နေ့စဉ်သတင်းစုစည်းမှု
24-July-2024
တိုက်ပွဲသတင်း
၁။ လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေ
ဇူလိုင် ၂၄ ၊ Myanmar Pressphoto Agency
ဇူလိုင် ၂၄ ရက်၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၇၊ ရပ်ကွက် ၆ ၊ ရပ်ကွက် ၅၊ ရပ်ကွက် ၄ နှင့်ရပ်ကွက် ၁ တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
၂။ ရေနံချောင်းတွင် PDF သတင်းစုံစမ်းနေသည့် တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရ
ဇူလိုင် ၂၄ ၊ People's Spring
ဇူလိုင် ၂၀ ရက်က မကွေးတိုင်း၊ ရေနံချောင်းမြို့အခြေစိုက် ခလရ(၇၇ )မှ တပ်ကြပ်ဖိုးလင်းဆိုသူအား ရေနံချောင်းမြို့နယ် တနေရာတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးပြီး PDF သတင်းများကို ထောက်လှမ်းနေ၍ ကာကွယ်ရေးအဖွဲ့တွေသွားရောက် ဖမ်းဆီးခဲ့ရာမှာ ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့သည်။
၃။ လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေ
ဇူလိုင် ၂၄ ၊ The Irrawaddy
ဇူလိုင် ၂၃ ရက်နှင့် ဇူလိုင် ၂၄ ရက်တွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် မိုင်းလုံး၊ ပန်ကန်း၊ ဒေါဥခူနှင့် ထေးငှါလျား ရပ်ကွက်နှင့် GTC ကျောင်း၌ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကောင်စီက နေအိမ်များကို မီးရှို့ခဲ့သည်။
၄။ ချောင်းဦးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ နေအိမ်များမီးလောင်
ဇူလိုင် ၂၄ ၊ People's Spring
ဇူလိုင် ၂၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ကံကြီးကုန်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ် လေးလုံးထက် မနည်း မီးလောင်ပျက်စီးခဲ့သည်။
၅။ ရေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်၊ ရန်သူစစ်သား တစ်ဦးသေဆုံး
ဇူလိုင် ၂၄ ၊ PVTV
မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ မော့ကနင်ရွာသစ်ရွာဦး စေတီမှာ တပ်စွဲနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ ဇူလိုင် ၂၃ ရက်က တိုက်ပွဲဖြစ်ခဲ့ရာ ရန်သူစစ်သား တစ်ဦး သေဆုံးခဲ့သည်။
၆။ ရေဖြူမြို့မှာ အကြမ်းဖက်စစ်သားတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်၊ ရန်သူ ၄ ဦးသေပြီး သေနတ် ၄ လက်ရရှိ
ဇူလိုင် ၂၄ ၊ DVB
ဇူလိုင် ၂၂ ရက်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်မှာ အကြမ်းဖက်စစ်သားများစီးနင်လာတဲ့ကားအား PDF ပူးပေါင်း အဖွဲ့က ပြောက်ကျားနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ လေးဦးသေကာ တစ်ဦး လွတ်မြောက် သွားပြီး သေနတ် လေးလက် သိမ်းဆည်းရခဲ့ပါသည်။
၇။ မုံရွေးတိုးဂိတ်နားမှာ ညအိပ်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို PDF က မိုင်းဆွဲ တိုက်ခိုက်မှု ရန်သူ့တပ်သား ၂ ဦး သေဆုံး
ဇူလိုင် ၂၄ ၊ PVTV
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မြပုလဲစစ်ကောင်စီဂိတ်မှ ထွက်လာပြီး မုံရွေးတိုးဂိတ်နားမှာ ညအိပ်တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဇူလိုင် ၂၃ မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့သည်။
၈။ စစ်ကောင်စီဘက်မှ အလောင်း ၅၀ ကျော်နှင့် သုံ့ပန်း ၄၀ TNLA ဖမ်းမိ
ဇူလိုင် ၂၄ ၊ The Irrawaddy
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တို့တွင် ဇူလိုင် ၂၀ မှ ၂၃ ရက်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲများ၌ တပ်ဖွဲ့ဝင် ရုပ်အလောင်း ၅၄ လောင်း နှင့် စစ်သုံ့ပန်း ၄၀ ဦးပါ ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ဇူလိုင် ၂၃ တွင် သတင်းထုတ်ပြန်သည်။
၉။ မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
ဇူလိုင် ၂၄ ၊ The Irrawaddy
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ကျန်ရှိသည့် စစ်တပ်ဗျူဟာကုန်းနှင့် စခန်းတချို့အား ဇူလိုင် ၂၄ ရက်တွင်တိုက်ခိုက်ပြီးနောက် မိုးကုတ်မြို့ကို ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့ မှ သိမ်းပိုက်နိုင်ခဲ့သည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၁၀။ တိုက်ပွဲများ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် MNDAA ကို Asia World ကုမ္ပဏီ စာထုတ်
ဇူလိုင် ၂၄ ၊ The Irrawaddy
လားရှိုးမြို့ တိုက်ပွဲများနှင့်ပတ်သက်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) အပါအဝင် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး စစ်တပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် Asia World ကုမ္ပဏီလိမိတက်က တရုတ်ဘာသာဖြင့် ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။
ထုတ်ပြန်ချက်တွင် လက်ရှိစစ်ပွဲများသည် လူမှုရေးကိစ္စများကို ဆိုးရွားစွာပျက်စီးစေရုံသာမက အပြစ်မဲ့ ပြည်သူများအတွက် ကြီးမားသော ဒုက္ခရောက်စေသောကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသော အလွှာ ပေါင်းစုံမှ ပြည်သူများကိုယ်စား အပစ်ရပ်ကြရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်ဟု ဖော်ပြထားသည်။
၁၁။ အာဏာသိမ်းမှုထောက်ခံတဲ့ ပြည်သူ့အင်အားပါတီကို စစ်ကောင်စီ မှတ်ပုံတင်ခွင့်မပေး
ဇူလိုင် ၂၄ ၊ Than Lwin Times
ပါတီဆက်လက်တည်ထောင်ခွင့်အတွက် မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပြည်သူ့အင်အားပါတီကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင် ၂၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့အင်အားပါတီဟာ စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီမှတ်ပုံတင် ခွင့်လျှောက်ထားတဲ့အပေါ် ပုဒ်မ ၆ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့်လို့ UEC က အကြောင်းပြပါတယ်။
ပုဒ်မ ၆ ပြဌာန်းချက်အရ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ ရေးသားလှုံ့ဆော်မှုတွေ မပြုရဆိုတဲ့ အချက် ၆ ချက် ပါဝင်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၂။ မင်းကွန်းနဲ့ ရှားရောင်းရွာမှာ နေအိမ် သုံးဆယ်ကျော် မီးရှို့ခံရပြီး လူ၂၀ ခန့် ဖမ်းဆီးခံ
ဇူလိုင် ၂၄ ၊ RFA / The Irrawaddy
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းရွာနဲ့ ရှားရောင်းရွာကို ဇူလိုင် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သား တွေ စီးနင်းပြီးနောက် နေအိမ် သုံးဆယ်ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၂၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရပါသည်။
၁၃။ စလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး အပါအဝင် လူ ၅ ဦး သေဆုံး
ဇူလိုင် ၂၄ ၊ Than Lwin Times
ဇူလိုင် ၂၃ ရက်မှာ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ငလှိုင်တွင်းရွာကို လေကြောင်းကနေ သုံးကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် လူ၅ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
၁၄။ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၊ အရပ်သား ထိခိုက်သေဆုံး
ဇူလိုင် ၂၄ ၊ People's Spring
ဇူလိုင် ၂၄ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးနှင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာအတွင်းကျရောက်ပေါက်ကွဲရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
၁၅။ ကျိုက်ထို၌ လက်နက်ကြီးမှန်ပြီး ပြည်သူ ၆ ဦး သေဆုံး
ဇူလိုင် ၂၄ ၊ DVB
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးကျေးရွာအနီးမှာ ဇူလိုင် ၂၃ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမှတ် ၃၁၀ အမြောက်တပ်ကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
Comments