top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလှိုင် ၃ ရက်

နေ့စဉ်သတင်းစုစည်းမှု

03-July-2024

တိုက်ပွဲသတင်း

 

 

၁။ ငပလီကမ်းခြေက တပ်ရင်းနှစ်ခုကို AA အပြင်းအထန်ထိုးစစ်ဆင်

 

ဇူလိုင် ၃ ၊ RFA

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် - ၅၅ ခြေလျင်တပ်ရင်းနဲ့ အမှတ် -၅၆၆ ခြေမြန်တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ကစလို့ သုံးရက် ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြာင်း၊ ကုန်းကြောင်း၊ ရေကြောင်းဘက်ပေါင်းစုံ သုံးပြီး ပြန်လည်ခုခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ငပလီဘက်မှာ တိုက်ပွဲတော်တော် ပြင်းထန်နေတယ်။ အပေါ်က လေယာဉ်နဲ့ပစ်ကူတာတို့ ဒရုန်းနဲ့ လာပစ်တာတို့ ရေတပ်ကန လှန်းပစ်တာတို့ရှိတယ်။ AA ကလည်း အဲဒီတပ်ရင်း နှစ်ခုကို သိမ်းဖို့ကြိုးစားနေပါတယ်။”ငပလီ ကမ်းခြေအနီးက သံတွဲလေဆိပ်ကိုတော့ ဇွန်လ ၂၂ ရက်နေ့မှာ AA ကတိုက်ခိုက်သိမ်းယူ ခဲ့ပါတယ်။

 

၂။ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအဝင် ဂိတ်ကင်းစခန်းအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

ဇူလိုင် ၃ ၊ D Day News

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအဝင် ဂိတ်ကင်းစခန်းကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ငါန်းဇွန်ပကဖ ထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီကျော်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းအဝင် ဂိတ်ကင်းစခန်းအတွင်း မိုင်းထောင်ပြီး ကင်းစောင့်ရန်လာ သည့် စစ်သားများကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ငါန်းဇွန်ပကဖ ရဲဘော်များက မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။“သူတို့မရှိခင် ထောင်ထားခဲ့ပြီး သူတို့ကင်းလာချတဲ့အချိန် ဖောက်ခွဲလိုက်တာ။ ကျနော်တို့ ငါန်းဇွန်မြို့ နယ် ပကဖအဖွဲ့တစ်ဖွဲ့ထဲပဲ လုပ်ဆောင်ခဲ့တာပါ။ စခ ၃ ဦးကျတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်တဲ့နေရာတွေနဲ့ အနီး ကပ်နေထိုင်တာတွေ ရှောင်ရှားပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ငါန်းဇွန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

၃။ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းအပါအဝင် စစ်တပ်စခန်း ၇ ခုကို သိမ်းပိုက်ရရှိပြီး စစ်သား ၁၁ ဦးထက်မနည်း သေဆုံး၊ စစ်သုံ့ပန်း ၁၃ ဦးနှင့် လက်နက်မျိုုးစုံ ၄၀ ကျော်သိမ်းဆည်းရရှိ

 

ဇူလိုင် ၃ ၊ D Day News

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းအပါအဝင် စစ်တပ်စခန်း ၇ ခုကို သိမ်းပိုက်ရရှိထားရရှိပြီး စစ်သား ၁၁ ဦးထက် မနည်းသေဆုံးကာ စစ်သုံ့ပန်း ၁၃ ဦးနှင့် လက်နက် ၄၀ ကျော်သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန် သည်။ စဉ့်ကူးမြိုနယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ စစ်သုံ့ပန်း ၁၃ ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိထားကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း စဉ့်ကူးမြို့နယ် ပကဖ မှ ထောက်ပို့ ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ စဉ့်ကူး မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

 

၄။ လားရှိုးမြို့အနီးရှိ စခန်း ၄ ခုကို မြောက်ပိုင်းတပ်များ တစ်ပြိုင်နက်ဝင်တိုက်

 

ဇူလိုင် ၃ ၊ Myanmar Now

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးရှိ စစ်စခန်း ၄ ခုကို ယမန်နေ့ (ဇူလိုင် ၂) ညတွင် မြောက်ပိုင်းမဟာမိတ်တပ်များက တစ်ပြိုင်နက်ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မြို့နှင့် ၁၀ မိုင်ခန့် အကွာ လားရှိုး-မိုင်းယော်လမ်း မိုင်းတင်တပ်စခန်း၊ လားရှိုး-သီပေါလမ်း မန်စံရေကျ တပ်စခန်း၊ လားရှိုး-မိုင်းရယ်လမ်း နမ့်ပေါင်တပ်စခန်း၊ လားရှိုး-နမ္မတူလမ်း ညောင်ကုန်းတပ်စခန်းတို့ကို ည ၁၁ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိ အမြောက်တပ်၊ ဆင်တောင်၊ ခလရ (၄၁) တပ်၊ ခလရ (၆၈) တပ်စခန်းတို့က တိုက်ပွဲဖြစ်ပွားသည့် နေရာကို ယနေ့ နံနက် ၁၁ နာရီအထိ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူ နေသည်ဟု လားရှိုးမြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

 

 

 

 

 

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၅။ BIMSTEC အစည်းအဝေးသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်

 

ဇူလိုင် ၃ ၊ Mizzima

 

ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)၏ (၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်လိမ့်မည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ အစောပိုင်းတွင် ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အခြားသော နိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာတို့မှ ခေါင်းဆောင်များကလည်း ၎င်းတို့ ပါဝင်တက်ရောက်မည်ဖြစ်သည်။ ယခင်နှစ်က ရွှေ့ဆိုင်းခဲ့ရသည့် ယခု အစည်းအဝေးသည် “ကြံ့ကြံ့ခိုင်သော ဒေသ၊ စည်ပင်ထွန်းကားသော စီးပွားရေး၊ ကျန်းမာသော ပြည်သူများ” ဆိုသည့် ‌အာဘော်ဖြင့် ကျင်းပမည်ဖြစ်သည်။ BIMSTES ၏ လက်ရှိ ဥက္ကဋ္ဌ အဖြစ် ထိုင်းနိုင်ငံသည် PRO BIMSTEC ဆောင်ပုဒ်ကို ချမှတ်ကျင့်သုံးပြီး ယင်းမှာ ကြွယ်ဝချမ်းသာမှု၊ ကြံ့ကြံ့ ခိုင်မှုနှင့် ပွင့်လင်းမှုတို့ကို ကိုယ်စားပြုသည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး တိုးတက်မှုနှင့် အခြေခိုင်မြဲမှုများကို ဥက္ကဋ္ဌ ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ အိန္ဒိယနိုင်ငံက BIMSECS နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို နယူးဒေလီ၌ ဇူလိုင် ၁၁ ရက်တွင် အိမ်ရှင်အဖြစ် ကျင်းပမည်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအပြင် အနာဂတ် စီမံကိန်းများအရေးအတွက် အဖွဲ့ကြီး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘန်ကောက်နှင့် နယူးယောက်တွင် နှစ်ကြိမ်တိုင် ကျင်းပထားခဲ့သည်။ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်၌ ထိုင်းနိုင်ငံသည် BIMSTEC ပဋိညာဉ်စာတမ်းအား လက်မှတ်ထိုးခြင်းနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု အထူးစီမံကိန်း အား ဖော်ဆောင်ခြင်းအားဖြင့် BIMSTEC အား အစိုးရချင်း ချိတ်ဆက်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် မြှင့်တင်ပေးခဲ့သည်။ ထိုပြင် ထိုင်းနိုင်ငံသည် ရေပြင်၊ မြေပြင်၊ ဒီဂျစ်တယ်နှင့် ချိတ်ဆက်ကွန်ရက်တို့အပြင် ပြည်သူချင်း ဆက်ဆံမှုကဲ့သို့သော အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပါ မြှင့်တင်ပေးသည်။ ထိုင်းနိုင်ငံအပြီးတွင် ဘင်္ဂလားဒေ့ရှ်က BIMSTEC ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။

 

၆။ အလဲဗင်း သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ ကိုဝေဖြိုးကို မူးယစ်ဆေး သယ်ယူသည့် ဂိုဏ်းခေါင်းဆောင် အဖြစ် စစ်ကောင်စီဖမ်းဆီး

 

ဇူလိုင် ၃ ၊ Ayeyarwaddy Times

 

Eleven (အလဲဗင်း) သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ ကိုဝေဖြိုးနှင့် ၎င်း၏အဖွဲ့ဝင် ရှစ်ဦးကို မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။ကိုဝေဖြိုးခေါ် ဝေမင်းဖြိုး(ခ) အုန်းအုန်းနိုင် အပါအဝင် လူရှစ်ဦးကို မူးယစ် ဆေးဝါးများ သယ်ဆောင်မှုဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယနေ့ဇူလိုင် ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း တောင်‌ဇင် အေးစစ်ဆေးရေးဂိတ်တွင်စစ်ဆေးခဲ့ရာ ပျဉ်းမနားမှ ရေနီဘက်သို့ မောင်းနှင်လာသည့် လိုက်ထရပ်ကားပေါ်တွင် မူးယစ် ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သယ်ဆောင်လာသည့် မူးယစ်ဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ပျဉ်းမနားဘက်မှ မောင်းနှင်လာသည့် ကိုဇေယျာကျော်နှင့် ကိုဟိန်းကျော်မင်း လိုက်ပါလာ သည့် လိုက်ထရပ်ကားပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ကလောမှ ရန်ကုန်သို့သယ်ဆောင်ရန် လုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု သိရသည်။ ကလောမှ ပျော်ဘွယ်သို့ မူးယစ်ဆေးဝါးသယ် ဆောင်ရာတွင် ပူးပေါင်းပါဝင် သည်ဟုဆိုကာ ကိုမြတ်ပိုင်သူ၊ ကိုဖြိုးစည်သူဟိန်းနှင့် ကိုအောင်အောင်(ခ)အောင်ကြီး တို့ကို ရမည်းသင်းမြို့နယ်တွင် လည်း ကောင်း၊ နောက်ထပ်ပါဝင်သည့် မနွယ်နီသင်း၊ ကိုရဲဒွေးလှိုင်(ခ)ဗလနှင့် ကိုမြင့်အောင်တို့ သုံးဦးကို ပျဉ်းမနားမြို့ ရွာကောက် ရပ်ကွက်အတွင်းရှိ မိုတယ်တစ်ခုတွင် ‌ကားနှစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်လက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ စီမံဆောင်ရွက်ခေါင်းဆောင်သူ ကိုဝေဖြိုးကို ရန်ကုန်၊ ရွှေပြည် သာမြို့နယ် (၁) ရပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၇။ လားရှိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၇)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရ

 

ဇူလိုင် ၃ ၊ PVTV

 

တအာင်းပြည်၊ တပ်မဟာ(၆) စစ်ဒေသ၊ လားရှိုးမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ (၇)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA)မှ ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက် ပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးမှာ ဇူလိုင်လ ၃ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁)ရှိ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ်အတွင်းရှိ မိသားစုဝင် (၆)ဦးလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာမှာလည်း နေအိမ်တစ်အိမ်ပေါ်ကို လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊သီပေါမြို့တွေမှာလည်း တအာင်းတပ်မတော်(TNLA) ပူးပေါင်း တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အရပ်သား (၂၅)ဦး သေဆုံးပြီး၊ (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သား နေအိမ် (၅၀)နီးပါး ထိခိုက်ပျက်ဆီး ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၈။ ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

 

ဇူလိုင် ၃ ၊ RFA

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက မုန်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၉၀) တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဟာ နောင်ချိုရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်ခဲ့ တာလို့ ဆိုပါတယ်။ အခု ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြောထားတာ မရှိပါဘူး။ ဇွန်လ ၂၅ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာတော့ ကျောက်ကြီးမြို့နယ်၊ သမင်အင်းကုန်းရွာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့ တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

 

စဉ့်ကူးတွင် ကလေးတစ်ဦးနှင့် ပြည်သူလေးဦး စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး

 

ဇူလိုင် ၃ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယနေ့ ( ဇူလိုင် ၃ ရက် ) နံနက် ၁၀နာရီ ဝန်းကျင်မှစ၍ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအနီးတစ်ဝိုက်သို့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ် ခဲ့ရာ ‌ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇူလိုင် နှစ်ရက် နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာမှ အသက် ၁၄ နှစ်အရွယ် ယောက်ျား လေးတစ်ဦး သေဆုံးခဲ့ကြောင်း ‌ကျည်တောက်ပေါက်ရွာသားတစ်ဦးထံက သိရသည်။ ဇူလိုင် တစ်ရက်မှစ၍ စဉ့်ကူးမြို့နယ်ရှိ ပင်လယ်ကြီးရွာ ဂိတ်စခန်း၊ နွယ်ရုံရဲစခန်း နှင့် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး‌ရွာရဲစခန်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် နွယ်ရုံရဲစခန်းကို သိမ်းယူထားကာ ကျန်စခန်းများအား ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။



 

 

 

 

 

 

 

 

 

16 views0 comments

Comments


bottom of page