နေ့စဉ်သတင်းစုစည်းမှု
06-June-2024
တိုက်ပွဲသတင်း
၁။ ချောင်းဦးမြို့ရှိ အကြမ်းဖက်ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ရန်သူတပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
ဇွန် ၆ ၊ PVTV
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဇွန်လ ၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Urban hunter Force(UHF)က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သား၊ ရဲနဲ့ လက်ပါးစေ ပျူစောထီး စုစုပေါင်း ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဒရုန်းစစ်ဆင်းရေးကို Urban hunter Force(UHF) နဲ့အတူ SDDF၊ MSPDF၊ မြင်းခြံခရိုင် တပ်ရင်း ၈၊ CHU ဒရုန်း လက်ရုံးတပ်၊ Meikhtila Special Forceစတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂။ ချောင်းဦးမြို့နယ်က မုံရွေးတိုးဂိတ်အနီး ပြည်သူတွေကို အနိုင်ကျင့်စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦး သေဆုံး
ဇွန် ၆ ၊ D Day News
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြပုလဲစခဂိတ်ကနေ ထွက်လာပြီး မုံရွေးတိုးဂိတ်အနီး တပ်ဖြန့်နေရာယူပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးအနိုင်ကျင့်စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဇွန် ၃ရက် မနက် ၉နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force - South Monywa-V4က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူတွေကို အနိုင်ကျင့်စစ်ဆေးပြီး အသင့်ပြင်ထားတဲ့ မိုင်းကွင်းပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး ရောက်ရှိလာတာကြောင့် ပဒေသာမိုင်း (၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် နေရာမှာပင် လဲကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျန်အကြမ်းဖက်စစ်ကောင်စီတပ်သား တွေက ကြောက်လန့်တကြား လမ်းဘေးဝဲယာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့်လည်း ပြည်သူတွေပို့သတဲ့ မေတ္တာတွေကြောင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာ ခရိုင်အမှတ် (၁၁)တပ်ရင်း ဖြစ်တဲ့ People's Defence Force - South Monywaတပ်ခွဲ(၁)နဲ့အတူ၊ မုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)၊ တပ်စု(၂) Youth Vigor Revolution Force၊ ကနောင်မင်းသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၂၄) တပ်ခွဲ(၂) စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၃။ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသည့်တိုက်ပွဲ၌ ဒဏ်ရာရကာကွယ်ရေးရဲဘော် ကျဆုံး
ဇွန် ၆ ၊ Mizzima
စစ်ကိုင်းတိုင်း ၊ မုံရွာစက်မှုဇုန်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့သောတိုက်ပွဲ၌ ကျည်ထိမှန်ခဲ့သည့်ရဲဘော်မှာ ဆေးကုသမှုခံယူရင်း ကျဆုံးသွားခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တာဝန်ရှိသူထံက သိရသည်။ “ကျနော်တို့က ပေ ၃၀လောက်အတွင်းက ပစ်ခတ်ခဲ့တာ၊ စစ်ကောင်စီတပ်သားတွေ သေတော့ ရဲဘော်က သေနတ်တက်ကောက်ချိန်မှာ ကျည်ထိမှန်ခဲ့တာပါ”ဟု မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ရင်း Monywa The Boys ခေါင်းဆောင် ဒေါနမောင်မောင်က ပြောသည်။ အသက် ၂၀နှစ်အရွယ်ရှိ ရဲဘော် IC သည် ဇွန်လ ၅ ရက် ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ဆေးကုသမှုခံယူရင်း ဒဏ်ရာပြင်းထန်သဖြင့် ကျဆုံးခဲ့ခြင်း ဖြစ်သည်။ စစ်မိစ္ဆာများကို တိုက်ခိုက်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော်ကို အလေးပြုအပ် ကြောင်းနှင့် မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း(၄)က ကတိသစ္စာပြုထားသည်။ ကျဆုံးခဲ့သည့် ရဲဘော် IC ဈာပနကို ယနေ့ (ဇွန်လ ၆ ရက်)တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
၄။ မုံရွာမြို့တောင်ဘက်ရှိ မအူဂိတ်စခန်းနှင့် ညောင်ဖြူပင်ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ဇွန် ၆ ၊ D Day News
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ရှိ မအူဂိတ်အထိုင်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာ ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ထံမှ သိရသည်။
ဇွန်လ ၄ ရက် ညပိုင်းက မုံရွာမြို့တောင်ဘက်၊ မအူဂိတ်စခန်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်စခန်းအတွင်းရှိဘန်ကာများလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။“ထပ်တိုးသေတာလည်းရှိနိုင်တယ်၊ အဲဒီညက ညတွင်းချင်းကားတွေနဲ့လာသယ်ထုတ်သွားတာ၊ မုံရွာမြို့ ထဲကို သယ်သွားတာပါ။ တိုက်ပွဲက အတော်ကြာတယ်။ Drone ချတာလည်း ထိချက်က တိကျတယ်။ စစ်ခွေးတွေဘက်က လည်း လက်နက်ကြီး အရေအတွက်တော်တော်များများကို ပြန်ပစ်တယ်။” ဟု မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် မှုကြောင့် အနီးအနားကျေးရွာများ အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ -NPRF၊ တပ်ခွဲ ၄၊ မုံရွာခရိုင် တပ်ရင်း ၂၇၊ ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၊ စည်းလုံးညီညွတ်သောပြည်သူ့တပ်မတော်၊ Chindwin land Defence forces ၊ Area 71 ၊ Brave Heart Army ၊ Brother Revolution Force နှင့် Lighting Drone Force တို့မှ မြေပြင် ဝေဟင်ပူးတွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၅။ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
ဇွန် ၆ ၊ DVB
စစ်ဘေးရှောင်ပြည်သူတွေကို ပံ့ပိုးကူညီနိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး အပါအဝင် လက်ရှိမြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စရပ်တွေမှာ စိန်ခေါ်မှုတွေကို မီးမောင်း ထိုးပြကာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ကြောင်းနဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ဖို့ နိုင်ငံတကာအကူအညီအရေးတကြီး လိုအပ်နေကြောင်း အလေးထား ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ ကျိုက်ထို ရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေ
ဇွန် ၆ ၊ The Irrawaddy
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်စခန်းများမှ လက်နက် ကြီးများဖြင့် ၃ ရက် ဆက်တိုက်ပစ်ခတ်ရာ ကိုယ်ဝန်ဆောင်တဦးဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီးခဲ့သည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU)က ယနေ့ ထုတ်ပြန်သည်။ ဇွန်လ ၂ ရက်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၌ တပ်စွဲထား သော စစ်ကောင်စီ၏ အမတ- ၃၁၀ တပ်ရင်းနှင့် ခမရ- ၂၀၇ တပ်စခန်းတို့မှ လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာထဲသို့ လက်နက်ကြီး ၂ လုံးပေါက်ကွဲပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ရသည်။ဇွန်လ ၃ ရက်တွင်လည်း ယင်းတပ်စခန်း တို့မှ ပစ်ခတ်သော လက်နက်ကြီး ၁ လုံး ခရွဲကျေးနယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ဇွန်လ ၄ ရက်တွင်လည်း အမတ-၃၁၀ တပ်စခန်းမှ လက်နက်ကြီး ၁၀ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ- ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံက ပြောသည်။
ထိုသို့ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လက်ရှိအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်ရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ်ကွင်းရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း သိရသည်။
၇။ မြင်းမူတွင် စစ်ကောင်စီတပ် အမျိုးသားတစ်ဦးကို သတ်၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ
ဇွန် ၆ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အာလကပ္ပရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းသိရသည်။ ယနေ့(ဇွန်လ ၆ ရက်) ၊ နံနက် ၉ နာရီခွဲခန့်တွင် မုံရွာ - မန္တလေးအမြန်လမ်းမကြီး၊ အာလကပ္ပလမ်းပိုင်း ၊ တို့မြန်မာကျော်ဆီဆိုင် အထိုင်ချဂိတ်မှ စစ်သား အင်အား ၄၀ ခန့်သည် ကားဖြင့် အာလကပ္ပရွာထဲသို့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက် ခြမ်းရှိ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။ "မနက်ပိုင်း ရွာထဲကို ကားနဲ့ ဝင်လာတာ။ ကားပေါ်ကဆင်းဆင်းချင်း သေနတ် တွေနဲ့ တန်းပစ်တော့တာပဲ။ သေတဲ့အမျိုးသားက စစ်သားတွေရောက်လာတာမသိဘဲ ဆိုင်ကယ်မောင်းလာတဲ့အချိန်မှာ ကျည်မှန်ပြီး သေသွားတာ။ အသက် ၅၀ လောက်တော့ရှိမယ်" ဟု ၎င်းက MPA သို့ ပြောသည်။ ယင်းစစ်သားများသည် သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဓားစာခံအနေဖြင့် ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးကာ အာလကပ္ပရွာ၏ အနောက် ဘက်၊ ရွှေဘိုကျောင်းတိုက်ထဲသို့ ခေါ်သွားကြောင်း သိရသည်။ "အဲဒီရွှေဘိုကျောင်းက သူတို့ ( စစ်သားများ ) တွေ လမ်းမ ပေါ် ကင်းပုန်းတက်ဝပ်တိုင်း ရွှေဘိုဘုန်းကြီးကျောင်းနားပဲ ဝပ်နေကျ။ အခုလည်း ဓားစာခံ ဖမ်းခေါ်သွားတဲ့သူတွေ ဘာသံမှ မကြားရဘူး။ ပြန်လည်းမလွှတ်သေးဘူး" ဟု ၎င်းက ယနေ့နံနက် ၁၁ နာရီခန့်တွင် ပြောသည်။ ယင်းသို့ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် မုံရွာ-မန္တလေးအမြန်လမ်းမကြီး၊ အာလကပ္ပလမ်းပိုင်း၊ လမ်းမတန်းမှ ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။
၈။ နွားထိုးကြီးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သံဃာ၁ ပါးပျံလွန်၊ အရပ်သားထောင်ချီဘေးလွတ်ရာတိမ်းရှောင်
ဇွန် ၆ ၊ Mizzima
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ အရှေ့ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတပါးပျံလွန်တော် မူပြီး ကျောင်းအနီးနေအိမ်အချို့မှ အမျိုးသမီးသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ခံတတ်ကုန်း(အရှေ့ရွာ)ကို ယနေ့(ဇွန်လ ၆ ရက်) နံနက် ၁၁ နာရီအချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု နွားထိုးကြီးမြို့နယ်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။ ယနေ့ ညနေ ၄ နာရီအထိ ရရှိသောသတင်းများအရ ဗုံးကျရောက်ပေါက်ကွဲသည့် ဘုန်းကြီးကျောင်းမှ သံဃာတော်တပါးပျံလွန်တော်မူပြီး ကျောင်းအနီးရှိ နေအိမ်နှစ်လုံးပေါ်မှ အမျိုးသမီးသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု ဒေသခံများကပြောသည်။ ထိခိုက်သေဆုံးသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမသိရသေးပေ။ မြေပြင်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းမှ ရုတ်တရက် လာရောက် တိုက်ခိုက်ခြင်းဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီသည်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပြီးသည့်နောက် သာယာကုန်းကျေးရွာမှ မြေပြင်စစ်ကြောင်းက ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
၉။ ဖလမ်းမြို့၌ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းနင်းမိပြီး ဒေသခံ သေဆုံး
ဇွန် ၆ ၊ Mizzima
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဒေသခံထံကသိရသည်။ ဖလမ်းမြို့မှ ကလေးမြို့သို့သွားသည့် လမ်းပေါ်ရှိ ကြောင်ဟဲရွာသား အသက် ၆၂နှစ်အရွယ် အမျိုးသားတဦး တောင်ယာသို့ဖြတ်လမ်းမှသွားစဥ် ယမန်နေ့( ဇွန်လ ၅ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မိုင်းနင်းမိ ခဲ့ခြင်းဖြစ်သည်။ မိုင်းပေါက်သံကြားသဖြင့် ဒေသခံများသွားရောက်ရှာဖွေရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ခြေထောက် အောက်ပိုင်း နှစ်ဖက်ပြတ်ပြီး သွေးလွန်ကာ သေဆုံးသွားသည့် အလောင်းကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းထိတာပါ၊ ကျနော်တို့မိုင်းတွေက ယာဥ်တွေ တိုက်ခိုက်ဖို့အတွက် ကားမိုင်း၊ ရှေ့ထွက်မိုင်းဆိုတော့ တကယ့်ပြင်းအားမြင့်တဲ့မိုင်းတွေပါ အခုလို ခြေပြတ်လက်ပြတ်လောက်မကဘူးထိခိုက်နိုင်တာ” ဟု ဖလမ်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကို ပြောသည်။
၁၀။ မြိတ်တွင် ရွှေဆိုင်ပိုင်ရှင်မိဘထံမှ ရွှေထုပ်လုထွက်ပြေးသည့်သားကို စစ်တပ်က ပစ်သတ်
ဇွန် ၆ ၊ DVB
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးမှာ ရွှေဆိုင်ဖွင့်ဖို့လာတဲ့ ပိုင်ရှင်မိဘတွေဆီကနေ သားဖြစ်သူမှ ရွှေထုပ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။ ဇွန် ၆ ရက် မနက်၇ နာရီလောက်က ဆိပ်ငယ်ဈေးကြီးထဲရှိ ဟိုက်ပါ ဂရိတ် အမည်ရ ရွှေဆိုင်မှ ပိုင်ရှင်လင်မယား ၂ ဦးမှာ ဆိုင်ဖွင့်ဖို့ ရွှေထုပ်ကို သယ်လာချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ သားဖြစ်သူကနေ ရွှေထုပ်လုယက်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတဦးက ပြောပါတယ်။ မြို့ခံတဦးက “ရွှေဆိုင်ဖွင့်ဖို့ လင်မယားနှစ်ယောက်က ဆိုင်ကယ်နဲ့ လာတဲ့အချိန်မှာ သူက ဆိုင်ကယ်ဦးထုပ်အပြည့်နဲ့ မောင်းလာပြီး မျက်နာကို ငရုတ်သီးမှုန့်နဲ့ပစ်ပြီးတော့ ရွှေထုပ် လုယက်တာပါ။ သူက အရင်တည်းက မူးယစ်ဆေးတွေ သုံးတယ်တဲ့။ အထဲမှာ ရွှေသား ဘယ်လောက်ရှိလဲတော့ မသိဘူး။ သူ့မိဘဟာတွေဆိုတော့ လုယက်ရဲတာနေမှာပါ” လို့ ပြောပါတယ်။ ရွှေထုပ်လုယက် ထွက်ပြေးသူမှာ ဟိုက်ပါဂရက်ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်းမောင်နဲ့ ဒေါ်မြစန်းတို့ရဲ့သား အသက် ၄၀ အရွယ် စိုးဝင်းမောင် ဆိုသူဖြစ်ပြီးတော့ အိမ်ထောင်သည်တဦးဖြစ်ကာ လတ်တလော အလုပ်အကိုင်မရှိသေးတဲ့သူတဦး ဖြစ်တယ်လို့ နီးစပ်သူ တွေဆီက သိရပါတယ်။
၁၁။ လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ငါးဦးကို စစ်တပ်က ဖမ်းဆီး
ဇွန် ၆ ၊ RFA
မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းလူငယ်ပရဟိတ အဖွဲ့ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။ မေလ ၂၉ ရက်နေ့ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိတစ်ဦးကို လမိုင်းလူငယ်ပရဟိတအဖွဲ့က မော်လမြိုင်ဆေးရုံကို ပို့ဆောင်တဲ့ လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ စစ်ဆေးမှုခံရပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီအရာရှိဖမ်းဆီးခံလိုက်ရတာ ပါ။ စစ်ကောင်စီရဲ့ အမှတ် ၅၈၈ ခြေမြန်တပ်ရင်း ဗိုလ်ကြီးဟာ PDF ရဲ့ ဖမ်းဆီးမှုကို ခံရပြီးနောက် မေလ ၂၉ ရက် ညနေပိုင်း မှာပဲ စစ်ကောင်စီတပ်သားတွေက လမိုင်းလူငယ်ပရဟိတအသင်းရုံးကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီစီးနင်းမှုအတွင်း အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။“၂၉ ရက်နေ့က ကားမတော်တဆ ဖြစ်တဲ့ လူနာတစ်ယောက်ကို သွားပို့တာ။ လမ်းတစ်ဝက်မှာ တော်လှန်ရေး အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ရှိတယ်။ အဲမှာ စစ်တော့ သူတို့ စစ်ဗိုလ်ကို ဖမ်းသွားတယ်။ ညနေလောက် အဖွဲ့ဝင်တွေကို ပြန်လွှတ်လိုက်တယ်။ ည ၅ နာရီ ၆ နာရီဝန်းကျင် လောက်မှာ တပ်က လာပြန်ပြီး စစ်ဆေးဖို့ဆိုပြီး ခေါ်သွားတယ်။ အခုထိ ပြန်မလွှတ်သေးဘူး။ အသင်းဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးရယ်၊ အသင်းသား သုံးယောက်ရယ်။ အားလုံးပေါင်း ငါးဦးကို ဖမ်းဆီးသွားတယ်“
ပရဟိတအဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ အမှတ် ၅၈၈ ခြေမြန်တပ်ရင်းဆီ ဖမ်းဆီးသွားခဲ့ပြီး ဇွန်လ ၆ ရက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။ အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတာကြောင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို ဇွန်လ ၃ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားတယ်လို့ လမိုင်းလူငယ်ပရဟိတအဖွဲ့က ကြေညာထားပါတယ်။
၁၂။ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းရွာကို စစ်တပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲ
ဇွန် ၆ ၊ BBC
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ ပျဉ်းကိုင်းရွာကို ဇွန် ၅ ရက်နဲ့ ဒီနေ့ ဇွန် ၆ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။မနေ့က ဇွန် ၅ ရက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း ထပ်ပြီးလေကြောင်းတိုက်ခိုက် ခံရ တာကြောင့် အထိအခိုက် ဘယ်လောက်ရှိလဲဆိုတာတော့ မသိရသေးဘူးလို့ မင်းကင်းမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ “မနေ့က လေကြောင်းနဲ့ ဗုံး ၂ လုံး၊ ဒီနေ့မနက်က ၇ လုံးဗျ၊ အထိအခိုက်တော့များ နိုင်တယ်” လို့ သူက ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ထိခိုက်ပျက်စီးမှု နောက်ဆုံးရအခြေအနေကို ဘီဘီစီ က ဆက်ပြီး စုံစမ်းနေပါတယ်။
Comments