top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်

နေ့စဉ်သတင်းစုစည်းမှု

09-June-2024

တိုက်ပွဲသတင်း

 

၁။ ရေဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဂါဝီဂိတ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်

 

ဇွန် ၉ ၊ PVTV

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဂါဝီဂိတ်စခန်းကို ဇွန် ၈ ရက် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDF က Fixed Wing ဒရုန်း ၂ စီးနဲ့ ဗုံးသီး (၃)လုံး ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက်စုံစမ်းထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း၊ ဒရုန်းတပ်စုရဲ့ လှုပ်ရှားမှုကို ဖော်ပြထားတာ ဖြစ်ပြီး တော်လှန်ရေးတွင် မဆုတ်မရွံ့တဲ့ ခွန်အားနဲ့ ကြိုးစားနေတာကို ပြည်သူတွေကို အသိပေးပြီး အင်အားတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂။ နွားထိုးကြီးတွင် စစ်ကြောင်း မိုင်းခွဲခံရပြီး ၉ ဦးသေ

 

ဇွန် ၉ ၊ PVTV

 

နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းကျေးရွာက နေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့စစ်ကား ၂ စီးကို ဇွန် ၇ ရက်နေ့၊ ညနေ ၆ နာရီ ဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အပြင်းအထန်ဒဏ်ရာ ရသွားကြ တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီကနေ သိရပါတယ်။နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ရဲ့ တာဝန်ရှိသူ တယောက်က “ခွေးသူခိုးတွေက ဖောင်ချဉ်းရွာက အိမ်တွေထဲက ပစ္စည်းတွေခိုးယူပြီး ရွာကိုမီးရှို့တယ်။ ရွာထဲမှာ ခွေးနည်း နည်းပဲ ချန်ထားခဲ့ပြီး ၇၀ လောက်က ကား ၂ စီးနဲ့ မြို့သာဘက်ကိုထွက်လာတော့ လမ်းကနေစောင့်ပြီး ပဒေသာမိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး ဆွဲလိုက်တာ မိုင်းကွင်းအလယ်တည့်တည့်ရောက်လာကားကို အပီအပြင်ထိပြီး ခွေး ၉ ကောင်သေ တယ်။ ၇ ကောင်က အပြင်းအထန်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ခွေးတွေကို မြို့သာဆေးရုံမှာ ဆေးကုနေတယ်လို့ မြေပြင်အဖွဲ့ဆီကနေ သတင်းပို့ထားပါတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်သားတွေဟာ နွားထိုးကြီး မြို့နယ်ထဲက နဘူးတောတောင်ကျေးရွာ၊ နဘူးတောမြောက်ကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဖောင်ချဉ်းကျေးရွာတို့က ဒေသခံ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး နေအိမ်တွေကိုမီးရှို့ခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

၃။ ထားဝယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

 

ဇွန် ၉ ၊ D Day News

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ကျောက်မဲတောင် ရဲစခန်းမှ ထားဝယ်မြို့ဘက်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို ပခပ်ကျေးရွာ လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်း ထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မ တော် (BHA) တို့က ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၄။ စစ်ကိုင်း သပြေသာရွာ ဘုန်းကြီးကျောင်း ဗုံးကြဲမှု ၁၆ ဦး သေဆုံး

 

ဇွန် ၉ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာရွာရှိဘုန်းကြီးကျောင်းကို ယမန်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် သံဃာ ၃ ပါးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၄၀ နီးပါးရှိကြောင်း ဒေသခံများထံမှ သိရသည်။ သပြေသာရွာဘုန်းကြီးကျောင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ကျေးရွာ ရပ်ကျေးအဖွဲ့များ အစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတဦးက "ပေါင် ၅၀၀ ဗုံးတွေပဲ ၃ လုံးလောက်ရှိမယ်။ သေတဲ့ သူတွေက ရုပ်တွေက မပီတော့ဘူး။ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ ဘုန်းကြီးကျောင်းဆိုတော့ သူတို့က လာနေကြ ပဲမို့လေ။ မျက်နှာတခြမ်း ပျက်တွေရော ဆိုးဆိုးရွားရွားတွေပါ။ ဒဏ်ရာရတဲ့သူတွေများတော့ ဆေးကုသပေးနိုင်ဖို့ ကြိုးစား နေရတဲ့ အခြေအနေပါ။ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုပဲ ကုနေရတယ်" ဟု ပြောသည်။သေဆုံးသူများ၌ သပြေသာရွာခံ ၄ ဦး ပါဝင်ကြောင်း အတည်ပြုထားနိုင်ပြီး ကျန်သူများမှာ အနီးနားရွာများမှရွာသားများ ပါဝင်သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ အသေးစိတ် အချက်အလက်များကိုမူ မသိရှိသေးကြောင်း ‌ဒေသခံများက ပြောသည်။

ဒေသခံတဦးက "ကျောင်းထိုင်ဘုန်းကြီး သူ့ရဲ့လူနာမည် ဦးသောင်းဌေး၊ ခြေထောက်တဖက် မသန်တဲ့ ဦးလုံးရယ်၊ ဘုန်းကြီး ကျောင်းနား အိမ်က ဦးလေးရယ်၊ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ သားအဖ ၃ ယောက်ရယ် လက်ရှိတော့ အဲဒီလူတွေ သေသွားတယ်တော့ သိရတယ်။ တခြားရွာသားတွေလည်း ပါတယ်။ ဘယ်သူတွေလည်းတော့ မခွဲတတ် သေးဘူး။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်" ဟု ပြောသည်။

 

၅။ ကလေးမြို့ မင်းကြီးဟိုတယ်တွင် လူငယ် ၂၀ ကျော် ဖမ်းဆီးခံရ

 

ဇွန် ၉ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်းကြီးဟိုတယ်တွင် လူငယ် ၂၀ ကျော်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။ ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ မင်းကြီးဟိုတယ်တွင် ယနေ့(ဇွန်လ ၉ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်က လူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ “ဟိုတယ်မှာ အရင်တုန်းက ကေတီဗွီဖွင့်ထားတာ၊ ဟိုတယ် နောက်မှာ ရေကူးကန်ရှိတယ်။ တနင်္ဂနွေနေ့ ဆိုတော့ လာတဲ့သူများတယ်။ ရေကူးနေတဲ့ကလေးတွေကိုဖမ်းပြီး ခြောက်ဘီး ကားနဲ့တင်သွားတာ” ဟု ကလေးမြို့ခံတဦးက မဇ္စျိမကို ပြောသည်။ အသက် ၁၈ နှစ်မှ ၂၀ ဝန်းကျင်ရှိသောလူငယ်များကို အမိုးမပါ၊ မိုးကာ မကာထားသောကားပေါ်တွင် ရဲများ ခြံရံ၍ ငုတ်တုတ်ထိုင်ခိုင်းကာ ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ လူငယ်များအားဖမ်းဆီးမှုမှာ စစ်မှုထမ်းရန်အတွက်ဖြစ်နိုင်ကြောင်းနှင့် ကလေးမြို့တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးမှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကလေးဒေသခံက သုံးသပ်ပြောဆိုသည်။ ဖမ်းဆီးသွားသူများကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အတွင်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။

ကလေးမြို့လေဆိပ်သို့ ယနေ့(ဇွန်လ ၉ ရက်)နံနက်ပိုင်းက စစ်ကောင်စီလေတပ်မှ Y8 လေယာဥ်တစီး ဆင်းသက်ပြီး ထရပ်ကားကြီးလေးစီးစာ စစ်သင်တန်းသားများပါလာကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံက ပြောသည်။ အဆိုပါ စစ်သင် တန်းသားများကို လေယာဥ်ကွင်းမြောက်ဖက် စခန်းကြီးကျေးရွာအနီးရှိ လေ့ကျင့်ရေး(၁၀) သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

 

၆။ အမ်း-မင်းဘူးလမ်းတွင် ခရီးသည်ယာဥ် တိုက်ခိုက်ခံရ၊ က​လေးငယ်အပါအဝင် အရပ်သား ၅ ဦး​သေဆုံး

 

ဇွန် ၉ ၊ Mizzima

 

မ​ကွေးတိုင်း၊ မင်းဘူးမြို့မှ ရခိုင်ပြည်နယ် အမ်းမြို့သို့သွားသည့် ကားလမ်းတွင် ခရီးသည်ယာဥ်တစီးမှာ ပစ်မှတ်ထားတိုက်ခိုက်ခံရသဖြင့် အသက်ငါးနှစ်အရွယ် က​လေးငယ်တဦးအပါဝင် အရပ်သား ငါးဦး​သေဆုံးပြီး​ လေးဦးဒဏ်ရာရ​ကြောင်း သိရသည်။ယမန်​နေ့ (ဇွန်လ ၈ ရက်)နေ့လယ် ၁ နာရီတွင် ခရီးသည်ယာဥ်ကား(အ​သေး) သည် အမ်းရိုးမ၊ တုန်းကြီး​ကျေးရွာ နားတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရာ မည်သည့်အဖွဲ့ကပစ်ခတ်သည်ကို မသိရ​ကြောင်း နီးစပ်သည့်သတင်းရင်းမြစ် တဦးက မဇ္စျိမကို​ပြောသည်။ "အစက RPG(ပုခုံးထမ်း​လောင်ချာ)နဲ့ပစ်တယ်၊ ကား​ပေါ်မကျဘဲ လမ်း​ပေါ်​ပေါက်ကွဲတယ်။ အဲ့ဒီအချိန်မှာ ကားကို​သေနတ်​တွေနဲ့ ဝိုင်းပစ်တယ်။ လှမ်းတားတာလည်း မရှိဘူး ကားဒါရိုက်ဘာက ခြေချင်းဝတ်​နည်းနည်း ထိသွား​ပေမယ့် ဒီတိုင်း​မောင်းလာတာ အမ်းဘက်ကိုလာတာ ပစ်​ခံရတော့ ဒါရိုက်ဘာက​ ကား back ဆုတ်ပြီး​ နောက်ပြန် လှည့်ပြီး မင်းဘူးကို​ပြန်သွားတယ်၊ ည​​နေ ၅ နာရီမှာ​ရောက်တယ်။ ကား​မောင်းတဲ့ဒါရိုက်ဘာက လူကိုမမြင်လိုက်ဘူး။ ယူနီ​ဖောင်းလည်း မမြင်ရ​တော့ ဘယ်အဖွဲ့ကပစ်လဲဆိုတာ စုံစမ်းမရဖြစ်​နေတယ်၊ လမ်းမှာထွက်လာတဲ့ကုန်ကားနဲ့ ခရီးသည် ယာဥ် ​ခြောက်စီးမှာ အဲ့ဒီကားတစီးပဲ​ရွေးပစ်တာ စဥ်းစားစရာပဲ"ဟု ၎င်းက ​ပြောသည်။ အဆိုပါ ပစ်ခတ်ခံရမှုတွင် မရူပါ​အောင်(အသက် ၁၆ နှစ်)၊​မိခင်ဖြစ်သူကျောင်းဆရာမ ဒေါ်ဝါဝါဝင်း၊​ သားဖြစ်သူမောင်ခန့်ထက်မြင့်လွင်(အသက် ၅ နှစ်)၊​ ဒေါ်သန်း​ထွေး၊​ ဒေါ်သိင်္ဂီ​ဇော်တို့ ဖြစ်​သည်။ သေဆုံးသူများအား မင်းဘူးမြို့တွင် ယ​နေ့ (ဇွန်လ ၉ ရက်)နံနက်တွင် သင်္ဂြိုဟ် ပြီးစီး​ကြောင်း သိရသည်။

 

၇။ နွားထိုးကြီးမြို့နယ်က ဖောင်ချဉ်းကျေးရွာကို  စစ်တပ် မီးရှို့ဖျက်ဆီး

 

ဇွန် ၉ ၊ DVB

 

နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတယောက်က “ပြီးခဲ့တဲ့ ၂ ရက်ကျော်က မီးရှို့လို့ ရွာကလူတွေ ထွက်ပြေးကြရပြီ။ စစ်တပ်က သေခြင်းဆိုးတွေပဲ၊ အခုလည်း ထပ်ရှို့ပြန်ပြီ။ ရွာကလူတွေလည်း ရွာကို မပြန်ရဲကြဘူး။ ရွာမပြန်ရဲလို့ ထွက်ပြေးနေရပါတယ်ဆိုမှ ဘယ်နှအိမ်လောင်လို့ ဘယ်နှအိမ်ကျန်မှန်း မသိဘူးလေ။ နှစ်ခါ အရှို့ခံရတာဆိုတော့ ပြောင်သလောက်နီးနီး ဖြစ်သွားလောက်ပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖောင်ချဉ်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇွန် ၆ ရက်နေ့မှာ တကြိမ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရတာဖြစ်ပြီး အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲဖြစ်တာက ဆူးဖြူကုန်းရွာမှာ။ ခွေးတွေဘက်က အထိနာလို့ ပြန်ဆုတ်သွားပြီး ဖောင်ချဉ်းရွာကို ဝင်ပြီး မီးထပ်ရှို့ သွားတာ။ ခွေးတွေဘက်က သေဆုံးဒဏ်ရာရတာတော့ မသိရသေးဘူး။ တိုက်ပွဲက ဆက်ရှိနေတုန်းပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရသူများတဲ့အတွက် ပြန်လည်ဆုတ်ခွာသွားကြပြီး ဖောင်ချဉ်းကျေးရွာ၊ အကျည်းကုန်းကျေးရွာ၊ နဘူးတောတောင် ကျေးရွာနဲ့ နဘူးတောမြောက်ကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးသွားကြလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် လာကြရတယ်လို့ သိရပါတယ်။နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တို့ ဇွန် ၈ ရက်နေ့ မနက်ပိုင်းကတည်းက ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွား နေတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်အ‌‌ရှေ့ပိုင်းမှာ လည်း အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ အုန်းတောတောင်ရွာစုကျေးရွာကို ဇွန် ၈ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၈။ မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာသုံးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ

 

ဇွန် ၉ ၊ RFA

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီရွာ (ဟိုရ်ဖါရာ) ကို ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရိုဟင်ဂျာသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ မောင်တောမြို့ခံတွေက RFA ကို ပြောပါတယ်။ ဟာဘီ (ဟိုရ်ဖါရာ) ရွာနဲ့ လေးမိုင်ကျော်ဝေးတဲ့ ဂုံးနားရွာဘေးက ချောင်းပေါ်မှာရှိနေတဲ့ စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီးခုနစ်လုံးထက်မနည်း ပစ်ခဲ့တာလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ "မိသားစုသုံးဦးစလုံးက နေရာမှာတင် ဆုံးတာပါ။ သူတို့အိမ်ဘေးကိုပဲ လက်နက်ကြီးကျတာ။ ဒဏ်ရာရတဲ့ ခြောက်ဦးထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေတယ် လို့ သိထားပါတယ် "။ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော ဖုန်းလိုင်း ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

 

၉။ မုံရွာမြို့ပတ်လမ်းမှာ လူငယ်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေပြော

 

ဇွန် ၉ ၊ RFA

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ပတ်လမ်းပေါ်မှာ ဇွန်လ ၇ ရက်နေ့ မနက် ၇ နာရီကျော်က လူငယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်သား ဆယ်ယောက်ကျော် ဟာ သူတို့ဖမ်းဆီးလာတဲ့ အဲဒီလူငယ်ကို ကားပေါ်ကနေ လမ်းမပေါ်ကို ဆွဲချပြီး ဦးခေါင်းတည့်တည့်ကို ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "လူငယ်က အသက် ၂၀ ကျော် အရွယ်လေးပါပဲ။ အသားညိုတယ်၊ ပိန်ပိန်လေးပဲ။ သူတို့ ဘယ်ကနေဖမ်းလာသလဲတော့ မသိဘူး။ ဒီအတိုင်း ကားရပ်ပြီး ကားပေါ်ကနေ ဆွဲချပြီး ပစ်သတ်သွားတာ။ တကယ့်ကို ဂိုဏ်းစတား ဆန်ဆန်ပဲဗျာ။ မြင်လိုက်ရတဲ့သူတွေကတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်"။ သေဆုံးသွားတဲ့ လူငယ်ရဲ့အလောင်းကိုတော့ လူမှုကူညီရေးကားတွေက လာသယ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီလူငယ်ရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ RFA အနေနဲ့ သီးခြားတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

၁၀။ မုံရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် နှစ်ဦး ကျဆုံး

 

ဇွန် ၉ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် နှစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဇွန် ရှစ်ရက်၊ ညနေ သုံးနာရီဝန်းကျင်က မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာ စာသင် ကျောင်းထဲ၌ PDF တပ်ဖွဲ့များ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံ PDF ရဲဘော်တစ်ဦးထံက သိရသည်။ "သတင်းပေါက်တာပေါ့။ ကျောင်းဝင်းထဲကျတာ။ ကျတဲ့ ရဲဘော် နှစ်ယောက်က လေယာဉ်သံကြားလို့ ထွက်ကြည့်ရင်း ဖြစ်သွားတာ။ ကျောင်းအုတ်တံတိုင်းကတော့ ပျက်စီးသွားတယ်။ အစ်ကိုကကျ ကံကောင်းသွားတယ်။ အလုပ်ကိစ္စခိုင်းလို့ ထွက်သွားတဲ့အချိန်ဖြစ်သွားတာ" ဟု ၎င်းကMPAသို့ ပြောသည်။

PDF ရဲဘော်တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ‌ဆေးရုံ၌သေ‌ဆုံးကြောင်း၊ ဒဏ်ရာရရှိသည့် ရဲဘော်နှစ်ဦးမှာ မစိုးရိမ် ရကြောင်း ၎င်းကပြောသည်။ လေကြောင်းတိုက်ခိုက်မှုပြီးနောက် မုံရွာမြို့၊ ကျောက်ဆစ်ပုံအမြောက်တပ်မှလည်း ညောင်ပင်တဲကျေးရွာဘက်သို့ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။



 

 

 

36 views0 comments

Comments


bottom of page