နေ့စဉ်သတင်းစုစည်းမှု
07-June-2024
တိုက်ပွဲသတင်း
၁။ အင်းဒင်အခြေစိုက် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ခွဲကို AA သိမ်း
ဇွန် ၇ ၊ RFA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်အခြေစိုက် အမှတ်-၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၆) ကို ဇွန်လ ၆ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ အင်းဒင် နခခ (၆) ဟာ မောင်တော နဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်စခန်းတွေ၊ ကင်းစခန်းတွေက စစ်ကောင်စီတပ်သားတွေ စုပေါင်းထားတဲ့ အင်အား ၆၀၀ နီးပါးရှိတဲ့ တပ်စခန်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့ကပဲ အင်းဒင်စခန်းကို AA က သိမ်းလိုက်ပါပြီ။ အဲဒီစခန်းမှာက အင်အား ၆၀၀ ထက်မနည်းရှိတယ်။ နယ်ခြားစောင့်တပ်သားတွေနဲ့ တပ်သားစုပေါင်းထားတာ။ တပ်မမှူး လည်း အဲဒီမှာ စခန်းမှာထိုင်တာ။ စစ်တပ်က အကျအဆုံးများတယ်လို့ သိရတယ်။ တချို့တွေလည်း ထွက်ပြေးသွားတယ် တဲ့”။ နခခ (၆) ကို AA က ဇွန်လ ၅ ရက်နေ့မှာပဲ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ ပေါင်းပြီး အပြင်းအထန်ခုခံခဲ့ပါတယ်။ လက်ရှိမှာ မြင်းလွှတ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (၉) ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မောင်တောမြို့မှာ အကြီးဆုံးစခန်းဖြစ်တဲ့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကျီးကန်းပြင်ဌာနချုပ်ကိုလည်း မေလ ၂ ရက်မှာ AA က သိမ်းယူခဲ့ပါတယ်။
ဒါကြောင့် မောင်တောမြို့နယ်မှာ ၄ မိုင် နခခ (၂)၊ မောရဝတီ နခခ (၄)၊ မြို့သူကြီး နခခ (၅) နဲ့ မြင်းလွှတ် နခခ (၉) စတဲ့ စခန်း ငါးခုကျန်ရှိနေပါတယ်။
၂။ နွားထိုးကြီးမြို့နယ်မှာ အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF တွေ တိုက်ခိုက်၊ ရန်သူ ၃ ဦး သေဆုံး
ဇွန် ၇ ၊ PVTV
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ စိန်ပန်းကျင်းရွာမှ မာန်လည်ရွာ အနောက်ပိုင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၆၀ ခန့်ကို ဇွန် ၅ ရက်နေ့လည် ၁၂ နာရီက ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ် လို့ Myingyan Black Tiger (MBT)က ထုတ်ပြန်လိုက်ပါတယ်။နှစ်ဖက်စတင်တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားချိန် ၁နာရီကျော်မှာ လေးရွာဆုံပျူစောထီးရွာက စစ်ကူစစ်ကြောင်း ရောက်ရှိလာမှုကြောင့် ပြည်သူ့ ကာကွယ် ရေး မဟာမိတ်တပ်တွေ အားလုံး အထိခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်၉ တပ်ရင်း-Myingyan Black Tiger (MBT) နဲ့အတူ မြင်းခြံခရိုင် အမှတ်၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း၊ MDY PDF၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ မလှိုင်မြို့နယ် ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၃။ သံတွဲရှိ စစ်ကောင်စီ၏ ခမရ ၅၆၆တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေပြီး လေဆိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် က အပြင်းအထန်ခုခံနေ
ဇွန် ၇ ၊ Ayeyarwaddy Times
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ်အနီးနှင့် ခမရ ၅၆၆ကြားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး လေဆိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကပါ အပြင်းအထန် ခုခံနေကြောင်း သိရသည်။ ယနေ့ ဇွန် ၇ရက် နံနက် ၁၁နာရီခန့် တွင် သံတွဲလေဆိပ်အနီး မှိုဟင်းပြင်ရွာနှင့် စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းကြား စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီက သံတွဲ လေဆိပ်ကို ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့ကတည်းက ပိတ်ထားပြီး စစ်ကောင်စီ၏ တိုက်လေယာဉ်များကို အဆိုပါကွင်းတွင် ထားပြီး စစ်ပွဲအတွက်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ဆင်ခေါင်းရွာကို ဗုံးကြဲတိုက်ခိုက်ရာတွင်လည်း သံတွဲလေဆိပ်မှ လေယာဉ်များ အတက်အဆင်းပြုလုပ်ကာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဆင်ခေါင်းရွာက တိုက်ပွဲလည်းမရှိဘဲ လာပြီး စစ်တပ်က ပစ်ခတ်လူသတ်သွားတာ။ အပေါ်ကကြဲ ရေတပ်ကပစ် တောင် ပေါ်ကပစ်နဲ့ အကုန် ကစဉ့်ကလျားနဲ့ သေတာများကုန်တယ်။ လျှပ်စစ်မီးလည်း ဖြတ်ထားတယ်။ ဖုန်းလိုင်း အင်တာနက် လိုင်းလည်းမရဘူး။ တချို့အလောင်းတွေ မသဂြိုဟ်ရသေးဘူး" ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂ရက်နေ့ကစတင်၍ ဂေါ့ရပ်ကွက်အနီး စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အတွက် ငပလီမြို့ရှိ Jasmine Ngapali Resort ဟိုတယ် ဗုံးထိမှန်ပျက်စီးခဲ့သည်။
၄။ ဘုတလင်မြို့မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး PDF ရဲဘော် တစ်ဦး ကျဆုံး
ဇွန် ၇ ၊ D Day News
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Budalin Mobile Team-BMT အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဇွန် ၆ ရက် နံနက် ၃ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် ဘုတလင်မြို့ပေါ်မှ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများသည် နံနက် ၅ နာရီ မိနစ် ၃၀ အချိန် ဘုန်းကြီးလမ်းခွဲသို့ အရောက် အဆိုပါနေရာရှိ ဇရပ်နှင့် စျေးဆိုင်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို့နောက် ဘုတလင်မြို့ဘက်သို့ မြို့သစ်ချောင်းဖောက်လမ်းမှ ကွေ့ပတ်ပြီး ပြန်လည်ထွက်ခွာလာရာ နံနက် ၇ နာရီခွဲခန့် အချိန် နှောရင်းကျေးရွာ အနောက်ဘက်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်တပ် က ၄၀ မမ ဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ဘုတလင်မြို့နယ် ပကဖ မှ ရဲဘော် ၁ ဦး ကျဆုံးပြီး Budalin Mobile Team မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team-BMT ၊ Depeyin Local Mobile Team – DLMT ၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း BOB-Batallion Of Budalin ၊ ဘုတလင်မြို့နယ် ပကဖနှင့် မဟာမိတ် PDF ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၅။ ကုလအထူးကိုယ်စားလှယ်နဲ့ ဗီယက်နမ်သံအမတ် မြန်မာ့အရေးဆွေးနွေး
ဇွန် ၇ ၊ RFA
ဗီယက်နမ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဒန်း ဟိုဝမ် ဂျန်း (Dang Hoang Giang) ဟာ ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့နဲ့ ဇွန်လ ၅ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ VNA သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
မြန်မာပြည်မှာ ယုံကြည်မှုတည်ဆောက်ဖို့၊ အပစ်အခတ်ရပ်ပြီး ဆွေးနွေးပွဲတွေပေါ်လာအောင် အားပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ကို ဗီယက်နမ် သံအမတ်ကြီးက အထူးပြုဆွေးနွေးခဲ့
တယ် လို့ ဆိုပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံ သဘောတူညီ ချက် ၅ ရပ်က အခြေခံကျကျ ဆက်ပြီး အရေးကြီးနေသေးတဲ့အကြောင်း ဗီယက်နမ်သံအမတ်ကြီးက ဆွေးနွေးလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာပြည်ရဲ့ အချုပ်အချာအာဏာပိုင်မှုနဲ့ လွတ်လပ်ရေးကို လေးစားဖို့၊ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ဖို့၊ ပြည်တွင်းကိစ္စဝင်မစွက်ဖက်ဖို့ဆိုတဲ့ မူဝါဒအတိုင်း ရပ်တည်နေတဲ့ အာဆီယံ အသင်းနဲ့ရော၊ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ပါ ကုလသမဂ္ဂရော မစ္စဘစ်ရှော့ပါ နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
မစ္စ ဘစ်ရှော့ကလည်း သူ့အနေနဲ့ မြန်မာပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်မယ့် အကြောင်းနဲ့၊ အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ကုလသမဂ္ဂက ထောက်ခံနေတဲ့အကြောင်း ပြောပါ တယ်။ အဲဒီအပြင် ဗီယက်နမ်အနေနဲ့ မြန်မာ့အရေးမှာ အပြုသဘောနဲ့ ချဉ်းကပ်ဆောင်ရွက်နေတဲ့ လုပ်ရပ်အပြင် ကုလ သမဂ္ဂနဲ့ အာဆီယံမှာ ဗီယက်နမ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
၆။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး ဖိလစ်ပိုင် တိုက်တွန်း
ဇွန် ၇ ၊ PVTV
ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ပြုလုပ်လျက်ရှိရာ အကြမ်းဖက်မှုများ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုအား ILO Constitution နဲ့အညီ အရေးယူရန်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ဇွန် ၃ ရက်ကနေ ၁၄ ရက်အထိ ဂျနီဗာမြို့မှာ ပြုလုပ်နေတာပါ။ မနေ့က ပြုလုပ်ခဲ့တဲ့ ညီလာခံမှာ ဖိလစ်ပိုင် အလုပ်သမား ကိုယ်စားလှယ် Sister Nice က “အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိတယ်။ ဖိလစ်ပိုင်မှာ ဆိုရိုးစကား အတိုင်း "ခန္ဓာကိုယ်မှာ အနာတရတစုံတရာရှိခဲ့လိုရှိရင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရောဂါဝေဒနာပါပဲ” ဆိုသလို လူမျိုး၊ ကိုးကွယ် ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ် သည် နိုင်ငံတကာအလုပ်သမားများရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများ အတွက် ကျွန်ုပ်တို့အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ်။” လို့ ဆွေးနွေးပြောကြား သွားခဲ့ပါတယ်။ ဒါ့အပြင် “ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်များရဲ့ အလုပ်သမားများ၊ တက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အဆက်မပြတ် ရက်စက်ကြမ်းကြုတ်ဖိနှိပ်နေခြင်းကို လုံးဝလက်မခံနိုင်ပါ။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုပါတယ်၊ NUG နှင့် ၎င်း၏ လုပ်ပိုင်ခွင့်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစဉ်အားလုံး လုပ်ဆောင်ခြင်းဖြင့် အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများဆိုင်ရာ ကတိကဝတ်များကို ပြသရန် ILO အား ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။ ILO ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၃ အရ အကြမ်းဖက်စစ်အုပ်စုအား အရေးယူရန်နှင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းခဲ့ဆဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Commission of Inquiry on Myanmar-COI) ရဲ့ တိုက်တွန်းချက်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတွင် ILO အား တောင်းဆိုပါ တယ်” လို့ Sister Nice က ဆက်လက်တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ ရေးမှာ လက်နက်ကြီးကြောင့် ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ
ဇွန် ၇ ၊ RFA
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာ ကားဆိပ်ရပ်ကွက်ထဲ ဇွန် ၅ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင်ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိပ်နေတဲ့မိသားစုတွေ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ည ၁၂ နာရီလောက်ပေါ့။ မိသားစုဝင်တွေက အိပ်နေကြတယ်။ သူတို့အိမ်ပေါ် ကျလာတယ်။ ကလေးတစ်ယောက်က ဗိုက်မှာ ထိတယ်။ ကျန်တဲ့သူတွေက ပေါင်မှာ ခြေထောက်မှာ ဒဏ်ရာအသီးသီးရကြတယ်။ အကုန်လုံး မိသားစုတွေ ကလေးသုံးဦးနဲ့ မိဘနှစ်ပါး ဒဏ်ရာရတာ”။ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ လမိုင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ မော့ကနင်ကျေးရွာဟာ စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်း၊ အမှတ် ၅၈၈ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁၇ အမြှောက်တပ်ရင်းအနီးမှာ ရှိပါတယ်။
၈။ လက်ပံတန်းမြို့ပေါ်တွင် စစ်မှုထမ်းများကို ထောက်ပံ့ကြေးပေးရန် ငြင်းဆန်သည့် အမျိုးသမီး ဖမ်းဆီးခံရ
ဇွန် ၇ ၊ Myanmar Pressphoto Agency
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့တွင် စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးပေးဆောင်ရန် ငြင်းဆန်သည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ဇွန်လငါးရက်၊ နံနက်ပိုင်းတွင် ရပ်ကွက်အာဏာ ပိုင်များက စစ်မှုထမ်း ထောက်ပံ့ကြေး ခေါင်းစဉ်ဖြင့် လက်ပံတန်းမြို့၊မြို့မရပ်ကွက်အတွင်း ကောက်ခံခဲ့ရာ ယင်းရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ်ရှိ ဒေါ်စိမ်းစိမ်းမာက မထည့်နိုင်ဟု ပြောကြားခဲ့ကြောင်း ည ကိုးနာရီဝန်းကျင်တွင် ၎င်းကို PDF ထောက်ပံ့ဟုဆိုကာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း လက်ပံတန်းမြို့ခံတစ်ဦးထံက သိရသည်။
“အစ်ကိုတို့မြို့မှာ စစ်မှုထမ်းရဲဘော်တွေအတွက် တစ်အိမ်ထောင်ကို တစ်သောင်းငွေကောက်တယ်။ အဲ့ဒါကို မပေးနိုင်ဘူးလို့ ပြန်ပြောလို့ ညကြီး လာဖမ်းသွားတာ။စစ်ကြောရေးကို ပို့ထားတယ်လို့ ကြားတယ်။သူက အပျိုကြီး၊ အမေအိုကြီးကို လုပ်ကျွေးနေတာ။ စီးပွားရေးလည်း သိပ်အဆင်ပြေလှ တယ်မဟုတ်ပါဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းအမျိုးသမီးကို မင်းလှမြို့နယ်၊ စိန်ကန့်လန့်အခြေစိုက် ခလရတစ် စစ်ကြောရေး၌ ဖမ်းဆီးထားကြောင်းသိရသည်။
၉။ ရွှေကျင်တွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ဇွန် ၇ ၊ Mizzima
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။ယမန်နေ့ ( ဇွန်လ ၆ ရက် ) နေ့လယ် ၁၀ နာရီအချိန်တွင် ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်၊ ကုလားသင်္ချိုင်းအနီးရှိ အဟောင်းပစ္စည်းဝယ်သည့် ဆိုင်နေရာသို့ လက်နက်ကြီးကျည်တလုံး ကျရောက် ရာမှ ဆိုင်တွင် အလုပ်လုပ်နေသူတဦးနှင့် အဟောင်းပစ္စည်းလာရောင်းသူတဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
" အာရဖတ် ကုလားသံတိုသံစဆိုင်နားကျတာ။ ရွှေကျင်ကုလားသင်္ချိုင်း မျက်စောင်းထိုးက သံတိုသံစဝယ်တဲ့အလုပ်ရုံ။ အဲ့ဒီပေါ်ကျတာ တဦးက ပွဲချင်းပြီးဆုံးတယ်။ တယောက်က ဒီမနက်မှ ပဲခူးဆေးရုံမှာ ဆုံးတယ်။ သေသွားတဲ့ထဲက တယောက်က သုံးဘီးနဲ့ သံတိုသံစ သွားရောင်းတာ" ဟု ရွှေကျင်ဒေသခံတဦးက ပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ရှမ်းကြေးရပ်ကွက်နေ အမျိုးသားတဦး(အသက် ၄၇ နှစ်)နှင့် အမျိုးသားတဦး(အသက် ၅၀ ကျော်) သေဆုံးကာ အသက် ၆၀ ကျော် သက်ကြီးပိုင်းတဦး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" မြို့ထဲမှာတော့ KNU ဘက်က ပစ်တယ်ဆိုပြီး တပ်ဘက်က လိုက်ပြောနေတယ်။ တပ်နဲ့နီးစပ်တဲ့ မိသားစုတွေက ပြောတာ။ သူတို့အသီးမအောင်(လက်နက်ကြီးကျည်အဆင်မပြေ)လို့ ပြန်ကျတာ ဖြစ်နိုင်တယ်။ နေ့တိုင်း ပစ်တာက စစ်တပ်ဘက်က ချည်းပဲ ပစ်နေတာလေ" ဟု ဒေသခံတဦးက ပြောသည်။
Kommentare