နေ့စဉ်သတင်းစုစည်းမှု
19-July-2024
တိုက်ပွဲသတင်း
၁။ သံတွဲမြို့နယ်၊ ငပလီမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ
ဇူလိုင် ၁၉ ၊ RFA
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီ၊ ဂျိတ္တောရပ်ကွက်နဲ့ ဟိုတယ်ဇုန်တွေအနီး ဇူလိုင် ၁၉ ရက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပါတယ်။ သံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပေမဲ့ စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်ကိုတော့ မသိမ်းယူနိုင်သေးပါဘူး။ စစ်ကောင်စီဟာ မောင်ရွှေလေးရေတပ်ကို ကာကွယ်ဖို့ စစ်အင်အားဖြည့်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
၂။ လားရှိုးမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် တိုက်ပွဲပြန်ပြင်းထန်နေ
ဇူလိုင် ၁၉ ၊ BBC
အပစ်ရပ်ထားတာ ၄ ရက်ကြာပြီးနောက် ဒီကနေ့ မနက်ပိုင်းကစပြီး ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်(MNDAA) တပ်တို့ တိုက်ပွဲတွေပြန်ပြင်းထန်နေပါတယ်။“လားရှိုးမုခ်ဦးဘေးက ကိုက် ၁၀၀ လောက်က တပ်ကို MNDAA က ထိုးစစ်ဆင်နေတာရှိတယ်။ နောက် ခမရ ၆၈ အေတီတံတားဘက်မှာလည်း တိုက်ပွဲပြင်းထန်တယ်။ ရပ်ကွက် (၅) ထဲကို လည်း လက်နက်ကြီးကျတာတွေ ရှိတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
၃။ စဥ့်ကူးမြို့နယ် ထုံးကြီးတိုက်နယ်ရဲစခန်းက စစ်သုံ့ပန်း ငါးဆယ်နီးပါးကို PDF တွေ ဖမ်းဆီး
ဇူလိုင် ၁၉ ၊ RFA
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ထုံးကြီးတိုက်နယ်ရဲစခန်းကို ဇူလိုင် ၁၈ ရက်မှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDYPDF) ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး စစ်သုံ့ပန်း ငါးဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပ.က.ဖအဖွဲ့က ပြောပါတယ်။ PDF ပူးပေါင်းအဖွဲ့တွေက ထုံးကြီးတိုက်နယ်ရဲစခန်းကို ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။
၄။ မန္တလေး Mytel ရုံးချုပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်၊ ပြည်သူ့စစ် နှစ်ဦးသေဆုံးဟုဆို
ဇူလိုင် ၁၉ ၊ Myanmar Pressphoto Agency
မန္တလေးမြို့၊ Mytel ရုံးချုပ်ကို ဇူလိုင် ၁၉ ရက်တွင် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်နှစ်ဦး သေဆုံးခဲ့သည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊၆၂ x ၃၈လမ်းရှိ လက်နက်ကိုင်ပြည်သူ့စစ်များ လုံခြုံရေးယူထားသည့် Mytel ရုံးချုပ်ကို အသေခံဒရုန်း(Suicide Drone) ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၅။ မန္တလေးမြစ်ဆိပ်တွင် မတ္တရာမှလာရောက်သူများအား စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ
ဇူလိုင် ၁၉ ၊ People's Spring
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ဧရာဝတီမြစ်ကမ်းနားလမ်းရှိ မရမ်းခြံဆိပ်ကမ်းတွင် စစ်ကောင်စီတပ်က စက်လှေများ၊ မော်တော်များအား စစ်ဆေးနေကြောင်း၊ ဇူလိုင် ၁၈ ရက်က မတ္တရာမြို့နယ်၊ဒေါင်းကျွန်း ကျေးရွာမှ လာရောက်သည့် ရေယာဥ်တစ်စီးပေါ်မှ (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖုန်းအားစစ်ဆေးရာ PDFနှင့် ဆက်သွယ်သည်ဟု စွပ်စွဲ၍ စစ်တပ်မှ ဖမ်းဆီးခဲ့သည်။
၆။ သန္နီမြို့၊ မြို့မစျေးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အရပ်သား ပြည်သူ ၂၀ ဦးထက် မနည်း သေဆုံး
ဇူလိုင် ၁၉ ၊ Khit Thit Media / The Irrawaddy
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သန္နီမြို့၊ မြို့မစျေးကို ဇူလိုင် ၁၈ ရက်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ မြို့မဈေးကို ဦးတည်၍ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ရာ စျေးဆိုင်ခန်းများနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်။
https://www.facebook.com/story.php?story_fbid=845586497668958&id=100066528465996&mibextid=qi2Om g&rdid=YAQhKgNwGYOCGap3
၇။ မင်းတပ်တွင် စစ်ရှောင်ပြည်သူများရှိရာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
ဇူလိုင် ၁၉ ၊ People's Spring
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၁၉ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က အသိပေးသည်။ မင်းတပ်မြို့အနောက်ဘက် တစ်နေရာကို စစ်ကောင်စီ က ဇူလိုင် ၁၉ ရက်တွင် တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများနှင့် ဗုံးသီးများ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင် ၁၈ ရက်ကလည်း Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသ သတင်း ရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားဖော်ပြသည်။
၈။ မိုးကုတ်မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁၁ ဦး သေဆုံး
ဇူလိုင် ၁၉ ၊ RFA
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ လက်နက်ကြီးတွေကြောင့် ဇူလိုင် ၁၈ ရက်နေ့ တစ်ရက်တည်းမှာ အရပ်သား ၁၁ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း ဖောင်တော်ဦးဈေးအနီး နှစ်ဦး၊ ကုန်းမြင့်သာယာမှာ သုံးဦး၊ ရေပူမှာ တစ်ဦး၊ မင်းတံတားရပ်ကွက်မှာ နှစ်ဦး၊ စည်ပင်သာယာရပ်ကွက်မှာ နှစ်ဦးနဲ့ ရွှေပြည်ဟိန်းကားဂိတ်အနီးမှာ တစ်ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပါပြီး နောက်ထပ် ၁၇ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
၉။ မင်းကင်းတွင် အရပ်သား ၆ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
ဇူလိုင် ၁၉ ၊ Mizzima
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာက အရပ်သား ၆ ဦးကို ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်သတ်ဖြတ်ခဲ့ပါတယ်။ အသတ်ခံရတဲ့ အရပ်သားတွေက ဦးဝင်းဆွေ အသက် ၅၀ နှစ်၊ ဦးတင်ဝင်း အသက် ၆၀ နှစ်၊ ကိုချစ်ကို အသက် ၃၈ နှစ်၊ မလှလေးနွယ် အသက် ၃၈ နှစ်၊ မမျိုးမျိုးဝင်း အသက် ၃၈ နှစ်နဲ့ ကိုတူးနိုင် အသက် ၃၉ နှစ်တို့ ဖြစ်ပါတယ်။
၁၀။ စစ်ကောင်စီက စစ်တွေမင်းဂံရပ်ကွက်ကို ညအချိန်ဝင်ရောက်စီးနင်းပြီး ပြည်သူ ရာနဲ့ချီ ဖမ်းဆီး
ဇူလိုင် ၁၉ ၊ Narinjara
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကယ်ဆယ်ရေးအကွက်(၁၁)ကို စစ်ကောင်စီ တပ်က ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက် က ဝင်ရောက်စီးနင်းကာ ပြည်သူရာနဲ့ ချီပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ ကျောင်းသားလူငယ်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ဖမ်းဆီးခံရသူ အရေအတွက်က စုစုပေါင်းအယောက် ၁၀၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
၁၁။ ကော့သောင်းတွင် စစ်တပ်က ပြည်သူ့နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး
ဇူလိုင် ၁၉ ၊ DVB
ဇူလိုင် ၁၅ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မလိဝမ်းဒေသ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်တဲ့အပြင် ကျေးရွာထဲ စစ်ကြောင်းထိုးကာ အရပ်သားပြည်သူနေအိမ် ၁၅ လုံး ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ခလရ ၂၆၂ တပ်က ဦးစီးပြီး ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်က ဇူလိုင် ၁၅ ရက်က ခမောက်ငယ်ရွာအုပ်စုရှိ ရွာသစ်ရွာထဲကို စစ်ကြောင်းထိုးလာပြီး ရွာထဲက အရပ်သားပြည်သူနေအိမ် ၁၅ လုံးခန့်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ ပါတယ်။
၁၂။ သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ပြည်သူ ၇ ဦး သေဆုံး
ဇူလိုင် ၁၉ ၊ People's Spring
ဇူလိုင် ၁၈ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ဦး သေဆုံးခဲ့သည်။ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင် စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ၇ ဦးသေဆုံးခဲ့သည်။
၁၃။ ကျိုက်မရောမြို့နယ်ရွာနှစ်ရွာကိုစစ်ကောင်စီလေကြောင်းမှဗုံးကြဲ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်းသေဆုံး
ဇူလိုင် ၁၉ ၊ People's Spring
ဇူလိုင် ၁၉ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နှစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် သဖြင့် ဒေသခံပြည်သူ ၁၅ ဦး ထက်မနည်းသေဆုံးခဲ့သည်။ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းကျေးရွာ နှင့် ငပုအင်းရွာသစ် ဘုန်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးလေးလုံးကြဲခဲ့ခြင်းဖြစ်သည်။ထို့အပြင် လွှစင်ကုန်းကျေးရွာလမ်းဆုံကို လည်း ဗုံးကြဲတိုက်ခိုက်သွားရာ အရပ်သားနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။
၁၄။ ပုသိမ်တွင် ဒေသခံအမျိုးသမီးတစ်ဦးက PDF ထောက်ပို့ပစ္စည်းများ လက်ခံသည်ဟုဆိုကာ ဖမ်းဆီး၍ ဂိုဒေါင်ကိုပါ ချိတ်ပိတ်
ဇူလိုင် ၁၉ ၊ Ayeyarwaddy Times
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တောင်တန်းကုန်းကျေးရွာတွင် ဒေသခံအမျိုးသမီးတစ်ဦးက တော်လှန်ရေးအဖွဲ့ထောက်ပို့ပစ္စည်းများ လက်ခံထားသည်ဟုဆိုကာ ဇူလိုင် ၁၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးခဲ့သည်။ တောင်တန်းကုန်းကျေးရွာမှ အသက် ၄၀ နှစ်အရွယ်ရှိ ဒေသခံဒေါ်စန်းစန်းဦးဆိုသူအား တော်လှန်ရေးအဖွဲ့ထောက်ပို့ပစ္စည်းများ လက်ခံထားသည်ဟုအကြောင်းပြ၍ စစ်ကောင်စီတပ်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှ နေအိမ်သို့လာရောက်ကာ ရိုက်နှက်ဖမ်းဆီးပြီး ပုသိမ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
Comentarios