နေ့စဉ်သတင်းစုစည်းမှု
12-July-2024
တိုက်ပွဲသတင်း
၁။ မတ္တရာ၊ မြောက်တံငါတပ်စခန်းကို PDF တိုက်ခိုက်သိမ်းပိုက်
ဇူလိုင် ၁၂ ၊ Myanmar Presphoto Agency / People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါရွာရှိ စစ်တပ်စခန်းကို MDY-PDF က သိမ်းပိုက် ရရှိခဲ့သည်။ ဇူလိုင် ၁၁ ရက်တွင် မတ္တရာမြို့နယ်၊ မြောက်တံငါတပ်စခန်းအား သိမ်းပိုက်ရရှိကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိသည်။ထို့အပြင် မတ္တရာမြို့နယ်၊ Alpha ဘိလပ်မြေစက်ရုံရှိ စစ်တပ်၏ ကာကင်းစခန်းကို နယ်မြေရှင်းလင်းရေးလုပ်ရာ သေနတ် ၁၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။
၂။ ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု AA ထပ်မံသိမ်းပိုက်
ဇူလိုင် ၁၂ ၊ Mizzima
ရခိုင်ပြည်နယ်၊ သံတွဲမြို့ အခြေစိုက် ခလရ(၅၅)တပ်ရင်းနှင့် မောင်တောမြို့ရှိ မကျည်းချောင်းစခန်းတို့ကို ထပ်မံသိမ်းယူနိုင် ခဲ့ပြီး မြို့နှစ်မြို့လုံးကို သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေလျက်ရှိသည်။ သံတွဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၅)တပ်ရင်းကို ဇူလိုင်လ ၉ ရက်တွင် အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သိမ်းပိုက်နိုင်ခဲ့သည့် ခလရ (၅၅)တပ်ရင်းမှ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓာတ်ပုံများနှင့် တကွ AA က ထုတ်ပြန်သည်။
၃။ ရေဖြူမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
ဇူလိုင် ၁၂ ၊ Khit Thit Media
တနင်္သာရီတိုင်း၊ ရေဖြူမြို့အနီးတွင် အကြမ်းဖက်စစ်သားများစီးနင်းလာသည့် Hijet ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ဇူလိုင်လ ၁၁ ရက်နေ့တွင် ထားဝယ်မြို့ ဘက်မှ ရေဖြူးမြို့ဘက်သို့ ရန်ကုန် - ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး အတိုင်း မောင်းနှင်လာသော စစ်သားများ စီးနင်းလိုက်ပါလာသည့် Hijet ကားတစ်စီးကို ရေဖြူမြို့အဝင် ဆိုင်းဘုတ်အနီးရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၄။ ဂုတ်တွင်းတပ်စခန်းကို TNLA သိမ်းပိုက်၊ လက်နက်ကြီး၊ငယ် အလက်၂၀ သိမ်းဆည်းရမိ
ဇူလိုင် ၁၂ ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတပ်စခန်းကို ဇူလိုင် ၁၂ ရက်တွင် TNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်ကြီး၊ငယ် အလက် ၂၀ သိမ်းဆည်းရမိခဲ့သည်။နောင်ချိုမြို့နယ်၊ ဒုံးတပ်ရင်း ၆၀၆ မှ ဂုတ်တွင်းစခန်း သို့ ထွက်ပြေးသွားသော စစ်သားများကို ဇူလိုင်၁၂ ရက်တွင် TNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းမှ လက်နက် ၁၅လက်၊ RPG7 နှစ်လက်၊ ငါးကြင်မီး တစ်လက်၊ ၆၀(မမ)နှစ်လက်နှင့် ရန်သူ့အလောင်းတို့ သိမ်းဆည်းရမိ ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ်၊ Mi35ဖြင့် လေးကြိမ်နှင့် Y12 လေယာဉ်ဖြင့် ဗုံး၆၄လုံး ကြဲချ ပစ်ကူခဲ့သလို ကျောက်မဲ ၅၀၁ စခန်းမှလည်း လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
၅။ မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံး
ဇူလိုင် ၁၂ ၊ D Day News
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စစ်တပ်စခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၁၁ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စောင့် စစ်တပ်စခန်းမှ စစ်သား ၂၅ ဦး ခန့် သည် ရိက္ခာရှာရန်အတွက် အနောက်ဘက် မီတာ ၇၀ ခန့်အကွာရှိ ပုသိမ် -မုံရွာလမ်းမကြီးပေါ်သို့ တက်လာစဉ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
၆။ မိုးကုတ်မြို့အရှေ့ပိုင်း၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်နေ
ဇူလိုင် ၁၂ ၊ People's Spring
မိုးကုတ်မြို့အရှေ့ပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီ စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု၍ တိုက်ခိုက်နေသည်။ မိုးကုတ်အရှေ့ပိုင်း မင်းတံတားရပ်ကွက်အပါအဝင် အရပ်သားများရှိနေသည့်နေရာများကို စစ်ကောင်စီက ပစ်ခတ် တိုက်ခိုက် နေခြင်းဖြစ်သည်။ တိုက်ပွဲသည် ဇူလိုင် ၁၂ ရက်ကစတင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး ဆက်လက်ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ မြန်မာ၊ ထိုင်းနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ
ဇူလိုင် ၁၂ ၊ The Irrawaddy
မြန်မာ၊ ထိုင်း၊ အိန္ဒိယ သုံးနိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်း ဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Maris Saengiamphong၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ Subrahmanym Jayasankara တို့သည် ဇူလိုင်လ ၁၁ ရက်တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းနေသည့် ဒုတိယအကြိမ် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ရန် စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေနှင့် ကိုယ်စားလှယ်များသည် ဇူလိုင် ၁၀ ရက်ကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ BIMSTEC အဖွဲ့သည် ဘင်္ဂလားပင်လယ်အော်တလျှောက်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ ခုနစ်နိုင်ငံ တို့၏ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်ပြီး စစ်ကောင်စီကိုယ်စားလှယ်များက အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားချက်အရ တက်ရောက်နေခြင်းဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ လားရှိုးမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
ဇူလိုင် ၁၂ ၊ RFA
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဇူလိုင် ၁၁ ရက်နေ့က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦး အပါအဝင် ပြည်သူလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရပ်ကွက် (၁) နဲ့ ရပ်ကွက် (၁၀) က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
Kommentare