နေ့စဉ်သတင်းစုစည်းမှု
04-July-2024
တိုက်ပွဲသတင်း
၁။ နောင်ချိုနှင့်မိုးမိတ်တွင် တိုက်ပွဲပြင်းထန်ဟု TNLA ထုတ်ပြန်
ဇူလိုင် ၄ ၊ Myanmar Prespshoto Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် မိုးမိတ်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း တအောင်းတပ်မတော်TNLA က သတင်းထုတ်ပြန်သည်။ ၁၀၂၇စစ်ဆင်ရေးအပိုင်းနှစ်ရဲ့ ကိုးရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်သုံးရက်တွင် နောင်ချိုမြို့၌ TNLA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်သည် ဘန့်ဘွေးရွာမှ ဒုံးတပ် ၆၀၆ တပ်စခန်းသို့ ဟောင်ဝှစ်ဇာအမြောက် အလုံး၂၀ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ထို့အပြင် ဇူလိုင်သုံးရက်၊မွန်းလွဲ ၁၂နာရီမိနစ်၅၀တွင် မိုးမိတ်မြို့နယ်၊ ညောင်နီဒေသ ၌လည်း စစ်တပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLAက ဇူလိုင် ၃ ရက်ည သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLA ၊ PDF - မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင်သုံးရက်၊ ညရှစ်နာရီကျော်၌ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေသာယာတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
၂။ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် စစ်သား ၃၀ ကျော်သေဆုံးပြီး တပ်ပျက်ကာ ထွက်ပြေး
ဇူလိုင် ၄ ၊ D Day News
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး တပ်ပျက်ကာ စစ်သားအချို့ ထွက်ပြေးသွားကြောင်း စဉ့်ကူးမြို့နယ် မြေပြင် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် အစောပိုင်းက စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၃၀ ကျော်သေဆုံးပြီး ကျန်စစ်သားအချို့မှာ တပ်ပျက်ပြီး ထွက်ပြေး သွားကြောင်း သိရသည်။သိမ်းပိုက်ရရှိခဲ့သည့် ပင်လယ်ကြီး တပ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ပြီး နယ်မြေရှင်းလင်းရေးများလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်စစ်တပ်သည် စဉ့်ကူးမြို့ပေါ်တွင် ခံစစ်ပြင်နေပြီး လက်နက်ကြီးများပါ အင်အားဖြည့်တင်းထားပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် နေကြောင်း သိရသည်။"ပင်လယ်ကြီးရွာ စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဒိုးပင်ကုန်း၊ ရေတော် ၊ ထုံးကြီးကျေးရွာတွေ က ပျူတွေ အပါအဝင် စခ ၃ဝကျော်သေဆုံးတယ်။ ကျန်နေတဲ့ စခတွေ တချို့ ထွက် ပြေးနေတယ်။ စဉ့်ကူးမှာလည်း အခု ခံစစ်ပြင်နေပြီ လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်။ စဉ့်ကူးမြို့နယ်တောင် ပိုင်း စခအုပ်စုက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တာတွေလည်း လုပ်ဆောင်နေတယ်" ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
၃။ ရေဖြူမြို့နယ် လဲရှောင်ရွာတိုက်ပွဲမှာ PDF ငါးဦး သေဆုံး
ဇူလိုင် ၄ ၊ RFA
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးမှာရှိတဲ့ လဲရှောင်ရွာအနီးမှာ ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ စီးနင်းလားတဲ့ ကားတစ်စီးထိပ်တွေ့ပြီး အလစ် အငိုက် တိုက်ခိုက်ခံလိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ “PDF ရဲဘော်တွေက နေရာရွှေ့ကြတဲ့ အချိန်မှာ ရန်သူကင်းပုန်းနဲ့ ရန်သူစစ်ကြောင်းက သတင်းကြိုရထားပုံရတယ်။ ဆယ်ဦးလောက် လိုက်ပါလာတဲ့ PDF ရဲဘော် ကားတစ်စီးကို ရန်သူကနေ ကြားဖြတ်ပြီး အနီးကပ်ချေမှုန်းခံရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ ကားပေါ်ပါလာတဲ့ ရဲဘော် ငါးဦး ကျဆုံးသွားတယ်။ တချို့ရဲဘော်တွေက ဒဏ်ရာရပြီး လွတ်သွားတယ်”။ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေနဲ့ ကားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တွေကို သိမ်းဆည်းသွားတယ်လို့ သူက ဆိုပါတယ်။
၄။ လွိုင်ကော်မြို့က စစ်ကောင်စီကင်းပုန်းစခန်းများကို တော်လှန်တပ်ဖွဲ့များတိုက်ခိုက်နေ
ဇူလိုင် ၄ ၊ Burma VJ
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ်၊ ပြည်သာယာရပ်ကွက်တွေမှာ ဒီနေ့မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ KNDF တပ်ဖွဲ့နဲ့ လွိုင်ကော်ဒေသခံတွေဆီက သိရပါတယ်။လွိုင်ကော်မြို့တွင်း လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးက Burma VJ ကို ပြောပါတယ်။ “ဒီမနက်တိုက်ပွဲကတော့ လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီတွေရဲ့ ကင်ပုန်းတွေနဲ့ အခြားကင်းစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှင်းလင်းတိုက်ခိုက်နေတာ ဖြစ်ပါ တယ်။ အခုချိန်ထိတော့ လေယာဉ်တွေသုံးတာတော့ မရှိသေးပါဘူး” လို့ KNDF ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကလည်း ပြောပါတယ်။ လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးကလည်း “ဒီမနက် တိုက်ပွဲပြန်ဖြစ်နေတာ။ နမ့်ဘော်ဝမ်နဲ့ ပြည်သာယာ ဘက်ပေါ့။ နမ့်ဘော်ဝမ်ဈေးဘက်မှာဖြစ်နေတာ။ အစ်ကိုတို့ အရင် အဲ့ဘက်မှာရှိနေတုန်းကလည်း အဲ့ဘက်မှာဖြစ်နေတာ။ ဒီမနက်တော့ လေယာဉ်နဲ့ ဗုံးကြဲတယ်လို့တော့ မကြားမိသေးဘူး။ လက်နက်ကြီးပစ်တာမျိုးတော့ ရှိတယ်”လို့ ပြောပါတယ်။
၅။ လားရှိုးမှာ ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်ဖြစ်နေ
ဇူလိုင် ၄ ၊ People's Spring
စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ ရှမ်းမြောက်ဒေသ လားရှိုးမြို့က တပ်စခန်းတွေကို ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ဒုတိယမြောက်နေ့အဖြစ် ဒီနေ့မှာလည်းဆက်လက်တိုက်ခိုက် နေပါတယ်။လားရှိုးမြို့တဝိုက်တိုက်ပွဲတွေဟာ မနေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးဒီမနက်မှာလည်း လက်နက်ကြီးပစ်ခတ် သံတွေ ကြားနေရတယ်လို့ မြို့ခံက ပြောပါတယ်။လားရှိုးနဲ့ မိုင် ၂၀ ပတ်လည်အတွင်းမှာရှိတဲ့ မိုင်းတင်စခန်း၊ မန်စံရေကျ စခန်း ၊ နမ့်ပေါင်စခန်း နဲ့ ညောင်ကုန်းစခန်းတွေကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကတိုက်ခိုက်နေတာပါ။
အဲဒီတပ်စခန်းတွေဟာ လားရှိုးမြို့ရဲ့ ကာကင်းစခန်းတွေဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်နေချိန် လားရှိုးညမို့ ရမခ စစ်ဌာနချုပ် ထဲက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာရှိခဲ့ပါတယ်။ လားရှိုးမြို့ခံရဲ့ပြောပြချက်အရ မြို့ပေါ်က စစ်ကောင်စီတပ်စခန်း တွေကို ဒရုန်းနဲ့ ဗုံးချတာ ၊ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိလည်းခဲ့တယ်လို့ သိရပါတယ်။
၆။ မိုးမိတ်မြို့၊ ရွှေအောင်သာတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး အခြားမြို့နယ်တို့တွင်လည်း တိုက်ပွဲပြင်း ထန်နေ
ဇူလိုင် ၄ ၊ D Day News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေအောင်သာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အခြားမြို့နယ်တို့တွင်လည်း တိုက်ပွဲပြင်းနေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။ယမန်နေ့ ဇူလိုင် လ ၃ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၁၀ ရက်မြောက်နေ့တွင် မိုးမိတ်မြို့၊ ရွှေအောင်သာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် TNLA၊ PLA နှင့် PDF တပ်ရင်း ၅၁၃ တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က အကြမ်းဖက်စစ်ကောင်စီ၏ ဒုံးတပ် အမှတ် ၆၀၆ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာဖြစ်နေကြောင်း သိရသည်။ တိုက်ပွဲဖြစ်နေသည့် အမှတ် ၆၀၆ ဒုံးတပ်စခန်းကို နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာရှိ အကြမ်းဖက်စစ် စခန်းမှ နံနက် ၉ နာရီ ၄၇ မှ နေ့လည် ၁၂ နာရီ ၃၆ မိနစ်အချိန်ထိ ဟောင်ဝိဇာ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ပြီး တအာင်းပြည်အတွင်း စစ်ဖြစ်ပွားရာဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက် မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ ရှမ်းကျောင်းဒေသ၌လည်း ညနေ ၃ နာရီ မိနစ် ၄၀ အချိန် တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုအပြင် တပ်မဟာ(၂) စစ်ဒေသ သီပေါမြို့နယ် ဒုဌဝတီ တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA မှ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ ဆန်သိုလှောင်ရုံ မှတ်ပုံမတင်သူများကို အရေးယူမည်ဟု စစ်ကောင်စီ ဆိုပြန်
ဇူလိုင် ၄ ၊ The Irrawaddy
ဆန်တန်ချိန် ၅၀ သို့မဟုတ် ၅၀၀ နှင့်အထက် သိုလှောင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို မဖြစ်မနေ မှတ်ပုံတင် ဆောင်ရွက်ရန် စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယနေ့ထပ်မံ အသိပေး သည်။ ပြည်တွင်း ဆန်စပါး ဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်နိုင်ရေး၊ သိုလှောင်ရုံ ကုန်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် ဖော်ဆောင်နိုင်ရေး လုပ်ကိုင် ဆောင်ရွက်လျက်ရှိသောကြောင့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration ပြုလုပ်ရန် လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း အွန်လိုင်းမှတ်ပုံတင်စနစ်ဖြစ်သော Myco ဝဘ်ဆိုဒ် တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဇူလိုင် ၇ ရက်နောက်ဆုံးထား လုပ်ဆောင်ကြရန် တိုက်တွန်းထားပြီး မှတ်ပုံတင် အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါက အသင်းချုပ်သို့ စာရင်းကြိုတင်ပေးပို့ရန် ပြောသည်။ယခုအခါ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှု စိစစ်ရေး လုပ်ငန်းအဖွဲ့များကို တိုင်းနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားပြီး မြေပြင်ကွင်းဆင်းစစ်ဆေး၍ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ တင်ပြချက်များနှင့် ကိုက်ညီမှုမရှိခြင်းကို တွေ့ရှိပါက အရေးယူဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတိပေးထား သည်။ အထူးသဖြင့် ပြည်တွင်းဆန်များဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ဧရာမင်း၊ ရက် ၉၀၊ အညာသား၊ ပခန်း၊ ဖန်သီးသုခ စပါး/ဆန်များကို စီးပွားရေးအဖြစ် ရောင်း/ဝယ်ရန် သိုလှောင်ထားပါက မှတ်ပုံတင်ကြရမည် ဖြစ်ကြောင်း သိရ သည်။
၈။ စစ်ကောင်စီဖမ်းထားတဲ့ နိုင်ကျဥ်း ၁၃ ဦး မတူပီမြို့သိမ်းတိုက်ပွဲမှာ ပြန်လွတ်လာ
ဇူလိုင် ၄ ၊ BBC
စစ်ကောင်စီ ဖမ်းထားတဲ့ နိုင်ငံရေးအကျဥ်းသားနဲ့အချုပ်သား ၁၃ ဦးဟာ ချင်းညီနောင်တပ်ဖွဲ့တွေက မတူပီမြို့ကို သိမ်းတဲ့ တိုက်ပွဲအတွင်း ပြန်လည်လွတ်မြောက်လာတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-၁)က သတင်း ထုတ်ပြန်ပါတယ်။ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေ မတူပီကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီက အဲဒီ နိုင်ငံရေးအကျဥ်းသား တွေကို မတူပီမြို့မ ရဲချုပ်အခန်းကနေ မတူပီ အခြေချ စစ်ဗျူဟာနဲ့ မနှတ် ၁၄၀ ခြေမြန်တပ်ရင်းတွေကို ရွှေ့ပြောင်း ချုပ်လှောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ဒီအကျဥ်းသားအချုပ်သားတွေကို စစ်တပ်က စစ်ကြောင်းမှာ ဒဏ်ရာရသူ တွေကို သယ်ဖို့ သုံးခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ ကြတာလို့ လည်း ဆိုပါတယ်။ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားနဲ့ အချုပ်သားတွေထဲမှာ ပညာရေးနဲ့ စိုက်ပျိုးရေး CDM ဝန်ထမ်းတွေလည်းပါဝင်ပြီး အများစုဟာ နိုင်ငံရေးပုဒ်မ ၅၀၅(ခ)၊ အကြမ်းဖက်မှုပုဒ်မတွေကို ရင်ဆိုင်ခဲ့ရသူတွေ ဖြစ်ပါ တယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ လာရှိုးမြို့တွင် လက်နက်ကြီးကျ၍ ၆ ဦး သေဆုံး
ဇူလိုင် ၄ ၊ The Irrawaddy
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် အမှတ် ၉ နှင့် ရပ်ကွက် ၁၁ ထဲသို့ ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီး ကျရောက် ပြီး ကလေးတဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဒေသခံတဦးက ““မနက်ပိုင်းမှာ ရပ်ကွက် ၉ နယ်မြေ ၃ ထဲမှာက သားအမိနှစ်ယောက် သမီးလုပ်တဲ့သူက ပွဲချင်းပြီး သေတယ်။ မအေကတော့ ထိခိုက်ဒဏ်ရာရတာ မိုင်းစမှန်ထားတာက ရစရာကို မရှိဘူး။ စုတ်ပြတ်သပ်နေတာပဲ။ ခြေထောက်တွေလည်း ကျိုးတယ်။ နောက်တခါ ရပ်ကွက် ၁၁ ကို ကျတာ အမျိုးသား သုံးယောက် သေသွားတယ်။ နောက်တခါ ရပ်ကွက် ၉ နယ်မြေ ၁ မှာ နှစ်ယောက် အဲဒီမှာ နှစ်ယောက်လုံးသေတယ်။ အားလုံး ၆ ယောက် သေတယ်”ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိတွင် အမေဖြစ်သူမှာ ဆေးရုံ၌ ကုသမှု ခံယူနေဆဲဖြစ်ပြီး လားရှိုးမြို့၊ ရပ်ကွက် ၁၁ ပညာရေးကောလိပ်အနောက်ဘက် အုတ်ကွင်းထဲသို့ လက်နက်ကြီး ကျရောက်မှုကြောင့် အမျိုးသား ၃ ဦး၊ ရပ်ကွက် ၉ မှ ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့ ကူညီကယ်ဆယ်ရေးလုပ်နေသည့် ပရဟိတအဖွဲ့ဝင်တဦးကလည်း”အခုကျနော်တို့ အလောင်းကောက်နေတုန်း မို့ပါ။ လောလောဆယ် သုံးယောက် သေတယ်။ အဲဒါပဲ သိရသေးတယ်။ ရပ်ကွက် ၉ နယ်မြေ ၁ နဲ့ နယ်မြေ ၃ ကပါဗျ။ သားမိနှစ်ယောက်က မအေက ဆေးရုံမှာ သမီးဆုံးသွားတာပါဗျ။ ကျန်တဲ့ နှစ်ယောက်ကတော့ အမျိုးသားနှစ်ယောက်ပါ အုတ်ကွင်းထဲကပါဗျ။ သူတို့က နယ်မြေ ၁ ထဲက ပါဗျ ”ဟု ပြောသည်။
၁၀။ ဆီဆိုင်မြို့နယ်တွင် အရပ်သား ၁ ဦး သတ်ဖြတ်ခံရ
ဇူလိုင် ၄ ၊ Mizizma
စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာ ဒေသခံတဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့ပြီး နောက်ထပ်ဒေသခံ တဦးကို ဖမ်းဆီးသွားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO/PNLA) က ယနေ့ (ဇူလိုင်လ ၄ ရက်) တွင် ကြေညာသည်။ ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင်ကျေးရွာခံ ခွန်တငွေနှင့် အဖော်ဖြစ်သူ ခွန်မောင်းပေးတို့သည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့်အိပ်ပေးရာမှ ဇူလိူင်လ ၃ ရက် နေ့ နံနက် ၇ နာရီခန့်အချိန် အသုဘရှိသည့်အိမ်မှ မိမိနေအိမ်သို့ပြန်လာစဉ် ကျေးရွာအတွင်းတပ်စွဲထားသည့် PNO ပြည်သူ့ စစ်အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ခွန်တငွေကို PNO ပြည်သူ့စစ်အဖွဲ့က ပစ်သတ်ပြီးနောက် အဖော်ဖြစ်သူ ခွန်မောင်းပေးအား ရွာအပြင်သို့ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးသကဲ့သို့ ရွာသားများလိုက်လာပါက ထပ်မံပစ်သတ်မည်ဟုလည်း PNO ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်ထားကြောင်း ဆိုသည်။
သို့သော်လည်း ပစ်သတ်ခံရသည့် ခွန်တငွေ၏ အလောင်းကို ယမန်နေ့ ညနေပိုင်းတွင် PNO ပြည်သူ့စစ် ခြိမ်းခြောက်နေသည့်ကြားမှ ပြန်လည်ရယူ နိုင်ခဲ့သည်ဟု ကြေညာချက်တွင် ပြောထားသည်။
၁၁။ ကျိုက်လတ်ဒေသခံ ၅ ဦးကို စစ်တပ်က ဖမ်းဆီး
ဇူလိုင် ၄ ၊ DVB
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ၅ ရက်အတွင်း ဒေသခံ ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျိုက်လတ်မြို့နယ်မှာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက် အထိ ၅ ရက်အတွင်း PDF တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အမျိုးသမီးတယောက် အပါအဝင် အရပ်သား ၅ ယောက်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တားပြတ်ကျေးရွာက လူငယ် အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်၊ မြို့ပေါ် ရပ်ကွက်တွေက ၃ ယောက်ဖြစ်ပြီး ရဲစခန်းကို ဖမ်းခေါ်သွားတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “အဖမ်းခံရသူ အားလုံးကို ရဲစခန်းမှာ ထားတယ်လို့ သိရတယ်။ အားလုံး ၅ ယောက်လေ၊ မိန်းကလေး ၁ ယောက်လည်းပါတယ်။ ဖမ်းတဲ့ အဓိက အချက်က PDF နဲ့ အဆက်အသွယ် လုပ်ထားလို့ ဖမ်းတာတဲ့” လို့ ပြောပါတယ်။
မောင်တောမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများဟု ဒေသခံများပြော
ဇူလိုင် ၄ ၊ Mizzima
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက် သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။ အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီ သည် မောင်တောမြို့ပေါ်တွင်ဇွန်လ ၂၇ရက်မှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလက်နက်ကြီးနှင့်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း မြို့ခံတဦးက ယနေ့ (ဇူလိုင်လ ၄ ရက်)ပြောသည်။ "မြို့ပေါ်မှာ နှစ်ဘက်ဖြစ်နေကြတာ။ဟိန္ဒူ၊မွတ်စလင်၊ရခိုင်တွေပိတ်မိနေဆဲပဲ။ ဒီနေ့အထိတိုက်ပွဲပြင်းထန်နေတယ်။ မြို့ပေါ် AA ထိုးစစ် ဆင်တာ ရှစ်ရက်လောက်ရှိပြီ။ မြန်မာစစ်သားတွေဘက်က ပေါင် ၅၀၀ ဗုံးချတာ အရပ်သားတွေအများကြီးသေတာ။ကလေး ၊သက်ကြီးပိုင်းတွေလဲသေတယ်"ဟု၎င်းကပြောသည်။ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အသေး စိတ်မသိရှိရသေးပေ။ ဘင်္ဂလားဒေရှ့်နယ်စပ်မြို့ဖြစ်သော မောင်တောမြို့ပေါ် ရှိ စစ်ကောင်စီ၏လက်ကျန်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟု ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် AAက ကြေညာထားသည်။ မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် ဇွန်လ ၁၆ ရက် ည ၉ နာရီမှ စတင်ကာ မောင်တောမြို့တွင်းမှ ချက်ချင်း ထွက်ခွာကြရန် ကြေညာချက်တွင်တဆက်တည်း အသိပေးခဲ့သည်။သို့သော်စစ်ကောင်စီက မြို့အဝင်အထွက်ပိတ်ဆို့ထား ခြင်းကြောင့် ဒေသခံများသည် မြို့ပြင်သို့ ထွက်ခွာ၍မရဖြစ်နေကြောင်းသိရသည်။
စဉ့်ကူးနယ်က လက်ပန်လှရွာ ကို လေကြောင်းကနေ စစ်ကောင်စီ တိုက်ခိုက်
ဇူလိုင် ၄ ၊ People's Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာကို စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လယ်ပိုင်းအထိ ၂ ရက်ဆက်တိုက်လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။ မန္တလေး − မြစ်ကြီးနား လမ်းပိုင်းနဲ့ မန္တလေး − မိုးကုတ် လမ်းပိုင်း ပေါ်မှာရှိတဲ့ လက်ပန်လှရွာကို ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်နဲ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲ အချိန် တွေမှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်တာလို့သိရပါတယ်။ မနေ့ကမနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လက်ပန်လှရွာကိုတဝိုက်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။
မနေ့က တိုက်ခိုက်မှုမှာတော့ အရပ်သား ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိထားရပေမယ့်အသေးစိတ်မသိရသေးပါဘူး။
နယ်ခံရဲ့ပြောပြချက်အရတော့ လက်ပန်လှ ရွာလယ်မှာရှိတဲ့ ရဲစခန်းကိုတော်လှန်ရေးအင်အားစုတွေက မနေ့ညပိုင်းမှာ သိမ်းယူထားလိုက်ပြီလို့ သိရပါတယ်။ အခုလို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ လက်ပန်လှရွာဟာမန္တလေး PDF စခန်းသိမ်းယူထားတဲ့ နွယ်ရုံရွာ ရဲစခန်းနဲ့ဆိုရင် ၉ မိုင်ခန့်အကွာမှာရှိပါတယ်။ ဒါအပြင် မန္တလေး PDF တိုက်ခိုက်နေတဲ့ ပင်လယ်ကြီးရွာနဲ့ဆိုရင်လည်း တစ်မိုင်သာသာပဲ ဝေးပါတယ်။ မန္တလေး PDF ကတော့ လက်ပန်လှရွာနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမယ့် စဉ့်ကူးမြို့နယ်ထဲက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်သွားမယ် လို့ မန္တလေး PDF က ကြေညာထားတာရှိပါတယ်။
သိန္နီတွင် ဗုံးကြဲ၍ နေအိမ်တချို့ပျက်စီး
ဇူလိုင် ၄ ၊ The Irrawaddy
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ပေါ်သို့ စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းတွင် ဗုံးကြဲခဲ့သောကြောင့် နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။ နေအိမ် ထိမှန်ခဲ့သည့် မြို့ခံတဦးက “မနက် ၁ နာရီကြဲတာ၊ သိန္နီမြို့ရဲစခန်းအနီးရှိ နေအိမ်တွေ နားကျတာ၊ ရဲစခန်းနားအိမ်တော့ တော်တော်ပျက်စီးတယ်။ ကျမတို့အိမ်ရဲ့ရေချိုးခန်းပျက်စီးသွားတယ်။ လူတော့ နည်းနည်းပဲ ထိတယ်” ဟု လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုထားသည်။သိန္နီမြို့မှာ မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထားသည့်မြို့လည်း ဖြစ်သည်။ လက်ရှိတွင် တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကြား အပစ်ရပ်ထားသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ ကို ဇွန်လ ၂၉ ရက်က စတင်ပြီး ဖောက်ဆောင်လျက်ရှိရာ ရှမ်းမြောက် အပါအဝင် မန္တလေးတိုင်းအစပ်နေရာများ၌ တိုက်ပွဲများပြန်လည် ဖြစ်ပွားလျက်ရှိသည်။
Comments