နေ့စဉ်သတင်းစုစည်းမှု -၂၀၂၄ ခုနှစ် ဇူလှိုင် ၂ ရက်
- Myo Yan Naung Thein
- Jul 2, 2024
- 4 min read
နေ့စဉ်သတင်းစုစည်းမှု
02-July-2024
တိုက်ပွဲသတင်း
၁။ မန္တလေး - မိုးကုတ်ကားလမ်းမှာ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ
ဇူလိုင် ၂ ၊ BBC
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက မန္တလေး-မိုးကုတ် ကားလမ်းမှာ မနေ့ ဇူလိုင် ၁ ရက်ကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။ စဉ့်ကူးမြို့နယ်က မန္တလေးမြို့နဲ့ ကပ်လျက် မတ္တရာမြို့မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲစတင်တဲ့ ဇွန် ၂၅ ရက်ကနေ ၈ ရက်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ထားတယ်လို့ ဒီကနေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
၂။ မတ္တရာမှာ တပ်စခန်းရှစ်ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ပြော
ဇူလိုင် ၂ ၊ RFA
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အဖြစ်ဆင်နွှဲနေတဲ့ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်းပေါင်း ရှစ်ခုကိုသိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော်ကိုလည်း ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်အတွင်းက အမှတ်-၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်၊ မြေနီတောင် တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၆၄ ဦးနဲ့ တပ်မိသားစုဝင် ၁၁၇ ဦးခန့် ဖမ်းဆီးရမိပြီး ကောင်းမွန်စွာ ထိန်းသိမ်း ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF က ပြောပါတယ်။ မတ္တရာမြို့နယ်ထဲမှာ မန္တလေး PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၃။ သပိတ်ကျင်း ရွှေတွင်းများအနီးရှိ ရဲစခန်းမကျအောင် စစ်တပ် အပြင်းအထန် ခုခံနေ
ဇူလိုင် ၂ ၊ Myanmar Pressphoto Agency
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းဝန်းကျင်ရှိ ရွှေတွင်းများမှ ဆက်ကြေးရနေသဖြင့် စခန်းမကျအောင် စစ်ကောင်စီ တပ်က အပြင်းအထန်ခုခံနေကြောင်း သိရသည်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ ရဲစခန်းကို PDF တို့က တိုက်ခိုက်လျက်ရှိရာ ယနေ့(ဇူလိုင် ၂ ရက်)တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေငါးနာရီခွဲခန့်မှသာ သေနတ်သံများ တိတ်သွားကြောင်း ချောင်းကြီးရွာအနီးနေ ဒေသခံတစ်ဦးက ပြောသည်။ "အပြန်အလှန်ပစ်၊မပစ်ကတော့ အသံတွေ မခွဲ တတ်လို့ မသိဘူး။ ရဲစခန်းက တောင်ကုန်းပေါ်မှာ ရှိတာ။ ဒါကြောင့်လည်း PDF က သိမ်းဖို့ခက်နေတာဖြစ်မယ်။ အသံတွေ ကတော့ ညနေ ငါးနာရီခွဲလောက်ကစပြီး ငြိမ်သွားပြီ" ဟု ယနေ့ ညနေ ခြောက်နာရီခန့်တွင် ၎င်းက MPA သို့ ပြောသည်။
ယင်းရဲစခန်းတွင် စစ်သားနှင့်ရဲ စုစုပေါင်းအင်အား ၂၀၀ ခန့်ရှိပြီး ရွာဝန်းကျင်၌ ရွှေတွင်းများ ရှိကြောင်း သိရသည်။
၄။ စဉ့်ကူး၊ နွယ်ရုံရဲစခန်းကို PDF သိမ်းပိုက်ပြီးနောက် တိုက်ပွဲဆက်လက် ပြင်းထန်နေ
ဇူလိုင် ၂ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်တစ်ရက်၊ နံနက်ခြောက်နာရီခန့်တွင် နွယ်ရုံရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွဲပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နွယ်ရုံရွာအနီးနေ ဒေသခံတစ်ဦးထံက သိရသည်။ "မနေ့က နွယ်ရုံကို PDF တွေ သိမ်းထား နိုင်ပြီလို့ ကြားတယ်။ အဲဒီလို ကြားပြီး သိပ်မကြာဘူး။ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ တက်လာပြီး ပစ်သွားသေးတာ။ စစ်ကူပစ်ပေးတာနဲ့ တူပါတယ်။ စခန်းသိမ်းခံရလို့။ ဒီမနက်လည်း တိုက်ပွဲကအပြင်းအထန်ပဲ။ ဘယ်ဘက်မှ အလျှော့မပေး ကြသေးဘူး" ဟု ၎င်းက MPA သို့ပြောသည်။ယနေ့ (ဇူလိုင် ၂ ရက်) တွင်လည်း တစ်နေကုန်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း သိရသည်။
၅။ နောင်ချိုမြို့တွင် သိမ်းပိုက်ခံရသည့်တပ်ရင်းများမှ စစ်သားများသွားရောက်ပူးပေါင်းထားသည့် အမှတ် ၆၀၆ ဒုံးတပ်ရင်း တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်နေ
ဇူလိုင် ၂ ၊ D Day News
ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တအာင်းပြည် တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ ဒုံးတပ်ရင်းသို့ ဘန့်ဘွေးရွာမှ စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၁၆ လုံး ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်သား ၅၀ ဦးကိုလည်း ပြန်ဖြည့်တင်းမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းစစ်ကောင်စီ ဒုံးတပ်ရင်းတွင် စကခ ၁ လက်အောက်ခံ ခမရ ၁၁၄ ၊ ခမရ ၁၁၅ နှင့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၁ ၊ ခမရ ၃၀၃ ၊ ခမရ ၃၀၆ တို့မှ တပ်သားများ ပူးပေါင်းထား ကြောင်း၊ ခမရ ၁၁၄ နှင့် ၁၁၅ တပ်စခန်းများ တအာင်းတပ်မတော်မှ သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့ဝင် အချို့ မှာ အဆိုပါအမှတ် ၆၀၆ ဒုံးတပ်သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက်နေ့က နောင်ချိုမြို့ အမှတ် ၆၀၆ ဒုံးတပ်တိုက်ပွဲနေရာကို အကြမ်းဖက် စစ်ကောင်စီမှ Jet Fighter ၅ စီး၊ MI-35 ၂ စီး၊ Y-12 ၁ စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် Y-12 ၁ စီးဖြင့် လက်နက် ခဲယမ်းများ လာရောက်ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။ အလားတူ ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီခန့်တွင် တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ် စခန်းတို့ကို တအာင်းတပ်မတော်မှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ AYA၊ UAB၊ ရိုးမ အပါ ၇ ဘဏ် အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
ဇူလိုင် ၂ ၊ The Irrawaddy
စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်သောင်းသားများ ပိုင်ဆိုင်သော ယူနိုက်တက်အမရာဘဏ် (UAB) နှင့် ဦးဇော်ဇော်၏ ဧရာဝတီ ဘဏ်၊ ရိုးမဘဏ်အပါအဝင် ဘဏ် ၇ ခုမှ တာဝန်ရှိသူများအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မဖြင့် အရေးယူ မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာသည်။ အဆိုပါ ဘဏ်များအပြင် မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာ မက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့လည်း ပါဝင်သည်။ ထိုဘဏ် ၇ ခုသည် ဗဟိုဘဏ်သတ်မှတ်ချက်များကို ကျော်လွန်ကာ အိမ်ရာချေးငွေ ထုတ်ချေးထားသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအား ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့ သော ဗဟိုဘဏ်တာဝန်ရှိသူများကိုလည်း အရေးယူသွားမည်ဟု ဆိုထားသည်။ ရိုးမဘဏ်မှာ ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ၁၁ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ မြန်မာနိုင်ငံသားများဘဏ်မှာ ၈ ဒသမ ၉၄ ရာ ခိုင်နှုန်း၊ AYA မှာ ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှာ ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ UAB မှာ ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုမှာ ၀ ဒသမ ၃၉၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့် ကျော်လွန်ထုတ်ချေးထားကြကြောင်း ဖော်ပြထားသည်။
ထိုအရေးယူမည့်ဘဏ်စာရင်းတွင် ဦးအောင်ကိုဝင်း၏ ကမ္ဘောဇ (KBZ) ဘဏ်နှင့် ဦးခင်မောင်အေး ပိုင်ဆိုင်သော CB ဘဏ် တို့ မပါဝင်ပေ။
၇။ ရခိုင် ANP ပါတီ မှတ်ပုံတင်ခွင့် စစ်ကောင်စီငြင်းပယ်၊ နိုင်ငံရေးလမ်းကြောင်းက သွေဖည်သွားပုံရောက်ဟု ANP ဝေဖန်
ဇူလိုင် ၂ ၊ Mizzima
ရခိုင်အင်အားကြီးပါတီတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၏ မှတ်ပုံတင်လျှောက်ထားချက်အပေါ် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC ) က ငြင်းပယ်လိုက်ကြောင်း ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ANP ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၇) ပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည့်အတွက် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ရခိုင်အမျိုးသားပါတီ (ANP) သည် စစ်ကောင်စီက အသစ်ပြဌာန်းခဲ့သည့် ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီ ဆက်လက်တည်ထောင် မှတ်ပုံတင်ပေးရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တနှစ် ကျော်အကြာတွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။အဆိုပါ ပါတီမှတ်ပုံတင်ဥပဒေပုဒ်မ (၇) တွင် ပုဒ်မခွဲ ငါးခု ရှိပြီး ထိုအထဲတွင် နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့်အဖွဲ့အစည်း (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ် ကျူးလွန် သည်ဟု နိုင်ငံတော်က သတ်မှတ်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ်ကြေညာခြင်း ခံရ သောအဖွဲ့အစည်း (သို့မဟုတ်) ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်၊ အားပေး ကူညီသည့်အဖွဲ့အစည်းနှင့် နိုင်ငံခြားတိုင်းပြည်တခုခုမှ အထောက်အပံ့ရယူသုံးစွဲခြင်း (သို့မဟုတ်) ဩဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းများ လျှောက်ထားခွင့်မရှိစေရ ဟူသည့် အချက်များလည်း ပါဝင်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိသကဲ့သို့ ပါတီကိုလည်း ငြင်းပယ်ရသည့် အကြောင်းအရင်းအပေါ် တစုံတရာ အသိပေး လာခြင်းမရှိဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။ ထို့ပြင် ယခုကဲ့သို့ ငြင်းပယ်လိုက်ခြင်း သည် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးလမ်းကြောင်းက ပို၍ သွေဖည်သွားပုံရောက်ကြောင်းလည်း ၎င်းက ဝေဖန်လိုက်သည်။
၈။ မဲလ်ဘုန်းတွင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
ဇူလိုင် ၂ ၊ Myanmar Pressphoto Agency
ဩစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့တွင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဇွန်လ ၂၉ ရက်တွင် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြကြောင်း NUGက သတင်းထုတ်ပြန်သည်။ ယင်းတွေ့ဆုံပွဲတွင် ဒေါ်ဇင်မာအောင်က မြန်မာ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးနှင့် မျက်မှောက်ရေးရာများကို အဓိကထား ဆွေးနွေးခဲ့ပြီး တော်လှန် ရေးနှင့် ပတ်သက်သော အကြောင်းအရာများကို တက်ရောက်လာသည့် အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ကိုယ်စား လှယ်များက မေးမြန်းခဲ့ကြကာ ဒေါ်ဇင်မာအောင်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် တော်လှန်ရေး အင်အားစုများအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်းနှင့် စုပေါင်းအင်အားက အောင်မြင်မှုအတွက်အရေးကြီးကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်ဟု သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ ကျောက်မဲမြို့နဲ့ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ
ဇူလိုင် ၂ ၊ PVTV
တအာင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသ ကျောက်မဲမြို့နဲ့ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံပြည်သူ တွေရဲ့ နေအိမ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၃)ဦး သေဆုံးပြီး (၅)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်း တပ်မတော်(TNLA)က ဒီနေ့နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းတွင် ကျောက်မဲမြို့၊ ရပ်ကွက်(၈)တွင် အမျိုးသား (၂)ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သီပေါမြို့၊ စံဖိတ်ကွက်သစ် အတွင်းမှာ ဇူလိုင်လ ၁ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၃)ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Kommentarer