top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက်

Updated: Jul 14

နေ့စဉ်သတင်းစုစည်းမှု

13-July-2024



တိုက်ပွဲသတင်း

 

၁။ ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြား

 

ဇူလိုင် ၁၃ ၊ Khit Thit Media

 

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရဲစခန်းကို ဇူလိုင်လ ၁၂ ရက်တွင် PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးသူများပြားခြင်းကြောင့် စစ်တပ်က ဆားတောင်ရဲစခန်းအနီး ပတ်ဝန်းကျင်နှင့် ရဲစခန်း အနောက်ဘက်ကို Y-12 ၊ ဂျက်ဖိုက်တာ၊ Mi-35 တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဗုံးကျဲချရာ နေရာကိုလည်း ပြည်သူများ ဝင်ထွက်သွားလာခွင့်မရအောင် လုံခြုံရေးချ ပိတ်ထား ကြောင်း သိရသည်။

 

၂။ လားရှိုး ခမရ-၅၀၇ တပ်ရင်းအား ထပ်မံ ထိုးစစ်ဆင်

 

ဇူလိုင် ၁၃ ၊ The Irrawaddy

 

လားရှိုးမြို့နှင့် သုံးမိုင်ခန့်သာကွာဝေးသော ခမရ-၅၀၇ တပ်ရင်းအား မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သော တော်လှန်ရေးတပ်ပေါင်းစုက ဇူလိုင် ၁၃ ရက်နေ့တွင် နောက်တကြိမ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ ခမရ-၅၀၇ တပ်ရင်း သည် လားရှိုးမြို့ ဘူတာကြီးနှင့် ၃ မိုင်အကွာတွင်ရှိပြီး ရမခ မကျရေး ခံစစ်စည်းတခုဖြစ်ကြောင်း သိရသည်။

 

၃။ ရေးမြို့နယ်၊ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

ဇူလိုင် ၁၃ ၊ D Day News

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်က ရေးမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို ကွမ်ကျိုင့်ရွာအနီး အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၄။ CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်း ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီပြော

 

ဇူလိုင် ၁၃ ၊ RFA

 

စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တာကြောင့် အမည်ပျက်စာရင်း (Black List) သွင်းထားသူတွေကို စာရင်းကပယ်ဖျက်ပြီး ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဝန်ထမ်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့အတွက် လူသားအရင်း အမြစ် ဆုံးရှုံးတဲ့အပြင် ကာယကံရှင်တွေရဲ့ လူမှုဘဝလည်း နစ်နာရတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ဒါကြောင့် အကြောင်းအရာပေါ်မူတည်ပြီး အမည်ပျက်စာရင်းကနေ ပယ်ဖျက်နိုင်ဖို့အတွက် CDM ဝန်ထမ်းတွေ သက်ဆိုင်ရာဌာနတွေ ကို ဇူလိုင် ၁၅ ရက်နေ့ကစပြီး ပြန်လည်သတင်းပို့နိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

၅။ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူးချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ်အထိ အသီးသီး ချမှတ်

 

ဇူလိုင် ၁၃ ၊ Khit Thit Media

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လအတွင်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မေလအတွင်းတွင် ဗိုလ်ချုပ်ဇော်မင်း အပါအဝင် ဗိုလ်ချုပ်များကို ထောင်ဒဏ်များ အသီးသီး ချမှတ်ပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း၊ သို့ရာတွင် တရုတ်ဘက်မှ တောင်းဆိုလာမှုများအရ ယခုဇူလိုင် ဆန်းပိုင်းတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

၆။ ရန်ကုန်တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်စိုးမိုးကို ဗိုလ်ချုပ်ရာထူးတိုးပေးပြီး တွဲဘက်စစ်ထောက်ချုပ်အဖြစ်ခန့်အပ်

 

ဇူလိုင် ၁၃ ၊ Khit Thit Media

 

NLD အစိုးရလက်ထက် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရန်ကုန်တိုင်း ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်စိုးမိုးကို ဗိုလ်ချုပ်ရာထူးတိုးဖြင့် တွဲဘက်စစ်ထောက်ချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရ သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ကျောင်းဆင်း ဗိုလ်ချုပ်အောင်စိုးမိုးသည် ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ရာထူးဖြင့် ခန့်အပ်ခံခဲ့ရပြီး ၄ နှစ်အကြာတွင် တွဲဘက်စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်စိုးမိုးသည် ၂၀၁၇ ဇူလိုင်လမှ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်တိုင်း၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ယူခဲ့ပြီး NLD အစိုးရ၏ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်အတူ ရန်ကုန်တိုင်းအစိုးရတာဝန်များကို ထမ်းဆောင်ခဲ့သည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၇။ မတ္တရာတွင် စစ်ကောင်စီ လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်၍ ပြည်သူ ၆ ဦး သေဆုံး

 

ဇူလိုင် ၁၃ ၊ People's Spring

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့သည်။ ဇူလိုင် ၁၂ ရက်က မတ္တရာမြို့နယ် အရှေ့ခြမ်းသန်းကုန်းရွာနှင့် ကျွန်း‌ပင်ကျေးရွာ အနီး သို့ စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အတူ တောင်တံငါရွာအနီးရှိ အုတ်စက်ပေါ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

၈။ မိုးမိတ်မြို့ တောင်ကိုင်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ဖျက်ဆီး

 

ဇူလိုင် ၁၃ ၊ Khit Thit Media

 

ဇူလိုင် ၁၀ ရက်နေ့တွင် စစ်တပ်က မိုးမိတ်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၆၀ ကျဲချ တိုက်ခိုက်ခဲ့ပြီး တောင်ကိုင် ဘုန်းကြီးကျောင်းကို ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆွမ်းစားဆောင် ထိခိုက် ပျက်စီးခဲ့ရသည်။ အဆိုပါ တောင်ကိုင်ဘုန်းကြီးကျောင်းသည် ယခင်က စစ်သားများ ဝင်ရောက်တပ်စွဲခဲ့သည့် နေရာဖြစ်ပြီး ကျောင်းတွင် နေထိုင်သည့် ဆရာတော်များသည်လည်း စစ်ဘေရှောင်တိမ်းသွားကြသည့်အတွက် ထိခိုက်သူ မရှိကြောင်း သိရှိရသည်။

 

၉။ မိုးကုတ်မြို့တွင်း အိမ်သုံးလုံး စစ်တပ်ပစ်သည့် လက်နက်ကြီးထိမှန်ကာ မီးလောင်

 

ဇူလိုင် ၁၃ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊မြို့မရပ်ကွက်ထဲသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ ရာ အိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ရသည်။ ဇူလိုင် ၁၃ ရက်တွင် မိုးကုတ်မြို့ထိပ်၊ပန်းမထိပ်ရွာရှိ စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် မိုးကုတ်မြို့အရှေ့ပိုင်း အခြေစိုက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြို့မရပ်ကွက်သို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့သည်။ မြို့မရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနီးရှိ နေအိမ် ပေါ်သို့ လက်နက်ကြီးကျပြီးနောက် နေအိမ်မီးလောင်ခဲ့သည်ဟု သိရသည်။

 

၁၀။ မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

 

ဇူလိုင် ၁၃ ၊ Khit Thit Media

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။ဇူလိုင်လ ၁၃ ရက်နေ့တွင် မိုးကုတ်မြို့ အရှေ့ပိုင်း ဆေးရုံကြီးအနီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရုံးဘေးကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင်း၊ ထို့ပြင် မင်းတံတား (အနောက်ပိုင်းအထွက်)နှင့် ၀က်ကုန်း (၀က်ခုံ) အနောက်ပိုင်း အထွက်ကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

၁၁။ သံတွဲမြို့တွင်ရှေးဟောင်းသမိုင်းဝင် နံတော်တောင်အား စစ်ကောင်စီမှ ဗုံးကြဲ

 

ဇူလိုင် ၁၃ ၊ Narinjara

 

ရခိုင်ပြည်၊ သံတွဲမြို့၏ အထင်ကရ ရှေးဟောင်းစေတီ ၃ဆူ အနက် ၁ ဆူဖြစ်သည့် နံတော်စေတီတည်ရှိရာ တောင်ကုန်းအား စစ်ကောင်စီမှ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ သံတွဲမြို့တွင် အထင်ကရ ရှေးဟောင်းစေတီများရှိပြီး ရွှေဆံတော်၊ ရွှေအံတော်နှင့် ရွှေနံတော်စေတီများသည် ပိုမိုထင်ရှား လူသိများပြီး စစ်ကောင်စီက ထိုသို့ ဗုံးကြဲချသောကြောင့် ဒေသခံတစ်ချို့မှ မကျေမနပ် ဖြစ်နေကြောင်းသိရသည်။ နံတော်တောင်တွက်တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း နောက်ဆုတ်သွားပြီးနောက် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းဖြစ်ကြောင်း သိရသည်။


 

 

 

 

 

 

 


73 views0 comments

Comments


bottom of page