နေ့စဉ်သတင်းစုစည်းမှု
16-July-2024
တိုက်ပွဲသတင်း
၁။ ဗန်းမော်မှ မိုးမောက်ဘက်သို့ ချီတက်လာသော တင့်ကားများပါဝင်သည့် စစ်တပ်စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်ခဲ့
ဇူလိုင် ၁၆ ၊ Khit Thit Media
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်မှ မိုးမောက်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော တင့်ကားများ ပါဝင်သည့် စစ်တပ် စစ်ကြောင်းကို ဇူလိုင်လ ၁၅ ရက်နေ့တွင် KIA က ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ စစ်တပ်စစ်ကြောင်းသည် ဗန်းမော် မြို့နယ်ဘက်မှ မိုးမောက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီ မိုးမောက်မြို့နယ် ၇ မိုင်အနီးတွင် KIA က ကြား ဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ကာ ဇူလိုင်လ ၁၆ ရက်နေ့ထိ တိုက်ပွဲပြင်းထန်နေသည်။
၂။ အေလာလေဆိပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုအတွင်း စစ်တပ်က ၁၆ ဦးသေပြီး လေယာဉ် ၃ စီး ထိခိုက်ပျက်စီး
ဇူလိုင် ၁၆ ၊ PVTV / D Day News
နေပြည်တော်ရှိ အေလာလေဆိပ်ကို ဇူလိုင်လ ၁၆ ရက် တိုက်ခိုက်မှုအတွင်း စစ်တပ်က ၁၆ ဦးသေပြီး အနည်းဆုံးလေယာဉ် ၃ စီး ထိခိုက်ပျက် စီးသွားတယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံး ၅ လုံးက ရန်သူ့တပ်စခန်း ကို အောင်မြင်စွာနဲ့ ထိမှန်ပေါက်ကွဲခဲ့တာပါ။ အဆိုပါ တိုက်ခိုက်မှုကြောင့် အေလာလေတပ်စခန်းအတွင်း အဆောက်အဦး ၄ လုံးပြိုကျပျက်စီးပြီး လက်နက် ခဲယမ်းတိုက် ၁ လုံးမီးလောင် ပေါက်ကွဲခဲ့သလို၊ လေယာဥ်ပြုပြင်ရေးအပိုပစ္စည်း ဂိုဒေါင်ရုံ မီးလောင် ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၄ ဦး နဲ့ လေတပ်အခြားအဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၃။ မင်းလှတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေအိမ် ၃၀ ခန့်ကို မီးရှို့
ဇူလိုင် ၁၆ ၊ Mizzima
ဇူလိုင် ၁၅ ရက်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဆားချောင်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းတက်လာသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ပြီးနောက် စစ်တပ် မှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းတက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ တပ်အား သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂) တပ်ခွဲ (၂)၊ တပ်ခွဲ(၃)နှင့် တပ်ရင်း(၃၈၀၃)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၄။ လားရှိုးမြို့ ခမရ (၅၀၇) တပ်အနီး တိုက်ပွဲပြင်းထန်နေ
ဇူလိုင် ၁၆ ၊ RFA
ဇူလိုင်လ ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက်က စစ်ကောင်စီရဲ့ ခမရ (၅၀၇) တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဒီမနက်မှာ လားရှိုးမြို့အဝင် မုခ်ဦးအနီးက နတ်ရေကန် ဘုန်းကြီးကျောင်းနေရာအထိ MNDAA တပ်ဖွဲ့တွေ ရောက်လာပြီလို့ ဒေသခံတွေက ပြောပါ တယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လားရှိုးမြို့က တပ်တွေထံ စစ်အင်အား ထပ်ဖြည့်ထားတယ်လို့ သိရ ပါတယ်။
၅။ ဒီပဲယင်း စီးပွားရေးဘဏ်အနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံး
ဇူလိုင် ၁၆ ၊ Myanmar Pressphoto Agency
ဇူလိုင် ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ စီးပွားရေးဘဏ်အနီး ကင်းထွက်လာသည့် စစ်အုပ်စုဝင်များကို PDF တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးခဲ့သည်။ ဒီပဲယင်းမြို့၊ စီးပွားရေးဘဏ်အနီး ကင်းထွက်လာသည့် အင်အား ၁၀ ဦးပါ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် ကာဘိုင်သေနတ်နှစ်လက် သိမ်း ဆည်းရရှိခဲ့သည်။
၆။ မိုးမိတ်တွင် စစ်တပ်နှင့် TNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊သေနတ် ၁၂ လက် သိမ်းဆည်းရမိ
ဇူလိုင် ၁၆ ၊ Myanmar Pressphoto Agency
ဇူလိုင် ၁၆ ရက်တွင် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသောတပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သေနတ် ၁၂ လက် သိမ်းဆည်းရမိခဲ့သည်။ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းရွာအနီးတွင် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်၁၁လက်၊ ၆၀(မမ) တစ်လက်၊ခဲယမ်းများနှင့် စစ်အသုံးအဆောင်တို့ သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်တပ်က ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့သည်။
နောင်ချိုမြိုနယ်၊ ကန်ကြီးရွာနှင့် သရက်ကုန်းအနီးတဝိုက်တွင်လည်း ယနေ့ နံနက်ကိုးနာရီကျော်က ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ တနင်္သာရီမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
ဇူလိုင် ၁၆ ၊ RFA
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီရဲ့ အမှတ်-၃၀၆ အမြောက်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရှေ့မော်တုံးကျေးရွာအုပ်စု ကမ်းရိုးတန်း (၂) ရွာမှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်မီးငယ် သေဆုံးခဲ့သည်။
၈။ မိုးကုတ်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ
ဇူလိုင် ၁၆ ၊ RFA
ဇူလိုင် ၁၅ ရက်နေ့တွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းရှိ ပန်းမချယ်ရီရပ်ကွက်ကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားနှစ်ဦး သေဆုံးပြီး နောက်ထပ်လေးဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။ နောက်ထပ် အသက် လေးနှစ် အရွယ် ကလေးတစ်ဦးနဲ့ အသက်ခြောက်ဆယ်အရွယ် အဘွားတစ်ဦး၊ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
၉။ မတ္တရာမြို့ပေါ်ကို လက်နက်ကြီးကျလို့ ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံး
ဇူလိုင် ၁၆ ၊ RFA
မန္တလေးတိုင်း၊ မတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်ထဲကို ဇူလိုင်လ ၁၆ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ရပါတယ်။လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးတစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့တာပါ။
၁၀။ မော်လမြိုင်ကျွန်းတွင် စစ်မှုထမ်းရန် မလာသည့် လူငယ် ၂ ဦးကို စစ်တပ်က အဓမ္မဖမ်းဆီး
ဇူလိုင် ၁၆ ၊ DVB
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမှာ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲခေါ်သွားတယ်လို့ သိရပါတယ်။ စစ်မှုထမ်းဖို့ စာရင်းထဲပါတာကို ဆင့်ခေါ်မရလို့ဆိုကာ ကောင်စီတပ်က ဇူလိုင် ၁၄ ရက်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။
၁၁။ မိုးကုတ်တွင် လက်နက်ကြီးထိမှန်ပြီး ကိုရင် ၃ ပါး ပျံလွန်တော်မူ၊ အမျိုးသမီး ၁ ဦးသေဆုံး
ဇူလိုင် ၁၆ ၊ DVB
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဇူလိုင် ၁၄ ရက် တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် မစိုးရိမ်ကျောင်း တိုက်က ကိုရင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး စစ်တန်းရပ်ကွက်က အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းမြေ့သာယာနဲ့ ဗမွန်သုသာန်ကြားမှာ ဇူလိုင် ၁၄ ရက်က နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မြို့တွင်း စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တာပါ။
၁၂။ စစ်ကောင်စီက အသိမ်းခံထားရသည့် မောင်တောကညင်ချောင်းစီးပွားရေးဇုန်နှင့် စခန်းဟောင်းအချို့ကို ဗုံးကြဲ
ဇူလိုင် ၁၆ ၊ Narinjara
ရခိုင်ပြည်၊မောင်တော ကညင်ချောင်းစီးပွါးရေးဇုန်နှင့် စခန်းဟောင်းအချို့ အပါအဝင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရွှေဇားကျေးရွာအား စစ်ကောင်စီက လေယာဉ်များဖြင့် ညအချိန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ဇူလိုင် ၁၅ ရက်တွင် သုံးကြိမ်တိုင်တိုင် အဆိုပါ နေရာများကို ဗုံးကြဲချခဲ့သည်။
၁၃။ AA သိမ်းပိုက်ထားသည့် ငပလီ ဟိုတယ်ဇုန်ရှိ ဟိုတယ်များကို စစ်ကောင်စီက ဗုံးကြဲ ချသည့်အပြင် မီးရှို့၍ပါဖျက်ဆီးနေ
ဇူလိုင် ၁၆ ၊ Ayeayrwaddy Times
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ ဟိုတယ်ဇုန်ရှိ ဟိုတယ်များကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲချ ဖျက်ဆီးခဲ့ သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းများကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။ စစ်ကောင်စီသည် ငပလီမြို့၊ လင်းသာရပ်ကွက် နှင့် မြပြင်ရပ်ကွက်ရှိ ဟိုတယ်များကို ဇူလိုင် ၁၄ ရက်နေ့ မှ ဇူလိုင် ၁၅ ရက်နေ့အထိ ဗုံးကြဲချဖျက်ဆီးပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင် တချို့ကလည်း လင်းသာဦးဟိုတယ်ကို ဝင်ရောက် မီးရှို့သွားကြောင်း သိရသည်။
Comments