top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်

နေ့စဉ်သတင်းစုစည်းမှု

05-June-2024

တိုက်ပွဲသတင်း

 

၁။ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို PDFတွေ တိုက်ခိုက်၊ ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံး

 

ဇွန် ၅ ၊ PVTV

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ပါ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို PDF တွေ တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်း (တောင်သာ)က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။နဘဲသာရွာဘက်ကနေ ဇွန် ၃ ရက် မနက် ၇ နာရီမှာ မာန်လည်ရွာဘက်ကို စစ်ကြောင်းထိုး လာတဲ့ အင်အား ၄၀ ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကျော် ကြာမြင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်တစ်ဦးအပါ အဝင် ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြား ရရှိသွားတယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ် ရေး ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ မြင်းခြံခရိုင် အမှတ်၁တပ်ရင်း (27 Revolution Forces)၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ မြင်းခြံမြို့နယ် ပ.က.ဖ၊ တောင်သာမြို့နယ် ပ.က.ဖ၊ မလှိုင် ပ.က.ဖ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂။ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံစစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံး

ဇွန် ၅ ၊ D Day News

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရှိ အကြမ်းဖက်စစ်တပ်စခန်းနှင့် တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်းမှူး အပါအဝင် စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံ ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းကို Rocket များဖြင့် အလုံး ၃၀ ကျော် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ ဘန်ကာများ၊ စခန်းများထိခိုက်ပျက်စီးမှုရှိပြီး ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။ “ကျနော်တို့ ပစ်လိုက်တဲ့ ရော့တွေက သူတို့ရဲ့စခန်းအတွင်းဘက်တွေကို ကျပြီး ဘန်ကာတွေပျက်စီး တာမျိုးတွေရှိတယ်။ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံကိုပိန်က ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Thurain-TR (Pakokku) ၊ Pakokku Underground Force ၊ Taty-PKU PDF ၊ Cobra One (Pakokku) ၊ Young Force - UG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၄ ရက်နေ့က ပခုက္ကူမြို့ရှိ တပ်မ ၁၀၁မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ် ၁၃ စီးနှင့် အကြမ်းဖက်စစ်သား အင်အား ၁၅၀ ဦးခန့်ပါစစ်ကြောင်းကို ပခုက္ကူ-ကမ္မလမ်းပိုင်း တစ်နေရာအရောက် ဒရုန်းများဖြင့် ဗုံးသီး အလုံး ၅၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းမှူးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

၃။ မင်္ဂလာဒုံမြို့နယ် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲ တိုက်ခိုက်

 

ဇွန် ၅ ၊ PVTV

 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Noka-UG တပ်ဖွဲ့က အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရန်သူလက်အောက်ခံ အနန်းပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကို ဇွန် ၄ ရက်၊ ည ၇ နာရီ မိနစ် ၄၀ အချိန်မှာ အဝေးထိန်းမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ၊ ရန်သူလက်အောက်ခံ တပ်သား‌တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်တယ်လို့ Noka-UG က မနေ့က အသိပေးပါတယ်။ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်မှုစာရင်းကို သိရှိအောင် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Noka-UG အဖွဲ့အနေနဲ့ မြို့ပြ ပြောက်ကျားစစ်ဆင်ရေးကို အရှိန်မြှင့်တင်သွားမှာ ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီ နဲ့ ပက်သတ်တဲ့ နေရာတွေနဲ့ အနည်းဆုံး မီတာ ၅၀ အကွာမှာ ရှောင်ရှား သွားလာပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

 

၄။ မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ နှစ်ထောင်ခန့် တိမ်းရှောင်နေရ

 

ဇွန် ၅ ၊ PVTV

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် သရက်တောနဲ့ လယ်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဇွန်လ ၄ ရက် နေ့ ညပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေသလို ဒေသခံနှစ်ထောင်ခန့်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာနှစ်ရွာဟာ မိုးမိတ်မြို့နဲ့နီးတာကြောင့် မြို့ပေါ်ကိုပါ တိုက်ပွဲတွေ ကူးစက်လာမှာကိုစိုးရိမ်ပြီး မြို့ပေါ်က ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေတာ ရှိတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။ “အရင်တစ်ခါဖြစ်ပြီးတော့ အေးဆေးဖြစ်လာပြီဆိုပြီး မြို့ထဲကိုပြန်ဝင်တာတောင် လပိုင်းပဲရှိသေးတယ်။ အခုတစ်ခါ ထပ်ပြေးရတာပေါ့။ အခုတိုက်ပွဲဖြစ်နေတဲ့ ရွာနဲ့က မြို့နဲ့သိပ် မဝေးဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ၁၅ မိနစ်လောက်ပဲ ဝေးတယ်။ အရင်တစ်ခါလည်း မြို့ပေါ်အထိ တိုက်ပွဲက ဖြစ်ဖူးတယ်။ အခုလည်း မြို့ပေါ်အထိ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒါကြောင့် တိမ်းရှောင်လာရတာပေါ့”

မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ မိုးမိတ်မြို့အတွင်းက ရဲစခန်းနဲ့ ကာကင်းစခန်း တွေကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူပြီး မြို့ကိုတစ်ပတ်ကြာ ထိန်းချုပ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၅။ နိုင်ငံခြားငွေရောင်းချသူ ၃၉ ဦး စစ်ကောင်စီ ထပ်မံ အရေးယူ

 

ဇွန် ၅ ၊ The Irrawaddy

 

နိုင်ငံခြားငွေကစားသည်ဟုဆိုကာ မေလ ၂၄ ရက်မှ ဇွန် ၄ ရက်အတွင်း ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေရောင်းချသူ ၃၉ ဦး ကို စစ်ကောင်စီက ထပ်မံအရေးယူလိုက်ကြောင်း ယနေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေ ကစားသူများ၊ ဟွန်ဒီလုပ်ငန်း ဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မေလ ၂၄ ရက်က ကြေညာ ထားသည်။ ယင်းတားမြစ်ချက်များ လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင်လည်း ၁၂ ရက်အတွင်း နိုင်ငံခြားငွေကစားသူများနှင့် နိုင်ငံခြား ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ၃၉ ဦးကို စိစစ်ဖော်ထုတ်ပြီး ၎င်းတို့၏ ဘဏ်စာရင်းများနှင့် Pay Account များအား ယာယီ ဆိုင်းငံ့ခြင်းများ လုပ်ဆောင်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဇွန်လ ၃ ရက်ကလည်း ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း မတည် မငြိမ်ဖြစ်အောင် ဈေးကစားသူဟုဆိုကာ ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ထုတ်ပြန်ထားသလို ထပ်မံ၍ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦးတို့မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၆။ ဆီဆိုင်မြို့နယ်မှာ အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

 

ဇွန် ၅ ၊ PVTV

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကယန်းလေးကျေးရွာက အရပ်သားပြည်သူ တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့က ဇွန် ၂ ရက်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် (PNLA)က ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့က ကယန်းလေးကျေးရွာနေ အသက် ၅၀ နှစ် အရွယ် ဦးဂျော့လောင်(ခ)ဖြားစွူး ကို ဖမ်းဆီးသွားခဲ့ပြီး ပန်တိုင်းကျေးရွာအနီးမှာ ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခဲ့ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တာကို မသိရသေးဘူးလို့ ဆိုပါ တယ်။ ဦးဂျော့လောင်ကို ဖမ်းဆီးသွားပြီးနောက် ပြန်လည်လွတ်ပေးဖို့ ဇွန် ၃ ရက် မနက်က ဒေသခံအချို့ လိုက်သွားစဉ် ပန်တိုင်းကျေးရွာအနီး အရောက်မှာ ရိုက်နှက် သတ်ဖြတ်ခံထားရတဲ့ ဦးဂျော့လောင်ရဲ့ အလောင်းကိုသာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးဂျော့လောင်(ခ)ဖြားစွူးမှာ သာမန်ပြည်သူတစ်ဦးသာ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနဲ့မှ ပတ်သက် ခြင်း မရှိကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက မေလ မှ ယခု ဇွန်လ ၃ ရက်နေ့ အထိ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြန်ပေးဆွဲငွေညှစ်တာ၊ ရိုက်နှက်နှိပ်စက်တာတွေကို ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၇။ မြိုင်၊ ကံမြင့်ကုန်းရွာ ဗုံးကြဲခံရ၍ ၆ ဦး သေဆုံး

 

ဇွန် ၅ ၊ The Irrawaddy

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းရွာကို ယမန်နေ့ နံနက် ၁၁ နာရီခွဲကျော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေသည့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ သေဆုံးသူများမှာ အသက် ၁၂ နှစ်အရွယ် ကလေးတဦးအပါအဝင် အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦး ဖြစ်ပြီး ဒဏ်ရာရ ဒေသခံ ၁၁ ဦးအနက် ၁ ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ဒေသခံများက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ ဒေသခံတဦးက “လေယာဉ်နဲ့ ဗုံးကြဲတုန်းက ဆုံးတာက ၄ ယောက်၊ နောက်ညနေပိုင်းမှာ ဆုံးတာ ၁ ယောက်၊ ဆေးကုသရင်း ညပိုင်းမှာ ဆုံးတာ ၁ ယောက်၊ ဗုံးကြဲတာတော့ နေ့လယ် ၁၁ နာရီခွဲ နဲ့ ၁၂ နာရီကြားထဲမှာ။ တိုက်ပွဲတော့မရှိဘူးဗျ။ ဒါပေမယ့် ရွာတောင်ဘက် ၄ မိုင်လောက်ကွာတဲ့ ရွာမှာတော့ စစ်ကောင်စီ တပ်ကို မိုင်းဆွဲတာမျိုး ရှိတယ်။ အဲဒါ သူတို့ ထိလို့ ခေါ်ပြီး ဗုံးကြဲတာထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဘုန်းကြီးကျောင်း၌ ရွာနီးပတ်ဝန်းကျင်မှ စစ်ဘေးရှောင်ဦးရေ ၆၀ ဦး ဝန်းကျင်ခန့်ရှိပြီး ဗုံးကြဲပြီးနောက်ပိုင်း ရွာတွင် နေထိုင်ခြင်းမရှိဘဲ တခြားနေရာများသို့ စစ်ဘေးရှောင်နေရကြောင်း ၎င်းက ပြောသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ပခုက္ကူမြို့နယ်ရှိ အိမ်ခြေ ၁၀၀ ခန့်ရှိသော ပြည့်အိုင်ရွာအား စစ်ကောင်စီတပ် မီးဝင်ရှို့နေပြီးအသေးစိတ်ကို မသိရသေး ကြောင်း ဒေသခံများက ပြောသည်။

 

၈။ မတ္တရာတွင် လူငယ် အမျိုးသားသုံးဦး စစ်ကောင်စီတပ် သတ်၍ သေဆုံး

 

ဇွန် ၅ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းရွာအနောက်ဘက်တွင် လူငယ်အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ် ခဲ့ကြောင်း သိရသည်။ ဇွန်လ လေးရက်၊ ညနေ ခြောက်နာရီခန့်က မတ္တရာမြို့ပေါ်မှ ထွက်လာသော စစ်ကားတစ်စီးပေါ်၌ လူငယ်အမျိုးသားသုံးဦးကို တင်ဆောင်လာပြီး ရှမ်းမြောင်းရွာအနောက်ဘက် ရေမြောင်းထဲတွင် သေနတ်နှင့်ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း Wetlet Informational network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဘယ်ကဖမ်းလာလဲလို့တော့ မသိဘူး။ ကားရပ်ပြီးတော့ မနေ့ညနေပိုင်းက သေနတ်နဲ့ပစ်သတ်သွားတာ။ ဒီမနက်ကျတော့ စစ်သားတွေပဲ ပြန်ရောက်လာပြီး ကားနဲ့ အလောင်းပြန်သယ်သွားတယ်" ဟု ၎င်းက MPA သို့ ပြောသည်။ ရှမ်းမြောင်းရွာသည် မတ္တရာမြို့နှင့် သုံးမိုင်ခန့် ကွာဝေးပြီး မန္တလေး - မိုးကုတ်ကားလမ်းဘေးတွင် တည်ရှိသောကြောင့် မကြာခဏဆိုသလို စစ်သားများ ကားဖြင့် ဖြတ်သန်းသွားလာ တတ်ကြောင်း သိရသည်။ "လွန်ခဲ့တဲ့ ခြောက်လလောက်ကလည်း ရှမ်းမြောင်းရွာကပဲ။ စကျင်ကျောက်မှုန့်စက်ရုံက သူဌေး ရော၊ မန်နေဂျာရော၊ ဝန်ထမ်းတွေရော စုစုပေါင်း ခြောက်ဦးလောက်ကို ပစ်သတ်သွားတာ။ ဒီရွာကကျ စကစတွေနဲ့ တအား နီးတော့ ကာကွယ်ရေးအဖွဲ့တွေလည်း လက်လှမ်းမမီဘူးဖြစ်နေတာ" ဟု ၎င်းကပြောသည်။ စစ်တပ်သည် မတ္တရာမြို့နယ် အတွင်း မကြာခဏ စစ်ကြောင်းထိုးလျက်ရှိပြီး ဇွန်လ လေးရက်က စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာလေးရွာမှ လူဦးရေ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

၉။ မုံရွာမြို့အဝင်ဂိတ်မှ လက်နက်ကြီး ပစ်ခတ်‌မှုကြောင့် ပြည်သူ တစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

 

ဇွန် ၅ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဇွန်လ လေးရက်၊ ည ကိုးနာရီ ဝန်းကျင်က မအူစစ်ဆေးရေးဂိတ်မှ လက်နက်ကြီး ခုနှစ်လုံး ဝန်းကျင် ပစ်ခတ်ခဲ့ရာ ထန်းနောင်းတောရွာမှ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရကာ လင်းပုန်းနှင့် လင်းပင်ဝရွာမှ ပြည်သူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းဘေးနေ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ " ရွာထဲက နေအိမ်တွေပေါ်ကျတာပေါ့။ ထိတဲ့အထဲမှာ ကလေးလေး တယောက်ပါတယ်။ အခြေအနေစိုးရိမ်ရလား၊ မစိုးရိမ်ရလားမသိရသေးဘူး။ လင်းပုန်း၊ လင်းပင်ဝက ထိတဲ့အထဲက သုံးယောက်လောက်က စိုးရိမ်ရတယ်" ဟု ၎င်းကပြောသည်။ မအူဂိတ်သို့ မုံရွာမြို့တွင်းမှ အိမ်စီးကား လေးစီးဖြင့်ရောက်လာပြီး ထိုဂိတ်မှ လက်နက် ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီးနောက် မြို့ထဲသို့ ပြန်ဝင်သွားကြောင်းသိရသည်။ယင်းစစ်ဆေးရေးဂိတ်သည် ဘေးပတ် ပတ်လည်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အမြဲမြဲလိုလိုပစ်ခတ်လေ့ရှိသည်။

 

၁၀။ မင်းတပ် လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

 

ဇွန် ၅ ၊ Mizzima

 

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ရမ်ပန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က သတင်းထုတ်ပြန်သည်။

ရမ်ပန်းကျေးရွာကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၄ ရက်) ည ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ပေါင်၅၀၀နှင့် ပေါင် ၂၅၀ ဗုံး လေးလုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တာဝန်ရှိသူက မဇ္စျိမကို ပြော သည်။ “တိုက်ပွဲမရှိဘဲ ပြည်သူတွေရှိတဲ့နေရာကို ဗုံးလာကြဲတာပါ။လွန်ခဲ့တဲ့ တပတ်လောက်မှာလည်း ချပ်ကျေးရွာကို ဒီလို ပုံစံမျိုးလုပ်ခဲ့တယ်။ မင်းတပ်မြို့နယ်မှာ အားလုံးသိတဲ့အတိုင်း တိုက်ပွဲမရှိဘူးဆိုပေမယ့် အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ် ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးသုံးဦးသည် ခန္ဓာကိုယ်၌ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။ အိမ်သုံးလုံးလည်း ပျက်စီးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံဆေးခန်း များနှင့် အရပ်သားနေအိမ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေ၍ ယင်းနေရာများ၌ လူစုလူဝေး ပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များကျင်းပခြင်း လုံးဝမပြုလုပ်ရန်၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ ခိုင်ခန့်စွာ ဆောက်ထားကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၄ ရက်တွင် ထပ်မံ သတိပေးထားသည်။

 

၁၁။ သံတွဲမြို့နယ် ဆင်ခေါင်းရွာကို စစ်တပ်ဗုံးကြဲ၊ ဒေသခံ ၁၆ ဦးထက်မနည်း သေဆုံး

 

ဇွန် ၅ ၊ DVB

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ဇွန် ၅ ရက် မနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ဗုံးကြဲ လို့ ဒေသခံ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆင်ခေါင်းရွာသားတယောက်က DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိတဲ့ ဆင်ခေါင်းကျေးရွာနားကို ဇွန် ၃ ရက်လောက်ကတည်းက လေကြောင်းအပြင် နေဗီသင်္ဘောတွေကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဆင်ခေါင်းရွာသားတဦးက “မနက်က (ဇွန်လ ၅ ရက်နေ့) ရွာသားတွေက ပစ္စည်းတွေဘာတွေ ကျန်ခဲ့လို့ဆိုပြီး သွားယူချိန်မှာပဲ လေယာဉ်နဲ့ ဗုံးကြဲလိုက်တာ။ ၂ လုံးကြဲလိုက်တာ ၁၆ ယောက်လောက် သေသွားတာပဲ” လို့ ပြောပါတယ်။ ဒါကြောင့် ဇွန် ၅ ရက်နေ့မှာတော့ မနက်ပိုင်းကတည်းက ဆင်ခေါင်းကျေးရွာက ရွာခံတွေ အားလုံး နီးစပ်ရာတွေကို ထွက်ပြေးနေကြပြီလို့ ဆိုပါတယ်။ သေဆုံးသူ အရပ်သားတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ညနေ ပိုင်းအထိ မကောက်ရဲသေးဘဲ သံတွဲနဲ့ တောင်ကုတ်မြို့တွေကိုပါ သွားမရတာကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့ အခက်ကြုံနေရကြောင်း ဆိုပါတယ်။

 

၁၂။ ခင်ဦးမြို့နယ်တွင် စစ်တပ်က အရပ်သားများကို  ဖမ်းဆီးသတ်ဖြတ်

 

ဇွန် ၅ ၊ RFA

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ  ဇွန် ၃ ရက် မနက် ၈ နာရီခွဲလောက်က စစ်သား ၂ ဦး ပစ်သတ်ခံရပြီး စစ်တပ်က အရပ်သား တဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကာ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ခင်ဦးမြို့ပေါ်နေ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံရပြီးနောက် မနက် ၁၁ နာရီဝန်းကျင်ခန့်က ခင်ဦးမြို့၊ အောင်သီရိရပ်ကွက် သင်္ချိုင်း ကုန်းအနီးမှာ ပစ်သတ်ခဲ့တာလို့လည်း သိရပါတယ်။ ခင်ဦးမြို့ပေါ်နေ ပြည်သူတဦးက “ပစ်သတ်ခံရတဲ့သူက ဖိုးချစ် (ခ) ချစ်ဆန်းမောင်၊ အသက် ၃၇ နှစ်ပါဗျ။ နေရပ်က ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်ကပါ။ ဘာကြောင့်ပစ်ခတ်ခံရတာလဲဆိုတော့ ဖိုးချစ်က သူ့ရဲ့ လယ်တောကို သွားကြည့်ရင်း စစ်တပ်က ပစ်သတ်သွားတယ်။ ကျနော်တို့အထင်ကတော့ စစ်သား ၂ ဦး မနက်ခင်းပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်က မြို့ထဲအထိ ဝင်ပစ်သတ်တာကို မကျေနပ်ဖြစ်ပြီး အခုလို အရပ်သားကို ပစ်သတ်တာလို့ပဲ မြင်မိတယ်။ မြို့ပေါ်က အရပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းသွားကြတယ်။ ဒီနေ့ ဇွန် ၄ ရက်နေ့ မနက်ခင်းပိုင်းတော့ ၂ ယောက် ပြန်လွှတ်ပေးတယ်။ ကျန်တဲ့သူတွေတော့ ပြန်လွတ်မလာသေးဘူး” လို့ ပြောပါတယ်။



 

 

 

 

62 views0 comments

Comments


bottom of page