နေ့စဉ်သတင်းစုစည်းမှု
14-July-2024
တိုက်ပွဲသတင်း
၁။ ပေါင်းတည်မြို့တွင် စစ်ကောင်စီတပ်သားငါးဦးပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ဇူလိုင် ၁၄ ၊ People's Spring
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အထိုင်ချထားသည့် စခန်းအတွင်းမှ အပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားငါးဦးကို ဇူလိုင် ၁၂ တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF) မှ တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားတစ်ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ အပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
၂။ မိုးကုတ်နှင့်မိုးမိတ် တပ်စခန်းများကို TNLA တိုက်ခိုက်
ဇူလိုင် ၁၄ ၊ Myanmar Pressphoto Agency
မိုးကုတ်နှင့်မိုးမိတ်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို တအောင်းတပ်မတော် TNLA က တိုက်ခိုက်လျက်ရှိသည်။
မိုးကုတ်မြိုနယ်၊ ကမ္ဘာလုံးစေတီအနီးတစ်ဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို TNLA က ဇူလိုင် ၁၃ တွင်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို အရှေ့ပိုင်း၊ ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီး၌ စစ်ကောင်စီတပ် လပခ၊ ခလရ ၇၁၊ ၈၈ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ အလားတူ မိုးမိတ်မြို့တွင်းရှိ စကခ-၂၁၊ ခလရ၂၂၃ နှင့် TNLA ၊ PLA ၊ MOD PDF ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး သီပေါမြို့နယ်၊ စစ်ကောင်စီ တပ်စခန်း ဆန်ဖိတ်နှင့် ၅၀၃၊ ၅၀၄ စခန်းတို့ကိုလည်း TNLA က တိုက်ခိုက်ခဲ့သည်။
၃။ မြင်းမူမြို့ပေါ်မှ ထွက်လာသည့် စစ်တပ်ကင်းပုန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား
ဇူလိုင် ၁၄ ၊ Khit Thit Media
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်မှ ထွက်လာသည့် စစ်တပ်ကင်းပုန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် ၁၄ ရက်နေ့တွင် မြင်းမူမြို့ပေါ်မှ အင်အားအပြည့်ဖြင့် ထွက်လာ သော စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
၄။ လားရှိုးမှာ ခမရ ၅၀၇ တပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲပြင်းထန်နေ
ဇူလိုင် ၁၄ ၊ BBC
လားရှိုးမြို့ အရှေ့မြောက်ဘက် ဝင်ပေါက်မှာရှိတဲ့ စစ်ကောင်စီ အမှတ် ၅၀၇ ခြေမြန်တပ်ရင်း(ခမရ)နဲ့ ကိုးကန့်တပ်(MNDAA) တို့ ဇူလိုင် ၁၄ ကစပြီး တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။ MMDAA နဲ့ ခမရ ၅၀၇ တို့ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ တန့်ယန်းနဲ့ မိုင်းရယ်မြို့တွေဘက် စပ်နေတဲ့ နေရာဖြစ်ပါတယ်။ လားရှိုးမြို့ အရှေ့ဘက်ဝင်ပေါက် အေတီတံတားနားမှာရှိတဲ့ စစ်ကောင်စီ ခလရ ၆၈ တပ်ကိုလည်း MNDAA က ထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။
၅။ ညောင်ရွှေမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး လုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ဇူလိုင် ၁၄ ၊ Khit Thit Media
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်။ ဇူလိုင်လ ၁၄ ရက်က ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်တပ်စခန်းမှ ဆိုင်ကယ်ထွက်လာသည့် စစ်တပ်လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ဘောက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့သည်။
၆။ စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်
ဇူလိုင် ၁၄ ၊ Khit Thit Media
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးဖြစ်သည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် စဉ့်ကူးမြို့၌ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက်တာ၊ Mi35 တို့ဖြင့် လေကြောင်း ပစ်ကူများ ဆက်တိုက် ပစ်ခတ်နေသည့်ကြားမှ တော်လှန်ရေးတပ်ဖွဲ့များက စဉ့်ကူးမြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ် သည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ TNLA နှင့် SSPP ခေါင်းဆောင်များ ပန်ဆန်း၌တွေ့ဆုံ
ဇူလိုင် ၁၄ ၊ The Irrawaddy
နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့သည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ခေါင်းဆောင်များ ဇူလိုင် ၁၃ က “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်ပန်ဆန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံမှုတွင် TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက် ဘုန်း ဦးဆောင်ပြီး SSPP/SSA ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စပ်ခွန်စိုင်း ဦးဆောင်ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် နှစ်ဖက်ဆွေးနွေးမှု အသေးစိတ်အချက်အလက်များနှင့် ရလဒ်များအား သိရှိရခြင်း မရှိသေးပေ။
၈။ MNDAA က ဇူလိုင် ၁၈ ရက်နေ့အထိ လားရှိုးမြို့ကိုထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာ
ဇူလိုင် ၁၄ ၊ The Irrawaddy
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်( MNDAA)က ဇူလိုင်လ ၁၄ ရက်မှစတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့အထိ ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲထားရန် ကြေညာ ချက်ထုတ်ပြန်ထားသည်။ ဇွန်လ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)စတင်ခဲ့ပြီး MNDAA အနေဖြင့် ဇူလိုင်လ ၃ ရက်မှ စတင်ကာ လားရှိုးမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်ရပ်နားကြောင်း ကြေညာချက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးအား ဂုဏ်ပြုသောအားဖြင့် လေးရက် တာ ပစ်ခတ်မှုရပ်ဆိုင်းထားရန်၊ လက်ရှိ ရောက်ရှိနေသောနေရာတွင် ခံစစ်ပြင်ဆင်ထားရန်နှင့် တိုက်ခိုက်ခံရပါက တန်ပြန်ခုခံတိုက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
၉။ သံတွဲထောင်က နိုင်ကျဉ်းတချို့အပါအဝင် အကျဉ်းသား ခုနစ်ဆယ်ဝန်းကျင် လွတ်မြောက်
ဇူလိုင် ၁၄ ၊ RFA
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ အကျဉ်းထောင် ကနေ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အယောက် ခုနစ်ဆယ်နီးပါးကို စစ်ကောင်စီက လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ လွတ်လာသူတွေထဲမှာ AA နဲ့ ဆက်စပ်တဲ့လူတွေတော့ မပါဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။ "အကျဉ်းသားက ခုနစ်ဆယ်ဝန်းကျယ်လောက်လွှတ်လိုက်တယ်လို့ပြောတယ်၊ AA နဲ့ ဆက်စပ်တဲ့ ရခိုင်တွေတော့ မပါဘူး။ NLD ပါတီဝင်တွေလည်း လွှတ်ပေးတယ်လို့ ကြားတယ်၊ ပြီးတော့ ဆန္ဒပြတုန်းက ဖမ်းခံရတဲ့ မြို့က လူတွေလည်း ပါတယ်လို့ ပြောပါတယ်၊ တိတိကျကျတော့ ဘယ်နှစ်ယောက်လွှတ်ပေးတယ်ဆိုတာတော့ မသိဘူး၊ ထောင်ထဲမှာ ၆၀ ဝန်းကျင်လောက် ကျန်သေးတယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၀။ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချ
ဇူလိုင် ၁၄ ၊ Khit Thit Media
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်က စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချ သွားကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့ထံမှ သိရသည်။ ဇူလိုင် ၁၄ ရက်နေ့တွင် လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေတပ်မှ လေယာဉ်တချို့က လာရောက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများကျဲချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လောက်ကိုင်မြို့မှ ပြည်သူများ ထွက်ပြေးကြရကြောင်း၊ လတ်တလော ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး အတိ အကျ မသိရှိရသေးကြောင်း သိရှိရသည်။
၁၁။ မိုးကောင်းမြို့ NLD ပါတီဝင် ၂ ဦး၏ ဇနီး ၂ ဦးဖမ်းခံရ
ဇူလိုင် ၁၄ ၊ DVB
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ် (NLD) ပါတီဝင်တွေရဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက်မှာ ဖမ်းဆီးသွားခဲ့ပါတယ်။မန်ရွက်ကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးကျော်အုန်း ရဲ့ ဇနီးနဲ့ NLD ပါတီဝင် ဦးမျိုးမင်းသိမ်းရဲ့ ဇနီးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။ ဒေသခံတယောက်က “ညဘက် ၁၀ နာရီလောက်ကြီး ဖမ်းသွားတာ။ ရဲတွေရော စစ်တပ်တွေရော ရောက်လာပြီး ဖမ်းသွားတယ်။ NLD ရပ်ကျေးဥက္ကဋ္ဌရဲ့ ဇနီးရယ်၊ NLD ပါတီဝင်တဦးရဲ့ ဇနီးရယ်ကို ဖမ်းသွားတယ်” လို့ သိရတယ်။
+
Comentários