ တက်ရောက်ဆွေးနွေးခဲ့တာပါ။ မြန်မာပြည်ပဋိပက္ခမှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအားလုံး အထူး သဖြင့် စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးရေးကို အဓိကဦးစားပေးဆောင်ရွက်ဖို့ ဗြိတိန် နိုင်ငံခြားရေးဌာန အင်ဒို ပိစိဖိတ်ဒေသဆိုင်ရာ သံအမတ်ကြီး Anne-Marie Trevelyan က တိုက်တွန်းခဲ့ပါတယ်။
တရုတ်ရဲ့ မြန်မာအရေး အရေးပါမှုအပါအဝင်၊ မတူညီတဲ့ ချဉ်းကပ်မှုတွေကို ပေါင်းစပ်လုပ်ကိုင်ပြီး လမ်းစဖွင့်နိုင်ဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုလည်း ဝိုင်းကူသင့်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာ့အရေး နိုင်ငံတကာက ဘယ်လို ချဉ်းကပ်သင့်သလဲဆိုတာကို ဆွေးနွေးကြတာမှာ အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခဲ့တုန်းကလို မြန်မာအရေးမှာ အဓိကကျတဲ့ အဖွဲ့တွေအားလုံးနဲ့ ချိတ်ဆက်ဆွေးနွေးပြီး၊ နိုင်ငံတကာကလည်း အလိုက်သင့် ချိတ်ဆက်ပြီး တစိုက်မတ်မတ် ပြောဆိုလုပ်ကိုင်ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား အထူးကိုယ်စားလှယ်ရုံး အကြီးအကဲ Ngurah Swajaya ကလည်း ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကြားဝင်ကူညီမှု မပါဘဲ အာဆီယံအနေနဲ့ မြန်မာ့အရေး အလုပ်မဖြစ်နိုင်သလို၊ တရုတ်ကိုလည်း ချိတ်ဆက်ပြီး ကြိုးစားနေတာမှာ၊ လူသားချင်း စာနာမှု အကူအညီပေးတာကနေစပြီး ခေတ္တအပစ်ရပ်တာအထိ မျှော်လင့်ထားတယ်လို့ Ngurah က ဆက်ပြောပါတယ်။
အရှေ့တီမောနိုင်ငံသမ္မတ Dr. Jose Ramos-Horta ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ့်အခြေအနေကို ဦးတည်နေပြီလို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိပဋိပက္ခတွေ ရပ်သွားအောင် ကြိုတင်သတ်မှတ်ချက် မရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ လည်းသူကဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေကို ကြားဝင် စေ့စပ်မှုတွေ မလုပ်ရင် ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး ရောက်သွားလိမ့်မယ်ဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ပုပ်ရဟန်းမင်းကြီး၊ ပြင်သစ်သမ္မတ Emmanuel Macron၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron တို့နဲ့ သူ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ပြောကြားတိုက်တွန်းခဲ့ပါတယ်လို့လည်း Dr. Ramos-Horta က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အီးယူ (ဥရောပသမဂ္ဂ) အထူးကိုယ်စားလှယ် Igor Driesmans ကတော့ မြန်မာပြည်မှာ စစ်တပ်အာဏာ သိမ်းမှုစတင်ကတည်းက အီးယူက ကန့်ကွက်ခဲ့ကြောင်း၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မြန်မာ ပြည်သူတွေကို ဆက်လက်ကူညီနေမှာဖြစ်ကြောင်း ၊ လူသားစာနာအကူအညီတစ်ခုတည်းနဲ့မရဘဲ၊ စစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာနဲ့ ဒေသတချို့မှာ စတင် စစ်ရေးအရှိန်လျှော့တာ၊ အပစ်အခတ်ရပ်ဆိုင်းတာမျိုးတွေ လုပ်ပြီး နိုင်ငံရေးဆန္ဒရှိမှု ပြသဖို့ လိုအပ်တယ်လို့ Shangri-La Dialogue မှာဆွေးနွေးခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာပြည် အနာဂတ်ပုံစံနဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝန်းက ဘယ်လိုကူညီမလဲဆိုတာတွေကို မလေးရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားအထူးသံတမန်ရုံး အကြီးအကဲတို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာက စစ်ဘေးရှောင်နေရပ်စွန့်ခွာရသူတွေဆီ အကူအညီပေးဖို့ စိန်ခေါ်ချက်တွေရှိနေပြီး ထိထိရောက်ရောက်ကူညီနိုင်ဖို့ နိုင်ငံတကာကိုယ်စားလှယ်တွေရော မြန်မာက သက်ဆိုင်ရာ အစုအဖွဲ့တွေပါ ပါဝင်တဲ့ လမ်းကြောင်းတစ်ခုတည်ဆောက်ဖို့လိုပြီလို့ ရှန်ဂရီလာညီလာခံမှာ ဆွေးနွေးခဲ့ကြ ပါတယ်။
၈။ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အမေရိကန် ပြော
ဇွန် ၃ ၊ RFA
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အ၀အကောင်အထည်ဖော်ရေးကို ထောက်ခံ တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဇွန်လ ၂ ရက်နေ့မှာ ပြောပါတယ်။
ဘရူနိုင်း၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ အရှေ့တီမောနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ Lloyd Austin တို့ ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေကို စင်ကာပူနိုင်ငံမှာ တွေ့ဆုံဆွေးနွေးချိန် အခုလို ပြောဆိုခဲ့တာ လို့ စင်ကာပူအခြေစိုက် အမေရိကန်သံရုံးက ဖော်ပြပါတယ်။အာဆီယံဘုံသဘောတူညီချက် ငါးချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူး ကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ အကြမ်းဖက် မှုတွေ မြင့်တက်လာနေတဲ့အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနယ်စပ်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၄ ဧပြီ ၁၈ ရက်နေ့က တိုက်တွန်းထားမှုကိုလည်း ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်အောင် တွန်းအားပေးနေတာတွေ ပိုတိုးလာပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အပေါ် အမေရိကန်၊ ယူကေ၊ ဩစတြေးလျအပါအဝင် နိုင်ငံ ကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ကလည်း စိုးရိမ်ကြောင်း မေလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီ ဖမ်းဆီး ဝရမ်းထုတ်
ဇွန် ၃ ၊ The Irrawaddy
ပြည်တွင်းရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီး စစ်ဆေးနေသလို အထင်က ရရွှေဆိုင်ပိုင်ရှင် ၁၀ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ က ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။ အဆိုပါ ဖမ်းဝရမ်းစာရင်းတွင် နာမည်ကြီးရွှေဆိုင်များဖြစ်ကြသည့် အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက် ဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ ဝိန့်စိန်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ ခရမ်းသုံးခွ ရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးမျိုးသူဝင်း၊ စိန်ကျော်မိုးဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း၊ ရွှေဇင်ဝင်း ရွှေသန့်စင် လုပ်ငန်းမှ ဦးအေးကြူတို့ ပါဝင်သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရွှေဈေး တဟုန်ထိုးတက်လာ ချိန်တွင် စစ်ကောင်စီက ရွှေအရာင်းအဝယ်လုပ်သည့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ရွှေဆိုင်ပိုင်ရှင် ၅ ဦး၊ ရွှေသန့်စင်လုပ်ငန်းရှင် ၂ ဦးနှင့် ရွှေကုန်သည် ၃ ဦးတို့ စုစုပေါင်းရွှေဈေးမတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်မှ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။၎င်းတို့အား ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေကြ သည့်အတွက် ဖမ်းဆီးရရှိရေးဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
ရွှေဈေးသည် စံချိန်တင်ဈေးနှုန်းအဖြစ် အခေါက်ရွှေတကျပ်သားကို ငွေကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးစစ် ဆေးမှုများကို ပြုလုပ်လာခြင်းဖြစ်သည်။ ဇွန်လ ၂ ရက်တွင် ရွှေစျေးနှုန်းမှာ ၅၂ သိန်းကျော်ရှိခဲ့သည်။
၁၀။ မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ
ဇွန် ၃ ၊ The Irrawaddy
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ ယနေ့နံနက် ၈ နာရီခန့်တွင် မင်္ဂလာဆောင်တခုအား စစ်ကောင်စီ ဗုံးကြဲ ခဲ့ရာ ကလေးငယ်များအပါဝင် သေဆုံးသူ ၂၇ ဦးထိ ရှိလာပြီး ၃၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မင်းကင်းမြို့နယ် ပကဖနှင့် နီးစပ်သူတဦးက “မတော မင်္ဂလာဆောင်ကို ဂျက်ဖိုက်တာနဲ့ မနက် ၈ နာရီ ၂၀ က ဗုံး ၂ လုံး လာချသွားတယ်။ လောလောဆယ်တော့ ကလေးငယ် ၃ ဦးအပါအဝင် ၂၇ ယောက် သေဆုံးပြီး ၃၀ ဒဏ်ရာရတယ်။ တံတားဦးကလာပစ်တဲ့ ဂျက်ဖိုက်တာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်တာပါ“ ဟု ဧရာဝတီကို ပြောသည်။အဆိုပါ မင်္ဂလာ ဆောင်မှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်တဦး၏ မင်္ဂလာဆောင်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း ဧရာဝတီအနေဖြင့် အတည်ပြုနေဆဲ ဖြစ်သည်။ မင်းကင်း ဒေသခံတဦးက “ပကဖအဖွဲ့ဝင်ဆိုတာ သေချာတော့ အတည်မပြုနိုင်သေးဘူး။ PDF ခေါင်းဆောင်တဦးရဲ့ မင်္ဂလာဆောင်လို့တော့ ပြောကြတယ်။ နောက်တမျိုးပြောတာက ရွှေမျောပြန်တဦးရဲ့ မင်္ဂလာဆောင်တဲ့။ သူက PDF တွေကို ထောက်ပို့တာ၊ ကူညီတာတွေရှိတယ်ပေါ့၊ အဲဒီလိုလည်း ပြောကြ တယ်” ဟု ပြောသည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးလုပ်နေစဉ် ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်နေသဖြင့် ရှောင်တိမ်းလုပ်ကိုင်နေရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
၁၁။ ဘုတလင်မှာ စစ်ကြောင်းဝင်လာစဉ် ဒေသခံတစ်ဦး သတ်ဖြတ်ခံရပြီး လေးဦးဖမ်းဆီးခံထားရ
ဇွန် ၃ ၊ RFA
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကို မေလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို စစ်ကြောင်းက ဖမ်းခေါ်သွားတဲ့ အရပ်သားလေးဦးလည်း ဇွန်လ ၃ ရက် ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဘုတလင်မြို့ပေါ်ကနေ အင်အား လေးဆယ် နီးပါးနဲ့ ထွက်လာတဲ့စစ်ကြောင်းက စီပါရွာကို ဝင်ရောက်စီးနင်း ခဲ့ပြီးနောက် အသက် ၃၈ နှစ်အရွယ် ကိုအောင်နိုင်ဝင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ရွာထဲကပြန်ထွက်ချိန် အရပ်သားကိုးဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး နောက် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားချိန်မှာ ဒေသသခံငါးဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ စီပါရွာခံတစ်ဦးက RFA ကို ပြောပါတယ်။ “သူတို့ ရွာထဲကပြန်ထွက်တော့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ငါးဦးက ပြန်လွတ်လာတာ။ ကျန်တဲ့လေးဦးကတော့ ဘုတလင်မြို့ပေါ်အထိ သူတို့ ခေါ်သွားတယ်။ သူတို့က ဘုတလင်ရဲစခန်းမှာ အထိုင်ချတယ်။ ရဲစခန်းနဲ့ ထွေအုပ်ရုံးက ကပ်လျက်ဆိုတော့ ဖမ်းဆီးလာတဲ့ သူတွေကို ရဲစခန်းဖြစ်ဖြစ် ဒါမှမဟုတ် ထွေအုပ်ရုံးမှာ သူတို့ဖမ်းချုပ်ထားလေ့ရှိတယ်”
ဖမ်းဆီးခံရသူတွေကတော့ အသက် ၃၇ နှစ်နဲ့ ၅၅ နှစ်ကြားအရွယ် စီပါရွာသား အမျိုသားလေးဦးလို့ သူက ဆိုပါတယ်။
၁၂။ လေးမျက်နှာမြို့တွင် စစ်တပ်က အမျိုးသား ၄ ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး
ဇွန် ၃ ၊ DVB
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ တော်လှန်ရေးတပ် PDF တွေကို ထောက်ပံ့ပေးနေတယ် စွပ်စွဲပြီး အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အရပ်သား အမျိုးသား ၄ ဦးကို ဇွန် ၂ ရက်မှာ စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့ လာဖမ်းဆီးပြီး လက်ရှိမှာ ဟင်္သာတစစ်ကြောရေးကို ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။ လေးမျက်နှာမြို့ခံတယောက်က “အဖမ်းခံရသူတွေက လေးမျက်နှာမြို့ပေါ်မှာ နေကြတဲ့သူတွေ ချည်းပဲ။ အသက် ၂၀ ကျော်အရွယ် ကိုငြိမ်းချမ်းသူ တယောက် အပါအဝင် ၄ ယောက် အဖမ်းခံရတာလို့ သိရတယ်။ ကျန် ၃ ယောက်ကလည်း အသက် ၁၉ နဲ့ ၂၀ လောက် အရွယ်တွေပဲ။ သက်သက် စွပ်စွဲအဖမ်းခံရတာ။ အေးအေးဆေးဆေးနေတဲ့ လူငယ်တွေပါ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒီနေ့အထိတော့ ဟင်္သာတ စစ်ကြောရေးကို ခေါ်သွားတယ်လို့ သိရတယ်။ အဖမ်းခံရတာက လူငယ်အမျိုးသားတွေချည်းပါပဲ။ အမှုဖွင့်တယ် ဘာညာ မကြားမိသေး ပါဘူး။ မြို့ပေါ်မှာလည်း ဒီရက်ထဲ အစစ်ဆေး ကြမ်းနေတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က ၄ ဦးလုံးကို ရိုက်နှက် လက်ပြန်ကြိုးတုပ်ဖမ်းသွားတာကို ဒေသခံတွေက တွေ့ရပြီး မိသားစုတွေက ရဲစခန်းမှာ သွားစုံစမ်းပေမဲ့ မရတာကြောင့် စိုးရိမ် စိတ်ပူနေတယ်လို့ ဆိုပါတယ်။
၁၃။ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် စဉ့်ကူးရွှေတွင်းလုပ်သား ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရ
ဇွန် ၃ ၊ Myanmar Now
စဉ့်ကူးမြို့နယ် မြောက်ပိုင်းရှိ ပင်လယ်ကြီးရွာတွင် တပ်စွဲထားသည့် စစ်စခန်းက ဇွန် ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ၁၂၀ မမ စိန်ပြောင်းဟု ယူဆရသည့် လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့ရာ တလိုင်းငုတ်ကျေးရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေလုပ်သား ၂၀ ခန့်ရှိသည့် နေရာသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်ကြောင့် အမျိုသား ၃ ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ရပြီး၊ ၅ ဦးလည်း အပြင်းအထန်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။ “ပစ်တဲ့ ၄ လုံး စလုံးက ရွှေလုပ်ကွက်တွေဘက်ကို ပစ်တာ၊ ၃ လုံးကတော့ ဘာမှမထိခိုက်ပေမဲ့ လုပ်ကွက် ထဲ တည့်တည့်ကျတဲ့တစ်လုံးကြောင့် လူတွေထိခိုက်ကုန်တယ်။ ဒါတောင် ကျတဲ့နေရာက သဲမြေဖြစ်လို့၊ မြေမာမှာသာ ကျရင် ဒီထက်ပိုပြီး ထိခိုက်နိုင်တယ်” ဟု စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံက ပြောသည်။
သေဆုံးထိခိုက်သူများ၏ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။ ယင်းနေ့မှာပင် စစ်ကောင်စီ၏ မန်းလေး-မြစ်ကြီးနား ကားလမ်းဘေးရှိ ရွှေပြည်ကျေးရွာစခန်းမှ စစ်သားများက ပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ရာ ရွှေပြည်ကျေးရွာ အရှေ့ဘက်ရှိ မြသီတာနှင့် မြကန်သာရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
Comments