နေ့စဉ်သတင်းစုစည်းမှု
21-July-2024
တိုက်ပွဲသတင်း
၁။ ညောင်ရွှေမြို့နယ်တိုက်ပွဲ စစ်ကောင်စီ ၂၀ ကျော်သေဆုံးပြီး တော်လှန်ရေးတပ်ပေါင်းစုက ၄ ဦးကျဆုံး
ဇူလိုင် ၂၁ ၊ MeKong News
ဇူလိုင်လ ၁၉ ရက်က ရှမ်းပြည်တောင်ပိုင်း၊ အင်လေးဒေသ၊ ညောင်ရွှေမြို့နယ် စံကားကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNA ၂၀ ကျော် သေဆုံးပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်ကလည်း ၄ ဦး ကျဆုံးခဲ့ပါတယ်။ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာ အုပ်စု၊ ဟူးရန်းရွာနဲ့ဆည်ခေါင်းရွာမှာ စစ်ကောင်စီ၊ PNA တို့နဲ့ တော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီနဲ့ PNA ၂၀ ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်က ပျားစစ်ကြောင်းက ၂ ယောက်နဲ့ဖယ်ခုံ ၁၀၀၆ PDF က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။
၂။ ယာယီအပစ်ရပ် ကြေညာထားသော လားရှိုး တိုက်ပွဲ ပြင်းထန်
ဇူလိုင် ၂၁ ၊ The Irrawaddy
တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ဇူလိုင်လကုန်အထိ ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ကြေညာထားသော လားရှိုး မြို့၊ရပ်ကွက် ၅ ရှိ ၅၀၇ တပ်စခန်းအနီးတဝိုက်တွင် ဇူလိုင် ၂၁ ရက်၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လေကြောင်း အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
၃။ ချောက်မြို့နယ်၊ ဆူးတောရွာအတွင်း ဝင်ရောက်နေရာယူသည့် စစ်သားများကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၁ ဦးသေဆုံး
ဇူလိုင် ၂၁ ၊ D Day News
ဇူလိုင် ၂၀ ရက်တွင် ချောက်မြို့နယ်၊ မြေပဒုံအုပ်စု၊ ဆူးတောကျေးရွာအတွင်း အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက် နေရာယူ တပ်စွဲထားသည့် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်က အရာရှိ ၁ ဦးနှင့် တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ သည်။
၄။ ဆိတ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
ဇူလိုင် ၂၁ ၊ D Day News
ဇူလိုင်လ ၁၆ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော စစ်ကောင်စီတပ်သား ၂၀ ဦးခန့်ပါ လိုက်ပါ လာသည့် ကားတစ်စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်း ဆိပ်ဖြူမြို့အနီး တစ်နေရာအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၅။ စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ ဦးအား မိုးကုတ် ဗျူဟာ ဖမ်းမိ
ဇူလိုင် ၂၁ ၊ People's Spring
စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အခြားအဆင့်များ၊ တပ်သား များနှင့် ပျူစောထီးများ စုစုပေါင်း ၂၈ ဦးအား မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက ဖမ်းဆီးရမိခဲ့သည်။ ဇူလိုင် ၁၈ ရက် က စစ်ကောင်စီဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ဗိုလ်ကြီး လေးဦး၊ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ဒုတပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် နှစ်ဦး၊တပ်သား ကိုးဦး၊ လက်ပံလှနှင့် စဥ့်ကူးတို့မှ စခန်းမှူး နှစ်ဦး၊ ရေတော်ပျူခေါင်းဆောင် ငနိုင်၊ ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်းလင်း စသည့် ပျူခေါင်းဆောင်များနှင့် ပျူစောထီးများ ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂) တပ်ရင်းက အသိပေးသည်။ ဖမ်းဆီးရမိသူများမှာ ခမရ(၇၀၃)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ(၇၀၈)တပ်စုမှူး ဗိုလ်ကြီး ထက် ကျော်၊ ခမရ (၇၀၈)မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ(၉၃)မှ ဗိုလ်ကြီး အေးကို၊ ခမရ (၇၀၈)၏တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊ လက်ပန်လှ နယ်မြေရဲစခန်းမှ ရဲမှူးကျော်မြင့်ဦး ၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဒုရဲမှူးရွှေသိမ်းမောင် တို့ဖြစ်သည်။
၆။ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို သိမ်းပိုက်မှု စစ်သား ၈ ဦး သေဆုံးပြီး ၈ ဦး အရှင် ဖမ်းမိကာ လက်နက် ၂၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
ဇူလိုင် ၂၁ ၊ D Day News
ဇူလိုင် ၂၀ ရက်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အင်းနက်ကျေးရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်မှ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦးသေဆုံး ကာ ဒုအရာခံဗိုလ် ရွှေသိန်း၊ တပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၃ ဦးတို့ကို အရှင် ဖမ်းဆီးရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်း ဖြင့် ၂ ကြိမ် ပစ်ကူတိုက်ခိုက်ခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ သရက်ချောင်းမှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံး
ဇူလိုင် ၂၁ ၊ RFA
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာမှာ ဇူလိုင် ၂၀ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ပါတယ်။ အသက် ၆၀ အရွယ် ညောင်ဇင် ရွာခံ ဦးမျိုးလွင် သေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲတွေမရှိဘဲ လူနေရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါ တယ်။
၈။ စဥ့်ကူးကျေးရွာအချို့ကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၊ နေအိမ်များ ပျက်စီးမှုရှိ
ဇူလိုင် ၂၁ ၊ Myanmar Pressphoto Agency
PDF များသိမ်းပိုက်ထားသည့် စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ် နေခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)က သတင်းထုတ်ပြန် သည်။ ဇူလိုင် ၂၀ ရက်တွင် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အခြေစိုက် ခမရ၁၂ မှပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနှင့် ရုံးပင်ကုန်းရွာအနီး ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။
၉။ ရခိုင်မှ စစ်ရှောင်လာသည့် ရိုဟင်ဂျာ ၃၅ ဦး ပန်းတောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရ
ဇူလိုင် ၂၁ ၊ DVB
ရခိုင်ကနေ စစ်ရှောင်လာတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ တယ်ပင်ကျိုး စစ်ကောင်စီစစ်ဆေးရေး ဂိတ်က ဇူလိုင် ၁၉ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပန်းတောင်းမြို့ ပန်းတောင်း-ကံမကားလမ်းမှာ စစ်ကောင်စီတပ်က လူအများ တင်ဆောင်လာတဲ့ ယာဥ်တစီးကို စစ်ဆေးရာမှ ရိုဟင်ဂျာတွေကို ဖမ်းမိခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ပန်းတောင်းနယ်မြေရဲစခန်းနဲ့ ပြည်မြို့မရဲစခန်းမှာ လဝကနဲ့ရဲ ပူးပေါင်းကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
၁၀။ မိုးမောက်တွင် စစ်တပ် ဗုံးကြဲသဖြင့် နေအိမ်များ မီးလောင်
ဇူလိုင် ၂၁ ၊ DVB
ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးက ၇ မိုင် ကျေးရွာပတ်ဝန်းကျင်နဲ့ မိုးမောက် မံပုံကျေးရွာ ပတ်ဝန်းကို ဇူလိုင် ၁၉ ရက် မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတဦးက ပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမောက်မြို့ ပတ်ဝန်းကျင် ၂ နေရာမှာ မီးလောင်ကျွမ်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
Comments