top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်

နေ့စဉ်သတင်းစုစည်းမှု

08-June-2024

တိုက်ပွဲသတင်း

 

၁။ ရေနံချောင်းမြို့နယ်တွင် ၂ ရက်တိုက်တိုက်ပွဲဖြစ်ပြီး PDF ရှေ့ကင်းပွိုင့်တဲစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

 

ဇွန် ၈ ၊ D Day News

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာနှင့် မကျည်းရိုး(ကုက္ကိုခွ)ကျေးရွာတို့တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ခဲ့ပြီး PDF ရှေ့တန်းကင်းပွိုင့် စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၄ ရက် နံနက် ၇ နာရီခန့်က ရေနံချောင်းမြို့နယ်၊ မိုးပေါက်ကန်၊ ညောင်ဇောက်ချောင်းလမ်း မှ မကျည်းတိုင်း အုပ်စု၊ ရွှေတုတ်ကန်ကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပွိုင့်စခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ဇွန်လ ၅ ရက် နံနက် ၉ နာရီခန့်တွင် ရေနံချောင်းမြို့နှင့် ထိစပ်လျက်ရှိသည့် ကျောက်ပန်းတောင်းမြို့နယ်၊ စည်ပင်၊ ရှားတောစု ပျူစောထီးကျေးရွာများမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မကျည်းရိုး(ကုက္ကိုခွ) အုပ်စုအတွင်းရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် မကျည်းတိုင်းအုပ်စု ကျေးရွာတချိူ့မှ စစ်ဘေးရှောင်နေရသော ပြည်သူများ၏ အိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ ပဲ၊ နှမ်း၊ ဆီတို့အပါအဝင် တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို ရေနံချောင်း(ပကဖ)၊ မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်း၊ မကွေးတိုင်း (ပကဖ) ဒရုန်းလက်ရုံးတပ်ဖွဲ့ (Brother Wing) မကွေးခရိုင် တိုက်ခိုက် ရေးတပ်ဖွဲ့ နှင့် Yenanthar Youth Force (YYF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

၂။ စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး

 

ဇွန် ၈ ၊ D Day News

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။ ဇွန်လ ၅ ရက်နေ့က စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် အကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်း မှူးဖြစ်သူ အပါအဝင် အရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဇွန် ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်ဖြစ်တာ၊ အခုတော့ စလင်းမြို့ကို ပြန်ဆုတ်သွားပြီ၊ ဒဏ်ရာတဲ့သူတွေက ဆေးရုံမှာလို့ သတင်းရတယ်။ လာတုန်းကတော့ ခြေလျင်ပါ။ ပြန်ဆုတ်တော့ ဒဏ်ရာရသူတွေများလို့ ကားနဲ့လာကြိုသွားပါ တယ်” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ စလင်း (ပကဖ) ၊ ဒေါင်းစစ်အောင် ၊ SLN LPDF ၊ မကွေးခရိုင် တပ်ရင်း ၁ ၊ မကွေးတိုင်းလက်ရုံး ဒရုန်းအဖွဲ့နှင့် မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၃။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လူ ၃၉ ဦး နဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ဗြိတိန် ထပ်တိုးအရေးယူ

 

ဇွန် ၈ ၊ BBC

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး နဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ဗြိတိန်အစိုးရက မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် လက်ရှိ စစ်ကောင်စီအတွင်းရေးမှူးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း‌‌ဒွေး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့လည်း ပိတ်ဆို့အရေးယူမှုထဲ ပါဝင်နေပါတယ်။ ယူကေရဲ့ ထပ်တိုး ပိတ်ဆို့အရေးတဲ့ စာရင်းထဲမှာ ရာထူးကနေ အနားပေးခံထားရသူတွေလည်းပါဝင်နေပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ မကြာသေးခင်ကမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော တို့လည်း ပါဝင်ပါတယ်။ ဒါအပြင် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး လည်း ယူကေရဲ့ ထပ်တိုး ပိတ်ဆို့အရေးတဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

ကုမ္ပဏီအဖွဲ့အစည်းတွေမှာဆိုရင် ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးတေဇ နဲ့ သား ၂ ဦးပါဝင်သလို ဦးနိုင်ထွဋ်အောင်ရဲ့ International Gateways Group (IGG) ကုမ္ပဏီအုပ်စု ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စင်ကာပူအခြေစိုက် Shoon Energy ကုမ္ပဏီနဲ့ Asia Sun ကုမ္ပဏီ တွေကိုလည်း ယူကေက ထပ်တိုးပိတ်ဆို့ အရေးယူမှုတွေချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်နေတာတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ကိုပါ အဟန့်အတားဖြစ်နေတာကြောင့် ပိတ်ဆို့အရေးယူတာတွေ ထပ်လုပ်ခဲ့တာလို့ ယူကေအစိုးရက ပြောပါတယ်။

 

၄။ ချင်းပြည်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် ချင်းအုပ်ချုပ်‌ရေးအဖွဲ့ ၄ ဖွဲ့ပါဝင်လာ

 

ဇွန် ၈ ၊ PVTV

 

ချင်းပြည်ကောင်စီအဖွဲ့ဝင် အသစ်အဖြစ် Zanniatram People’s Organization ၊ Kanpetlet Council ၊Thado Council ၊ Mindat Council (ယာယီ)တို့ကို ချင်းပြည်ကောင်စီ အဖွဲ့ဝင်သစ်များအဖြစ် လက်ခံအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ချင်းလုံမြို့မှာ ဇွန် ၅ ရက်မှ ၆ ရက်အထိ ၂ ရက်တာ ပြုလုပ်ခဲ့တဲ့ Chinland Council ညီလာခံရဲ့ ပထမ သက်တမ်းရဲ့ တတိယ အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရှိရတာပါ။ ရှေ့လုပ်ငန်းစဥ်များအဖြစ် အစိုးရ၊လွှတ်တော်၊ တရားလွတ်တော် ချုပ်တို့ရဲ့ လုပ်ငန်းအစီရင်စံတွေအပေါ်မှာ ဆွေးနွေးအကြံပြုတာ၊ စစ်ရေး၊နိုင်ငံရေး အပြန်အလှန် သုံးသပ်မှုတွေ ပြုလုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးကို ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ ၊ မြို့နယ်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် စုစု‌ပေါင်း (၉၉) ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

 

၅။ ရခိုင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး AA နှင့် ဆွေးနွေး

 

ဇွန် ၈ ၊ The Irrawaddy

 

ရခိုင်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ တရုတ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြော သည်။ ရခိုင်ပြည်နယ်ရှိ မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည်မူဝါဒ AA ၌ အခိုင်အမာရှိကြောင်းလည်း ၎င်းက ပြောသည်။၎င်းက “တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာကြဖို့ သူတို့ဘက်က လိုလားတယ်။ သူတို့ရဲ့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အကျိုးစီးပွားရေးအတွက် အကာအကွယ်ပေးလိုတယ်။ နယ်စပ်ဒေသတွေ မှာ တည်ငြိမ်စေချင်တယ်။ တရုတ်ရဲ့ ပြောဆိုချက်တွေကို အထူးအလေးထားပါတယ်။ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ဘာရင်းနှီးမြှုပ်နှံမှုမဆို အကာအကွယ်ပေးဖို့ ကြေညာထားပါတယ်” ဟု ပြောသည်။တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ရှိနေပြီး ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ရှိနေသည်။ စစ်ကောင်စီအနေဖြင့် တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် ရခိုင်တိုက်ပွဲအဆုံးသတ်ရန် ကြိုးစားနေပြီး တရုတ်အနေဖြင့်လည်း တိုက်ပွဲရပ်တန့်ရန် လိုလား သော်လည်း ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေသ၍ တိုက်ပွဲကိုရပ်တန့်ရန် ခက်ခဲကြောင်း ဦးခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်တွင် မောင်တော၊ စစ်တွေ၊ တောင်ဂုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ အမ်းနှင့်မာန်အောင်မြို့နယ်တို့ကို သိမ်းပိုက်ရန်ကျန်ရှိနေသေးပြီး ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၆။ ရေဖြူမှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံး

 

ဇွန် ၈ ၊ RFA

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရားဖူးရွာသစ်ကို ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ လက်နက်ကြီးကျည်ဟာ ရားဖူးရွာသစ်အဝင်က နေအိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုးလအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကတော့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ ရားဖူးရွာသစ်နဲ့ ခုနစ်မိုင်ကျော်မှာရှိတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မောရဝတီကနေ လက်နက်ကြီးနဲ့ပစ်တာမှာ သေကုန်တာပေါ့ဗျာ။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ပစ်တာ။ မိသားစုဝင်သုံးဦးမှာ အမျိုးသားဖြစ်သူက နေအိမ်ထဲမှာတင် လက်နက်ကြီးစ ဗိုက်ကိုဝင်ပြီး ဆုံးတယ်။ ကလေးနဲ့ အမျိုးသမီးက ဆေးရုံသွားတဲ့ လမ်းမှာ ဆုံးတယ်။ နောက်ထပ် သူတို့အိမ်ကို အလည်ရောက်နေတဲ့ ကလေးတစ်ဦး ကတော့ ဒဏ်ရာနည်းနည်းပါးပါး ရပါ တယ်”ဟု ပြောပါတယ်။ ဒဏ်ရာရသူကို ဆေးကုသပေးထားပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါ တယ်။ လက်နက်ကြီးကြောင့် ရွာထဲက နေအိမ်ဆယ်လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၇။ ပေါက် စစ်တပ်အထိုင်ချရွာကို စစ်သားများက ခုနှစ်ကြိမ်မြောက် မီးပြန်ရှို့

 

ဇွန် ၈ ၊ Myanmar Pressphoto Agency

 

မကွေးတိုင်း၊ ပေါက်မြို့နယ် အုန်းတောတောင်စုကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်သည် ယင်းရွာကို ခုနှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ယနေ့ (ဇွန် ၈ ရက်) မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်က PDF တို့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုန်းတောတောင်စုရွာကို စစ်တပ်က စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း Successful Force - Pauk အဖွဲ့မှ သတင်းပြန်ကြားတာဝန်ခံ ကိုလိပ်ပြာက ပြောသည်။ "ခါတိုင်းက တိုက်ပွဲဘာညာရှိလို့ ရှို့တာပါ။ အခုနေ့ ရှို့တာတော့ ဒီအတိုင်းရှို့တာပဲ။ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘူး။ ပေါက် ကပစ ကနေ လက်နက်ကြီးနဲ့ထုတာတွေလည်း မရှိဘူးဗျ " ဟု ၎င်းက MPA သို့ ပြောသည်။ အုန်းတောတောင်စုရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိသော ရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် မီးရှို့မှုများကြောင့် ခန့်မှန်း အိမ်ခြေ ၁၂၀ ခန့် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ "ဒီနေ့ ရှို့တာရဲ့ ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး။ အုန်းတောတောင်စုရွာက စစ်တပ်က အထိုင်ချလိုက်ပြီဆိုကတည်းက ပြည်သူတွေ နေရပ်စွန့်ခွာသွားတာ အခုချိန်ထိပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။

ယခင်အကြိမ်များက ဒေသခံ PDF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၈။ မတ္တရာတွင် ဘုန်းကြီးနှစ်ပါးကို လူသားဒိုင်းအဖြစ် စစ်တပ် ဖမ်းဆီးသွား

 

ဇွန် ၈ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ကျေးရွာရှိ ဘုန်းကြီးနှစ်ပါးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်း‌ဆီး သွားကြောင်း သိရသည်။ဇွန်လ ၇ ရက်၊နံနက်ပိုင်းတွင် မတ္တရာမြို့ပေါ်မှ ကားငါးစီးဖြင့် ထွက်ခွာလာသော အင်အား ၁၀၀ ခန့် ပါ စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုးခဲ့ပြီး မွန်းလွဲ သုံးနာရီခန့်၌ ဟင်္သာရွာသစ် ရွာသို့ ရောက်ရှိကာ ဘုန်းကြီးနှစ်ပါးအား ဖမ်းဆီး‌ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ "မနက်ထဲက စစ်ကြောင်းထိုးနေတာ။ ဘုန်းကြီးနှစ်ပါးကို စစ်ကြောင်းက မတ္တရာမြို့ပေါ်အပြန် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာပါ။ အခုမနက်ထိ ပြန်လွှတ်တယ် ဘာညာတော့ မကြားရသေးဘူး" ဟု ၎င်းက ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် MPA သို့ ပြောသည်။ယင်းစစ်ကြောင်းသည် ဇွန်လ ၇ ရက်၊ နံနက် ၈ နာရီခွဲကျော်တွင် မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း သိရသည်။ "အောက်တောင်ကိုင်းရွာကိုက သုံးနေရာလောက် ခွဲပြီးရှို့ သွားတာ။ ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘူး။ ပြီးတော့စစ်ကြောင်းတစ်လျှောက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ကြိုကြား ကြိုကြား တိုက်ပွဲရှိတယ်လို့တော့ ကြားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ယင်းစစ်ကြောင်းကြောင့် အောက်တောင် ကိုင်းရွာ၊ ဟင်္ဟာရွာသစ်ရွာ အပါအဝင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရသည်။

 

၉။ အင်းတော်နှင့် ဟင်္သာတတွင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး

 

ဇွန် ၈ ၊ DVB

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မြစ်ကြီးနားကနေ ကားနဲ့ လိုက်ပါလာသူ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေးအကြောင်း ရေးတယ်လို့ စွပ်စွဲပြီး အမျိုးသား ၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အင်းတော်မြို့နယ်၊ ပညာရေးမှူးရုံးနားက စစ်ကောင်စီစုပေါင်းဂိတ်မှာ မြစ်ကြီးနားမြို့ကနေလာတဲ့ Express ကားကို ဇွန် ၆ ရက် ညနေပိုင်းမှာ စစ်ဆေးရာကနေ အမျိုးသမီး ၂ ယောက်ရဲ့ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးလိုက်တာလို့  ဒေသခံတွေဆီက  သိရပါတယ်။ ဒေသခံ တယောက် က “မြစ်ကြီးနားကနေဆင်းလာတဲ့ Express ကားကို ပညာရေးမှူးရုံးနားက စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်တွေ၊ ဖုန်းတွေ စစ်တယ်။ အဲဒီအထဲမှာ ဖုန်းထဲ ဘာတွေ့လဲမသိဘူး။ အဲ အမျိုးသမီး ၂ ယောက်ကို ခေါ်ထားလိုက်တယ်။ သိပ်မကြာဘူး၊ အချုပ်ကားနဲ့ ရဲစခန်းကို ခေါ်သွားတယ်” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ယောက်ဟာ အသက် ၂၀ ကျော် ဝန်းကျင်နဲ့ အသက် ၃၀ ကျော်ဝန်းကျင် ဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အမည်၊ နေရပ်လိပ်စာတို့ကိုတော့ ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အင်းတော်မြို့၊ ဗန်းမောက်လမ်းဆုံမီးပွိုင့်မှာလည်း  ဇွန် ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ဆေးနေတုန်း ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်ကို ဆန့်ကျင်တဲ့စာတွေရေးတင်တာကြောင့်လို့ စွပ်စွဲပြီး အမျိုးသားတယောက်ကို ဇွန် ၅ ရက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ဟင်္သာတမြို့၊ အနောက်စုရပ်ကွက်က စောစိုးမိုးနိုင်ဆိုသူ အမျိုးသားကို ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲအင်အား အများအပြား က နေအိမ်ကို လှည့်ဝိုင်းဖမ်းဆီးခဲ့တာလို့ နီးစပ်သူတွေက ဆိုပါတယ်။



 

 

 

 

78 views0 comments

Comments


bottom of page