top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်

နေ့စဉ်သတင်းစုစည်းမှု

04-June-2024

တိုက်ပွဲသတင်း

 

၁။ မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ သေဆုံးမှုများရှိ

 

ဇွန် ၄ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုန်အတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) က တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးပြီး လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး ဖြတ်သန်းသွားလာသော ပြည်သူများကို တားဆီးစစ်ဆေးကာ ငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇွန်လ ၃ ရက် နံနက် ၁၀ နာရီခွဲ ကျော်အချိန်တွင် စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း အမှတ် ၄ တပ်ရင်း -Chindwin Attack Force မှ တာဝန်ရှိသူတဦးက ပြောသည်။ အမှတ် ၄ တပ်ရင်း -Chindwin Attack Force မှ တာဝန်ရှိသူတဦးက “စစ်သား ၇ ယောက်ကို သုတ်သင်နိုင်ခဲ့ ပြီးတော့ MA- 11၊ ကာဘိုင် သေနတ်နဲ့ ကျည်တွေ သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်တပ်က ကားလည်း ပျက်စီးသွားပြီး မောင်းလို့ မရတော့လို့ ကရိန်းနဲ့ လာဆွဲသွားတယ်။ သေတဲ့သူတွေကို လူနာ တင်ကားတွေနဲ့ လာသယ်သွားကြတယ်လို့ သိရတယ်” ဟု ပြောသည်။ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး အနီးဝန်းကျင်အား ပစ်ခတ်ခြင်း များ ပြုလုပ်ခဲ့သလို စက်မှုဇုန်အတွင်းရှိ နီလာစားသောက်ဆိုင်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

 

၂။ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေပျူစောထီးအထိုင်စခန်းကို PDFတွေ ဝင်တိုက်ခိုက်၊ ရန်သူ တပ်သား ၅ ဦး သေဆုံး

 

ဇွန် ၄ ၊ PVTV

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေပျူစောထီးအထိုင် စခန်းကို PDFတွေ ဝင်တိုက်ခိုက်၊ ရန်သူတပ်သား ၅ ဦး သေဆုံး၊ ပခုက္ကူပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ သစ်ချိုကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ခင်မောင်ရီ ဦးဆောင်တဲ့ လက်ပါး စေ ပျူစောထီးတွေရဲ့ ပူးပေါင်း အထိုင်စခန်းကို ဇွန် ၁ ရက်နေ့ ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက်မနက်အစောပိုင်း ၁ နာရီခန့် အထိ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကျဲချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် လက်ပါးစေ ပျူစောထီး ၅ ဦး သေဆုံးပြီး ကျန်အကြမ်းဖက်တပ်သားတွေနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ လက်ပါးစေပျူစောထီး တွေ ထွက်ပြေးသွားပြီးနောက် အထိုင်ချ ကင်းစောင့်နေတဲ့ ဘန်ကာတွေအားလုံးနဲ့ ကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ အဆောက်အဦးတွေကို ဝင်ရောက် ဖျက်ဆီး ရှင်းလင်းခဲ့ရာ ကာဘိုင် တစ်လက်၊ ကာဘိုင် ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁လုံး၊ ကာဘိုင် ကျည် ၁ဝ၂ တောင့်၊ ၁၂ ဗို့ သေနတ် ၃ လက် ၊ လက်လုပ် သေနတ် ၅ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ ပေါက်မြို့နယ် ပကဖ၊ မြိုင်ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE-S.R.F၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂၊ မကွေးခရိုင်တပ်ရင်း ၂၊ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး-NPRF၊ အဆိုတော် အဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်း-ပကဖ၊ ကင်ဒို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Pauk Based On Revolution Force -PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF-ကမ္မတပ်ပေါင်းစု၊ စကား ပြောက်ကျားတပ်ဖွဲ့၊ ဦးကြီး တပ်ဖွဲ့၊ ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့၊ BRAF ဒရုန်းတပ်ဖွဲ့ နဲ့ မိုးပျံ ဒရုန်းတပ်ဖွဲ့စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၃။ သိမ်ဇရပ်တွင် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ

 

ဇွန် ၄ ၊ DVB

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ခုကို ဇွန် ၂ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝေါပကဖက ပြောပါ တယ်။ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ သိမ်ဇရပ်မြို့ ခမရ ၂၀၇ တပ်ရင်းနဲ့ ၃၁၀ အမြောက်တပ်ရင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန် ၂ ရက် မနက် ၇ နာရီခွဲမှာ ၆၀ မမစိန်ပြောင်း၊ M-79 လောင်ချာ၊ ခွင်းဗုံး၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဝေါပကဖ တာဝန်ရှိသူတဦးက “မနက်စောစော ကျနော်တို့ စစ်တပ် ၂ ခုကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလည်း အထိနာသွားတော့ ၆၀ မမနဲ့ ၁၂၀ မမတွေနဲ့ ပြန်ပစ်ခဲ့တာ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး အရာရှိတဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝေါပကဖက ပြောပါတယ်။

 

၄။ နွားထိုးကြီးတွင် စစ်ကောင်စီ‌စစ်ကြောင်း စောင့်တိုက်ခံရ၊ ခုနှစ်ဦးသေဆုံးဟုဆို

 

ဇွန် ၄ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်လည်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို PDFတပ်ဖွဲ့များက စောင့်ကြိုတိုက် ခိုက်ခဲ့ရာ ခုနှစ်ဦးသေဆုံးကြောင်း သိရသည်။ ဇွန်လ သုံးရက်၊ နံနက် ခုနှစ်နာရီခန့်၌ နွားထိုးကြီးမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်သားများသည် အင်အား ၄၀ ဝန်းကျင်ဖြင့် နဘဲသာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် လာပြီး မန်လည်ရွာဘက်သို့ ထပ်မံထွက်လာစဉ် ဒေသခံ PDF တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ သုံးနာရီခန့် ဖြစ်ပွားခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ရှစ်တပ်ရင်း - NRDF က သတင်းထုတ်ပြန် သည်။ "ဇရပ်ကြီးကနေ နံနက်အစောပိုင်းလောက် နဘဲသာဘက်ကို ထွက်လာတာပေါ့။ အဲ့မှာ ကျတော်တို့က မန်လည်ဘက် ကနေ စစ်ကြောင်းကို စောင့်ပြီး ဖော်ဆောင်တဲ့ တိုက်ပွဲပုံစံဖြစ်သွားတာပေါ့။ တိုက်ပွဲကတော့ ရွာနှစ်ရွာကြားမှာ ဖြစ်တာ" ဟု NRDF တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်သား လေးဦးမျက်မြင်သေဆုံးပြီး နောက်ထပ် သုံးဦး သေဆုံးမှုကို ဒေသခံများ၏ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ရှစ်တပ်ရင်း - NRDF၊ မြင်းခြံခရိုင် အမှတ်တစ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်နှစ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်သုံး တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖနှင့် မလှိုင်မြို့နယ် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၅။ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှ အရက်သောက်ရန်ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

ဇွန် ၄ ၊ D Day News

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ယနေ့ ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အကြမ်းဖက် စစ် သား ၅ ဦးသည် အရက်သောက်ရန်အတွက် ရဲစခန်းထဲမှ ထွက်လာစဉ် ရဲစခန်းအဝင် လမ်းကြားရှိ ပဒေသာ TNT အပြင်းစား မိုင်း ၃ လုံးတွဲ ထောင်ထားသည့် နေရာသို့အရောက်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းအတွင်းရှိ အခြား အကြမ်းဖက်စစ်သားများမှ စက်လက်နှင့် လက်နက်ကြီးများဖြင့် စခန်းအပြင်ဘက်သို့ ရမ်းသမ်းပစ်ခတ်မှု မိနစ်၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

၆။ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

ဇွန် ၄ ၊ D Day News

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ထံမှ သိရသည်။ ဇွန်လ ၂ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်ခန့်က ပခုက္ကူတပ်မ ၁၀၁၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီးကျေးရွာနှင့် ဂွေးချိုပျူ‌စောထီးကျေးရွာမှ အကြမ်း ဖက်စစ်သား ၊ ပျူစောထီးများ ပူးပေါင်းပြီး အင်အား ၄၀ ခန့်ဖြင့် ခြေလျင်ထွက်လာသော စစ်သားများကို ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ပခုက္ကူတပ်မ ၁၀၁ ကလည်းပါတယ်။ ဆင်ချောင်းနဲ့ ဂွေးချိုပျူရွာက ကောင်တွေလည်းပါတယ်။ အားလုံး ၄၀ လောက် စစ်ကြောင်းတက်လာတာပေါ့၊ အဲဒါကို အသင့်စောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တာ။ တစ်ကောင်ကတော့ မျက်မြင်သေဆုံးတယ်။ တိုက်ပွဲထဲမှာ ခွေးတစ်ကောင်ဆွဲတာ မျက်မြင်ပဲတွေ့ခဲ့ ရတာ။ ခွေးစစ်ကြောင်းကတော့ ရှေ့ဆက်ထွက်သွားတာ။” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စစ်သားများ အသုံးပြုသော G3 ကျည်ဘောက် ၁ ခု၊ G3 ကျည် ၁၀ တောင့်နှင့်အီကွေ့မင့်တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

၇။ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ၇ ဦး သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံး

 

ဇွန် ၄ ၊ D Day News

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဇာမဏီတံတားအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ ၂ ဦးဒဏ် ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ဇွန်လ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဇာမဏီတံတားအနီးရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ယာယီစခန်းသို့ ဇာမဏီချောင်းထဲမှ စစ်ကြောင်းထိုးတက်လာသည့် အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပြီး ရဲဘော်ကိုလင်းနှင့် ရဲဘော်ကိုကျော်မင်းတို့ ၂ ဦး ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။ “ကားလမ်းက လာမယ်ထင်ပြီးစောင့်နေတုန်း ဇာမဏီချောင်းထဲကနေ ဒရုန်းတွေ အရင်လွှတ် လက်နက်ကြီးတွေနဲ့ ထုပြီး တက်လာကြတာ၊ အဲဒီမှာ ကျနောတို့တွေ အလစ်အငိုက်ခံလိုက်ရတာ။ အပြန် အလှန်ပစ်ကြတာမှာ ကျနော်တို့ဘက်က သေနတ် ဂျမ့်ဖြစ်ပြီး ကျည်မထွက်ဖြစ်နေတုန်း အတင်း တက်လာတာကြောင့် ဆုတ်ပေးလိုက်ရတာ။ ကျည်ကလည်း အားနည်းတော့ ချွေတာပစ်ရတဲ့အတွက် အခုလိုဖြစ်သွားတာပါ၊ ဆိုင်ကယ် အစီး ၃၀ ကို မီးရှို့ပြီး ရိက္ခာသယ်တဲ့ကားကိုတော့ ပြန်သုံးမရအောင် ထုချေဖျက်ဆီးပစ်ခဲ့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီးများအပြင် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ကျည်နှင့်ခဲယမ်းမလုံလောက်မှု ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရကာ စခန်းရှိ ဆိုင်ကယ် အစီး ၃၀ ၊ ရိက္ခာသယ် ကား၂ စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း သဗြုချောင်းတံတား အနီးသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ မှ ရဲဘော်များ ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

၈။ ရေဦးမြို့တိုင်းရင်းဆေးရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

 

ဇွန် ၄ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့တိုင်းရင်းဆေးရုံးအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ တပ်စခန်းကို ဇွန် ၃ ရက် မနက် ၈ နာရီ ၃၀ မိနစ်မှာ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ၊ ရေဦးPDFက Fixed Wing ဒရုန်းတွေနဲ့ ဗုံးသီး (၆)လုံးချကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက (၆၀)မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက် အပွန်းအပဲ့ မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ဒရုန်းတပ်စုရဲ့ လှုပ်ရှားမှုကို ဖော်ပြထားတာဖြစ်ပြီး တော်လှန်ရေးမှာ မဆုတ်မရွံ့တဲ့ ခွန်အားနဲ့ ကြိုးစားနေတာကို ပြည်သူတွေကို အသိပေးပြီး အင်အားတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၉။ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

ဇွန် ၄ ၊ D Day News

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းထဲသို့ ဒရုန်း ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦးထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်ကစတင်၍ မတ္တရာမြို့နယ်၊ နန်းတော်ကွန်းရွာ ဘုန်းကြီးကျောင်းထဲ၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲသော စစ်တပ်စခန်းထဲသို့ Fixed Wings Drone များ ဖြင့် ဗုံးသီး ၄ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“သေဆုံး ထိခိုက် နောက်ဆက်တွဲသတင်းတော့ မကြားရသေးဘူး။ ၈၁ မမ နဲ့တော့ တစ်ညလုံးထုနေတာ။ ကျနော်တို့ အလုပ် တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ လာရောက် ထောက်ပံ့ပေးပါ၊ ကျနော်တို့ အလုပ်နဲ့ သက်သေပြပေးပါ မယ်” ဟု ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ မတ္တရာမြို့နယ် (ပကဖ)နှင့် နယ်မြေခံပကဖ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး အကြမ်းဖက်စစ်တပ်၏ Jammer ကြောင့် ဒရုန်းတစ်စီး ပျက်ကျခဲ့ကြောင်း သိရ သည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၁၀။ အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဥ် ၅ တွင် ခေါ်ယူရန် စစ်ကောင်စီ ညွှန်ကြား

 

ဇွန် ၄ ၊ DVB

 

စစ်မှုထမ်းအပတ်စဥ် ၅ မှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူနိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်များအားလုံး ကြိုတင် ပြင်ဆင်ထားရန် ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မေ ၃၁ ရက်မှာ တိုင်းစစ်ဌာနချုပ် အားလုံးကို အမျိုးသမီးများ အပတ်စဥ် ၅ မှာ စစ်မှုထမ်းနိုင်ရေးအတွက် စာရင်းကောက်ယူခြင်း၊ သင်တန်းကျောင်း စီစဥ်ခြင်းတွေကို ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “ဇူလိုင်လထဲမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စပြီးခေါ်မှာ၊ ယောကျ်ားလေးတွေ အပတ်စဥ် ၄ ခေါ်ပြီးတာနဲ့ အမျိုးသမီးတွေစခေါ်မှာ၊ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ခရိုင်နဲ့ မြို့နယ်တွေကို ခေါ်ပြီး အစည်းအဝေး လုပ်ပြီးတာနဲ့ စာရင်းစကောက်မှာ။” တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ခရိုင်နဲ့ မြို့နယ်တွေကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းပုံစံ ဖြည့်သွင်းဖောင်တွေ ပေးအပ်ပြီး ခရိုင်မှတဆင့် ကြီးကြပ်ကာ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စာရင်းကောက်ပေးရမှာ ဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။“အပါတ်စဥ် ၅ အတွက် အမျိုးသမီးတွေ စာရင်းကောက်ခိုင်းတာ တော့ ရှိတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ စာရင်းမကောက်ရသေးဘူး။ ပထမအပါတ်စဥ်မှာ အသက် ၂၁ ကနေ ၂၄ အတွင်း ကောက်ရမှာ၊ တကယ်တမ်း စခေါ်မယ်ဆိုရင်တောင် ၈ လပိုင်းမှ ခေါ်မှာ။”စစ်မှုထမ်းဥပဒေအရ ​အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ပညာရှင်ဖြစ်ပါက အသက် ၃၅ နှစ်အထိ အကျုံးဝင်တယ် လို့ ဖော်ပြထားပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၁၁။ ထိုင်းကွန်ဒိုတိုက်ခန်း ရောင်းသူ/ဝယ်သူများ စစ်ကောင်စီ ဖမ်းဆီးနေ

 

ဇွန် ၄ ၊ The Irrawaddy

 

ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများ ရောင်းချသူနှင့် ဝယ်ယူသူများကို နိုင်ငံခြားငွေ ကမောက်ကမဖြစ်စေရန် ရည်ရွယ်သည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံ ဖမ်းဆီးအရေးယူနေကြောင်း ယနေ့ညပိုင်းသတင်းများတွင် ကြေညာသည်။

ထိုင်းနိုင်ငံတွင် ဘဏ်အကောင့်ဖွင့်လှစ်ကာ ကွန်ဒိုတိုက်ခန်းဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်း၊ ဒေါ်မြတ်မြတ်မွန် တို့ ၃ ဦးကို ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသလို၊ မင်းသူကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့ ၂ ဦးကိုလည်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ၂ ကြိမ်တိုင် အရောင်းပြပွဲများပြုလုပ်၍ ထိုင်းကွန်ဒိုတိုက်ခန်းများရောင်းချမှုဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ သတင်းများက ဆိုသည်။ အဆိုပါ ဦးအောင်ကျော်ထွန်းနှင့် ဦးမင်းသူကျော်တို့မှာ ငွေကြေးကမောက်ကမဖြစ်စေရန် ရည်ရွယ် ၍ ပြည်ပရှိတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင် ရောင်းဝယ်ခြင်း၊ ဝယ်ယူသူများက ပေးချေသည့် ကျပ်ငွေများကို ထိုင်းနိုင်ငံသို့ ဟွန်ဒီဖြင့် လွှဲပြောင်းခြင်းတို့လည်း ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ဆိုသည်။ နိုင်ငံခြားဘဏ်အကောင့် ဖွင့်လှစ်သူများနှင့် ထိုင်း၌ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကို ဆက်လက် စုံစမ်း ဖော်ထုတ်သွားမည်ဟုလည်း စစ်ကောင်စီက ကြေညာသည်။ ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ ငွေလဲလှယ်ရေး ကောင်တာ (Money Changer) ၁၁ ခုကိုလည်း တရားမဝင်နိုင်ငံခြားငွေ ရောင်းချသူများအဖြစ် ကြေညာကာ ပိုင်ရှင်များအား ဖမ်းဆီးရမိရန် စစ်ကောင်စီလုပ်ဆောင်နေသလို၊ လိုင်စင်ရှိသော်လည်း ဗဟိုဘဏ်စည်းကမ်းကို ချိုးဖောက်ပြီး ငွေကြေး ကစားသည့် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ဆောင်သူ ၁၄ ဦးကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း အထင်ကရ ရွှေဆိုင်ပိုင်ရှင်များကို ရွှေစျေးကစားသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထား သေးသည်။

 

၁၂။ ချင်းအမျိုးသား ၁၀ ဦး ဖမ်းဆီးခံရ

 

ဇွန် ၄ ၊ DVB

 

မကွေးတိုင်း၊ ငဖဲမြို့နယ်က ချင်းအမျိုးသား ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ရှောက်တောင်ကျေးရွာအနီးမှာ အခြေစိုက်တဲ့ ကပစ ၁၄ မှ စစ်ကောင်စီတပ်သားတွေက မေ ၃၁ ရက်မှာ အင်ပိုး ကျေးရွာက ၇ ဦးနဲ့ ဇွန် ၁ ရက်မှာ ရှောက်တောင်ကျေးရွာက ၃ ဦးတို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ရှောက်တောင်ရွာခံ တဦးက “စစ်သားတွေက ရွာထဲကို မနက်အစောကြီး ဝင်လာကြပြီး ရွာထဲက အမျိုးသား ၃ ယောက်ကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။အင်ပိုးကျေးရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေး လာတဲ့ ဒေသခံတဦးကလည်း “အဖမ်းခံရတဲ့ ၇ ယောက်က ရွာမှာပဲ အေးအေးဆေးဆေး နေကြတဲ့သူတွေပဲ။ ဟိုဘက်က ရှောက်တောင်ရွာက ၇ ယောက်နဲ့ တရက်တည်း ရွာမှာပဲ အဖမ်းခံရတာ။ ဖမ်းသွားတာ ၅ ရက်လောက် ကြာသွားပြီ။ မိသားစု တွေကလည်း အဆက်အသွယ်မရလို့ စိတ်ပူနေကြတယ်” လို့ ပြောပါတယ်။ ဇွန် ၂ ရက် မနက်ပိုင်းကလည်း ကပစ ၁၄ က စစ်ကောင်စီတပ်သားတွေဟာ အင်ပိုးကျေးရွာကို အင်အား ၇၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ပြည်သူတွေဟာ တခြားကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

၁၃။ ပုဏ္ဏားကျွန်းတွင် ဗုံးကြဲဒဏ်ရာရ အမျိုးသမီး ၂ ဦး ထပ်မံသေဆုံး

 

ဇွန် ၄ ၊ DVB

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးဝါးကုသမှု ခံယူနေတဲ့ အမျိုးသမီး ၂ ယောက် ဇွန် ၃ ရက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ယိုးတရုတ်ကျေးရွာကို ဇွန် ၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12 ထောက်ပို့လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တာလို့ ယိုးတရုပ်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။ အဲဒီအထဲက ဆေးဝါးကုသမှု ခံယူနေ တဲ့ ယိုးတရုပ်ကျေးရွာက အသက် ၄၈ နှစ်အရွယ် ဒေါ်သန္တာခိုင်နဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးနုတို့ ဇွန် ၃ ရက်မှာ ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

၁၄။ ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်များအနီးရှိ မူလကျောင်းတွင် ပေါက်ကွဲမှုဖြစ်၊ကလေး သုံးဦးထက် မနည်းသေဆုံးပြီး ဒဏ်ရာ ရသူလည်း များဟုဆို

 

ဇွန် ၄ ၊ Myanmar Pressphoto Agency

 

ထားဝယ်မြို့အဝင်၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် သုံးဦး ထက်မနည်းသေဆုံးကာ ဒဏ်ရာရသူလည်း များပြားကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အိမ်ရှေ့ပြင် ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်း စိုးရိမ်ရဒဏ်ရာ ရရှိကြောင်း အိမ်ရှေ့ပြင်ရပ်ကွက်သားတစ်ဦးက ပြောသည်။ "မုန့်စားကျောင်းဆင်းချိန်ဖြစ်တာပါ။ ဗုံးလား၊ မိုင်းလားတော့ သေချာမသိရသေးဘူး။ ကလေး သုံးဦးသေတယ်။ စိုးရိမ်ရ ဒဏ်ရာက ၁၀ ဦးကျော်ရတယ်။ မစိုးရိမ်ဒဏ်ရာရသူတွေလည်း ရှိတယ်"ဟု ၎င်းက MPAသို့ ပြောသည်။ ယင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရ စာရင်းအတိအကျကိုမူ အတည်မပြု နိုင်သေးကြောင်း ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ "အိမ်ရှေ့ပြင်ကျောင်းက ထားဝယ်မြို့အဝင်မှာ ရှိတာ ပေါ့။ အဲ့ကျောင်းပတ်ဝန်းကျင်မှာက စစ်တပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ်။ စစ်သားတွေ ကျောင်းထဲဝင် စစ်တယ်။ လူနာတင်ကားနဲ့ အရေးပေါ်ကားတွေ တော်တော်များတယ်။ပေါက်ကွဲအားကလည်း ကြားရတာ တော်တော်ပြင်း တော့ ကလေးတွေ တော်တော်ထိသွားပုံရတယ်" ဟု ၎င်းက ပြောသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးနှင့်ဒဏ်ရာရ ကလေး များကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေကြောင်း သိရသည်။

 

၁၅။ မြိုင်တွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် လေးဦးသေဆုံး

 

ဇွန် ၄ ၊ Myanmar Pressphoto Agency

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့(ဇွန်လ ၄ ရက်) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခွဲခန့်တွင် နောက်တစ်ကြိမ် ကံမြင့်ကုန်းရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်သဖြင့် အဆောက်အအုံ ၄ လုံးနှင့် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင်လည်း ပျက်စီးခဲ့ ကြောင်း မြိုင်ပကဖ ရဲဘော်တစ်ဦးထံကသိရသည်။"ပထမတစ်ကြိမ်က ဗုံးကြဲတာ။ ဒုတိယတစ်ကြိမ်က အတွဲလိုက် ပစ်သွား တာ။ နှစ်ကြိမ်လုံး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်သွားတာ။ စိုးရိမ်ရတဲ့သူကများတယ်။ ရှပ်ထိလေးတွေလည်း ပါတယ်" ဟု ၎င်းက MPA သို့ ပြောသည်။ သေဆုံးသွားသော အသက်ခြောက်နှစ်အရွယ်ကလေးမှာ ယောကျာ်းလေးဖြစ်ပြီး ကျန်သုံးဦးမှာ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် လူလတ်ပိုင်းအမျိုးသမီးနှစ်ဦးတို့ ဖြစ်သည်။ဇွန်လ ၃ ရက်တွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာသည့် ရိက္ခာပို့စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အထိနာသွားကြောင်းထို့ကြောင့် လမ်းကြောင်းရှင်းသည့်အနေဖြင့် လေကြောင်းတိုက်ခိုက်သွားခြင်းဖြစ် ကြောင်း သိရသည်။



 

 

 


43 views0 comments

Comments


bottom of page