နေ့စဉ်သတင်းစုစည်းမှု
18-July-2024
တိုက်ပွဲသတင်း
၁။ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသည့် FAW ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး
ဇူလိုင် ၁၈ ၊ Khit Thit Media
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသည့် FAW ကား ၁ စီးကို ဇူလိုင်လ ၁၇ ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့သည်။ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပိုင်းရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် တိုင်တားကျေးရွာမှ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၄၀ နီးပါး ပါဝင်သော အဖြူရောင် FAW ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၂။ မိုးကုတ်တိုက်ပွဲအတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး
ဇူလိုင် ၁၈ ၊ The Irrawaddy
မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် ဇူလိုင် ၁၈ ရက်က တိုက်ပွဲပြင်းထန်နေရာ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ် သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။ မိုးကုတ်တွင် ကုန်းမြင့်သာယာ ရပ်ကွက်၊ တောင်ကချင်၊ပန်းမထိပ် ရပ်ကွက်၊ ညောင်လေးပင်ရပ်ကွက်၊ ပတ္တမြားစေတီအပေါ်ကုန်း၊ ချမ်းမြေ့သာယာ ရပ်ကွက်၊ ဗမွန် ရပ်ကွက်၊ စည်ပင်သာယာ ရပ်ကွက်၊မင်းတံတား ရပ်ကွက်၊ ဟပ္ဖလားရပ်ကွက်၊ ရေပူရပ်ကွက်၊ ညောင်သုံးပင် ရပ်ကွက်၊စစ်တန်းကုန်းရပ်ကွက် အစရှိ သည့် နေရာများ၌ တိုက်ပွဲဖြစ်ပွားနေသည်။တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကုန်းမြင့်သာယာ ရပ်ကွက်တွင် အမျိုးသား ၃ ဦး၊ မင်းတံတားရပ်ကွက်ရှိ အမျိုးသား ၂ ဦး၊ စည်ပင်သာယာရပ်ကွက်မှ အသက်ကြီးပိုင်း ၂ ဦး ၊ ရွှေပြည်ဟိန်း ကားဂိတ်၌ အမျိုးသားကြီး ၁ ဦး၊ ဖောင်တော်ဦးဘုရား အောက်ဈေးကြီး ရွှေတံတား လက်ဖက်ရည်ဆိုင်မှ အမျိုးသားတဦးတို့ သေဆုံးခဲ့ရသည်။
၃။ စဉ့်ကူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး၊သုံ့ပန်းအချို့ PDF ဖမ်းမိ
ဇူလိုင် ၁၈ ၊ Mizzima
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားပြီး ဖမ်းမိထားသည့်သုံ့ပန်းများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။
စဥ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူထားပြီး ကျန်စခန်းနှစ်ခုဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ထုံးကြီးစခန်းကို ဇူလိုင် ၁၇ ရက်နှင့် ဇူလိုင် ၁၈ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၄။ မတ္တရာမြို့ပေါ်နှင့် နှစ်မိုင်ခန့်သာဝေးသော နေရာတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်
ဇူလိုင် ၁၈ ၊ Myanmarpressphoto Agency
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်နှင့် နှစ်မိုင်ခန့်သာဝေးသော ကျောက်တံတားကျေးရွာအနီးတွင် MDY-PDFနှင့် စစ်ကောင်စီတို့ ဇူလိုင် ၁၈ ရက်၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့သည်။
၅။ မတ္တရာမြို့နယ်မှ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများ ကြားဖြတ် တိုက်ခိုက်မှု ၂ ဦး အရှင်မိပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ဇူလိုင် ၁၈ ၊ Khit Thit Media
ဇူလိုင် ၁၈ ရက်တွင် မတ္တရာမြို့နယ်အတွင်း MDY PDFနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းမှ ဆုတ်ခွာ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း နှင့် နယ်မြေခံ ပကဖ များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တပ်ကြပ် ၁ ဦး နှင့် တပ်သား ၁ ဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့ပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများ တပ်ပျက်၍ ထွက်ပြေးသွားကြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ MA -11 သေနတ် ၁ လက် ၊ G-3 သေနတ် ၁ လက် နှင့် BA-100 ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၁ ခု တို့ သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့သည်။
၆။ ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ
ဇူလိုင် ၁၈ ၊ Than Lwin Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းနဲ့ကျောက်ပုံကြီးကျေးရွာတို့မှာ ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲစစ်ကြောင်းထိုး လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
၇။ မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်၊ လက်နက်အချို့ရ
ဇူလိုင် ၁၈ ၊ People’s Spring
ဇူလိုင် ၁၈ တွင် လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင် စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်းနှင့် လက်နက်ခဲယမ်းအချို့တို့ကို သိမ်းပိုက်ရရှိခဲ့သည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၈။ ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် အလွဲသုံးစားမှုဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင် ညွှန်ကြားရေး မှူး ဒေါ်ကေသီကို စစ်ကောင်စီက ဖမ်းဆီး
ဇူလိုင် ၁၈ ၊ Khit Thit Media
အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဘဏ်ဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှ ငွေကျပ် သိန်း ပေါင်း လေးသောင်းကျော် အလွဲသုံးစားမှုဖြင့် အဆိုပါဘဏ်၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ဇူလိုင် ၁၂ ရက်နေ့တွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး MFTB က ပြည်တွင်းစီးပွားရေးကုမ္ပဏီတစ်ခုနှင့်ပူးပေါင်း၍ ငွေကျပ် သန်း ၄၀၀၀ ကျော်( သိန်းလေးသောင်းကျော်)နှင့်ညီမျှသော နိုင်ငံခြားငွေများကို အလွဲသုံးစားပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။ လက်ရှိတွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊ မြန်မာနှင့် နိုင်ငံတကာချိတ်ဆက်နေသော ကူးသန်းရောင်း၀ယ်မှုလုပ်ငန်းများအတွက် ငွေရေးကြေးရေး ဆိုင်ရာလုပ်ငန်းများ ကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ပိုင်ဘဏ်တစ်ခုအနေဖြင့် ဝန်ဆောင်မှုပေးနေသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရှိ ရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ မိုးကုတ်မြို့ပေါ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ကုန်းမြင့်သာယာရပ်ကွက်မှ အမျိုးသား ၃ ဦးသေဆုံး
ဇူလိုင် ၁၈ ၊ Khit Thit Media
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ကုန်းမြင့်သာယာရပ်ကွက်မှ အမျိုးသား ၃ ဦးသေဆုံးခဲ့ သည်။ ဇူလိုင် ၁၈ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ ကုန်းမြင့်သာယာရပ်ကွက်အတွင်း ကျရောက်ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။
၁၀။ မင်းတပ်တွင် ဗုံးကြဲခံရပြီး ထိခိုက် သေဆုံးမှုရှိ
ဇူလိုင် ၁၈ ၊ The Irrawaddy
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ် တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာတရွာအား ယမန်နေ့ည ၁၂ နာရီခန့်တွင် မကွေး လေတပ်မှတက်လာသော ဂျက်ဖိုက်တာတစင်း ဗုံးကြဲခဲ့ရာ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ကာ ဘုန်းကြီးကျောင်း တကျောင်းလည်း ပျက်စီးခဲ့သည်။
၁၁။ ကချင်သိက္ခာတော်ရ ဆရာတော်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး
ဇူလိုင် ၁၈ ၊ RFA
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာက ကချင်ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရဲ့ သိက္ခာတော်ရဆရာတော် မဒိန်ခေါဘောမ် (Rev. Mading Hkaw Bawm) ကို ရွာလမ်းဖျက်ဆီးနေတာကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးမှုနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇူလိုင်လ ၁၇ ရက်က ဖမ်းဆီးသွားခဲ့ပါသည်။
၁၂။ ဆောမြို့နယ်မှာ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ
ဇူလိုင် ၁၈ ၊ BBC
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြန်တောရွာထဲ ဇူလိုင်လ ၁၇ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ကျောက်ထုအမြောက်တပ် (အမတ - ၃၆၈) ကနေ ၁၂၀ မမ လက်နက်ကြီး တွေနဲ့ ၁၇ ချက် ပစ်ခတ်ခဲ့ပြီး ကြန်တောရွာက နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်မှာ ဦးခေါင်း ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
၁၃။ ပခုက္ကူမြို့၊ အောင်သာရွာတိုက်ပွဲမှာ ကျောင်းအုပ်အပါအဝင် ဒေသခံသုံးဦး သေဆုံး
ဇူလိုင် ၁၈ ၊ RFA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာမှာ ဇူလိုင်လ ၁၇ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး မူလတန်းကျောင်းအုပ်အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်။အောင်သာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ဆယ်ဦးခန့်နဲ့ လက်နက်တပ်ဆင်ပေးထား တဲ့ ပျူစောထီးအဖွဲ့ဝင် ငါးဆယ်လောက်ကို မြိုင်၊ ပေါက်နဲ့ ပခုက္ကူ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြား အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ အရပ်သားတွေ သေဆုံးခဲ့ရတာပါ။
၁၄။ ကျောက်မဲနှင့်လားရှိုးမြို့ပေါ်နေ ပြည်သူခြောက်ဦး စစ်တပ် ပစ်သည့် လက်နက်ကြီး ထိမှန် သေဆုံး
ဇူလိုင် ၁၈ ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်၊ကျောက်မဲမြို့နှင့် လားရှိုးမြို့တို့တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ပြည်သူခြောက်ဦး ပွဲချင်း ပြီး သေဆုံးခဲ့သည်။ ဇူလိုင် ၁၆ ရက်တွင်ကျောက်မဲမြို့၊ ခိုမုန်းသစ်စက်ဝင်းရှိ နေအိမ်ပေါ်သို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးပွဲချင်းပြီး သေဆုံး ခဲ့သည်။ လားရှိုးမြို့ ရပ်ကွက်တစ်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ ဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့သည်။
၁၅။ စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
ဇူလိုင် ၁၈ ၊ People's Spring
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို ဇူလိုင် ၁၇ ရက်တွင် စစ်ကောင်စီက လေကြောင်းမှပစ်ခတ်တိုက်ခိုက် ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်ပန်လှကျေးရွာအား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်စိုးအောင် ရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦးပြင်းထန်ဒဏ်ရာများရရှိသည်။
Comments