နေ့စဉ်သတင်းစုစည်းမှု
5-July-2024
တိုက်ပွဲသတင်း
၁။ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို မန္တလေး PDF ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်
ဇူလိုင် ၅ ရက် ၊ People's Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်း နှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-PDF ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်ရရှိထားပါသည်။ဇူလိုင် ၄ ရက်တွင် စဥ့်ကူးမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီစခန်းငယ် တစ်ခုအား မန္တလေး PDF ဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။"စခန်းသိမ်းပြီး မနက် ၆ ခွဲလောက်က စက်လက်၊လက်နက်ငယ်၊ လက်နက်ကြီးပစ်ခက် မှုတွေရှိတယ်။ လက်နက်ကြီးပစ်ကူက ရွှေဘိုနယ် မခေါက် ရွာ ကနေပစ်တာ"ဟု မြေပြင်ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။ အလားတူ မိုးကုတ် - မန္တလေးလမ်းပိုင်းရှိ လက်ပန်လှကျေးရွာ ရဲစခန်းအားသိမ်းပိုက်ကာ နေ့လယ်ပိုင်းတွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ စဉ့်ကူးမြို့နယ်ရှိ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီတပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း မန္တလေး PDF က ဇူလိုင် ၃ ရက်က ထုတ်ပြန်ထားသည်။
၂။ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA ပူးပေါင်းအဖွဲ့များ ထိန်းချုပ်
ဇူလိုင် ၅ ၊ The Irrawaddy
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့သည်။ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ဝင်တဦးက “ဂုတ်ထိပ်ရယ် ဂုတ်တွင်းရယ်ကို TNLA အဖွဲ့ရယ် ကျနော်တို့ ကျောက်မဲခရိုင် အထူး တိုက်ခိုက်ရေးအဖွဲ့ရယ် ထိန်းချုပ်ထားတယ်၊ ဂုတ်ထိပ်ရဲ့ ဟိုဘက်ကမ်းကိုကျတော့ MDY PDF ရယ် ဓနုအဖွဲ့ရယ် TNLA ပေါ့ ထိန်းချုပ်ထားတယ်၊ လောလောဆယ် ၆၀၆ တပ်ကို တိုက်နေတဲ့အတွက်ကြောင့် ဒီဘက်ကို ခဏ ငြိမ်ထားတယ်”ဟု ပြော သည်။ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထားသော တံတားဖြစ်သောကြောင့် ဂုတ်ထိပ်တံတားဟုခေါ်ဆိုပြီး နောင်ချို ဘူတာအလွန် ၇ မိုင်အကွာတွင် တည်ရှိကာ ယခုအခါ သက်တမ်း ၁၂၄ နှစ်ရှိပြီ ဖြစ်သည်။
TNLA သည် နောင်ချိုမြို့ကို ထိန်းချုပ်ထားပြီး ကျန်နေသည့် စစ်တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း သိရသည်။
၃။ ကော့ကရိတ်မြို့မြောက်ပိုင်း KNU တပ်မဟာ ၇ နယ်မြေမှာ တိုက်ပွဲဖြစ်ပွား
ဇူလိုင် ၅ ရက် ၊ People's Spring
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေမှာ ဇူလိုင် ၅ ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဇူလိုင် ၅ ရက် အစောပိုင်းက တိုက်ပွဲတွေဖြစ်ပွားတာဖြစ်ပြီး ကော့ကရိတ်မြို့နယ်ထဲက နောင်းနိုင်၊ မြပတိုင် ကျေးရွာတွေ ဘက်ဆီ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာတွေ ရှိခဲ့ပါ တယ်။ မြပတိုင်ရွာထဲ လက်နက်ကြီး ကျတာကြောင့် နေအိမ် အချို့ ထိမှန်ခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။
KNU ရဲ့နယ်မြေသတ်မှတ်ပုံအရ ကော့ကရိတ်မြို့ မြောက်ခြမ်းဟာ ဖားအံခရိုင် ၊နဘူးမြို့နယ် တပ်မဟာ (၇) နယ်မြေဖြစ်ပြီး မြို့တောင်ခြမ်းကတော့ ဒူပလာယာခရိုင် ၊တပ်မဟာ (၆) နယ်မြေ ဖြစ်ပါတယ်။ မြဝတီမြို့ဆီ ထိုးဝင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့အောင်ဇေယျစစ်ကြောင်း နောက်တန်းဟာ ကော့ကရိတ်မြို့ မြောက်ခြမ်းမှာရှိနေပါတယ်။
အောင်ဇေယျစစ်ကြောင်းရဲ့ ရှေ့တန်းဟာလည်း ကော့ကရိတ်မြို့ အရှေ့ခြမ်း တောနော်ရေတံခွန် အနားမှာ ရှေ့မတိုးနိုင်ဘဲ ရှိနေတယ်လို့ သိရပါတယ်။
၄။ ရွာငံတွင် စစ်ကြောင်းထိုးလာသည့်တပ် ဖြတ်တိုက်ခံရပြီး ၁၂ ဦးထက်မနည်း သေဆုံးဟုဆို
ဇူလိုင် ၅ ရက် ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၂ ဦး ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိကြောင်း Ywangan PDF - JPRF (ဂျိုးဖြူတော်လှန်ရေး တပ်ဖွဲ့) က သတင်းထုတ်ပြန်သည်။ ဇူလိုင် ၅ ရက်တွင် ရွာငံမြို့နယ်၊ ရေချမ်းရွာနှင့်ဝက်ကဘူးရွာကြား၌ အင်အား ၄၀ ပါ ခြေလျင်စစ်ကြောင်းနှင့် စစ်ကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက တစ်နာရီကျော်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအပြီးတွင် စစ်တပ်ထံမှ G-3 နှစ်လက်၊၇၉(မမ) နှစ်လက်၊ AK-47 တစ်လက်၊ ကာဘိုင်တစ်လက်၊ ကျည်မျိုးစုံ၊ စစ်အသုံးအဆောင်ပစ္စည်းအချို့၊ ငွေသား အချို့နှင့်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါတိုက်ခိုက် မှုကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့နှင့် အမှတ် (၅၁၅) PDF တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
၅။ မြောင်တွင် စစ်ကောင်စီ သင်္ဘောနှစ်စီးကို PDF ကြားဖြတ်တိုက်
ဇူလိုင် ၅ ရက် ၊ Myanmar Pressphoto Agency
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ သင်္ဘောနှစ်စီးကို စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ်လေး တပ်ရင်း(MSPDF) က သတင်းထုတ်ပြန်သည်။ ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော နှစ်စီးကို မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတောင်ဘက်အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်နှင့် Rocket များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့သော် လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်လေး တပ်ရင်း (MSPDF) နှင့်အတူ ညီနောင်မဟာမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် မြင်းခြံခရိုင်အမှတ်သုံးတပ်ရင်း၊ မြောင်ကျေးရွာ တပ်ပေါင်းစုနှင့်သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၆။ မတ္တရာနှင့်စဉ့်ကူးမြို့နယ်တို့တွင် PDF ဆက်လက်ထိုးစစ်ဆင်၊ စခန်းတချို့ ထပ်မံရရှိ
ဇူလိုင် ၅ ရက် ၊ Myanmar Now
မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့မှ စစ်တပ်စခန်းတချို့ကို ဇူလိုင် ၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ သိမ်းယူခဲ့သော စခန်းများမှာ မတ္တရာမြို့နယ်၊ရေနံ့သာကျေးရွာရဲစခန်းနှင့် စစ်တပ်စခန်းများ၊ စဉ့်ကူးမြို့နယ်မှ လက်ပန်လှကျေးရွာ၊ ရွှေပြည်ကျေးရွာတို့မှ ရဲစခန်းများနှင့် စစ်စခန်းများ ဖြစ်သည်။ဇွန် ၂၅ ရက်နေ့တွင် တစ်ကျော့ပြန်ထိုးစစ်ဆင်လာသော “၁၀၂၇” စစ်ဆင်ရေး အပိုင်း (၂) ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)နှင့် ဒေသ အခြေစိုက် PDF တပ်ဖွဲ့များက မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ယမန်နေ့ နံနက်အစောတွင် မတ္တရာမြို့ မြောက်ဘက် ၆ မိုင်အကွာ ရေနံ့သာကျေးရွာရှိ စစ်စခန်းများကို MDY-PDF ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ညနေတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
၇။ မိုင်းရယ်တွင် ပစ်ခတ်မှုစတင်ဖြစ်ပွား
ဇူလိုင် ၅ ရက် ၊ DVB
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအုပ်စုထဲမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ရွာသားတွေ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဇူလိုင် ၃ ရက် က ဟိုယကျေးရွာရဲ့ မြောက်ဘက်ကနေ ပစ်ခတ်သံတွေစကြားရပြီး ဇူလိုင် ၄ ရက်မှာ ပစ်ခတ်သံပိုပြင်းထန်လာတာကြောင့် ဟိုယကျေးရွာအုပ်စုထဲက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ “ဟိုယရွာမြောက်ဘက်နဲ့ တန့်ယန်းလမ်းခွဲ မှာ မြန်မာတပ်စခန်းရှိတယ်။ သူတို့အဲဒီနေရာကို ဝင်တိုက်တယ်လို့ ထင်ပါတယ်။ အနီးကပ်သွားမကြည့်ရဲဘူး။ ပစ်ခတ်သံ ကြားတော့ ပြေးကြတာပဲ။ ရွာနားမှာလည်း တရုတ်စစ်သား၊ ကိုးကန့်စစ်သားလာတယ်၊ သူတို့ကမကြောက်နဲ့ ရွာသားတွေ ကို ဘာမှမလုပ်ဘူးလို့ပြောတယ်။ ဒါပေမဲ့ ရွာထဲကို သေနတ်ကျည်တွေကျလာမှာ ကြောက်လို့ ပြေးကြရတာလို့။” မိုင်းရယ် ဒေသခံတဦးက ပြောပါတယ်။
၈။ မိုးမိတ်နှင့် နောင်ချို ဒုံးတပ်ရင်း(၆၀၆)တွင် တိုက်ပွဲပြင်းထန်
ဇူလိုင် ၅ ရက် ၊ People's Spring
မိုးမိတ်မြို့နှင့် နောင်ချိုမြို့နယ်တို့၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်း ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၁၁ ရက်မြောက် ဖြစ်သည့် ဇူလိုင် ၅ ရက် စစ်ရေးအခြေအနေကို ယနေ့ ညပိုင်း ၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။မိုး မိတ်မြို့နယ် လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာအနီးတဝိုက်တွင် တအာင်း တပ်မတော် TNLA၊ PLA PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါသည်။ ထို့ပြင် နောင်ချိုမြို့တွင် ကျန်နေသည့် စစ်ကောင်စီ၏ ဒုံးတပ်ရင်း (၆၀၆) တွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်။ အဆိုပါ တပ်ရင်းကို တအာင်းတပ်တော်(TNLA)၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ညနေပိုင်း၌ တိုက်ပွဲဖြစ်ခဲ့သည်။တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ်(၆၀၆)စခန်းသို့ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၉။ ဖမ်းဆီးခံ ဂျပန်အမှုဆောင်အရာရှိကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် သွားရောက်တွေ့ဆုံ
ဇူလိုင် ၅ ၊ The Irrawaddy
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်သည် ဆန်ဈေးနှုန်းစည်းမျဉ်း ချိုးဖောက်သည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် ဆူပါမားကက် ဖက်စပ်လုပ်ငန်းအမှုဆောင် ဂျပန်နိုင်ငံသားကို ဇူလိုင်လ ၄ ရက်နေ့တွင် သွားရောက် တွေ့ဆုံသည်ဟု ရန်ကုန်ရှိ ဂျပန်သံရုံး က ပြောသည်။ သံအမတ် မစ္စတာ အီချီရို မာရူယာမသည် Aeon Orange ကုမ္ပဏီ၏ ကုန်စည်ဌာန အကြီးအကဲ အသက် ၅၃ နှစ်အရွယ် မစ္စတာ ဟီရိုရှီ ကာစာမတ်ဆုကို ကျန်းမာစွာ တွေ့ရကြောင်း ပြောသည်။ မစ္စတာ ကာစာမတ်ဆုသည် ဇွန်လ ၃၀ နေ့မှ စတင်ပြီး ရန်ကုန်ရှိ ရဲစခန်းတခုတွင် စုံစမ်းစစ်ဆေးခံနေရသည်။ထိုဆူပါမားကက်သည် ဂျပန် လက်လီအရောင်း လုပ်ငန်း Aeon ကုမ္ပဏီနှင့် ဒေသခံလုပ်ငန်း Creation Myanmar Group of Companies Ltd တို့က ၂၀၁၆ ခုနှစ်တွင် ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံခြင်းသည် မစ္စတာ ကာစာမတ်ဆု စောလျင်စွာ လွတ်မြောက် ရေးအတွက် ကြိုးစားနေသည့် ဂျပန်အစိုးရ၏ တောင်းဆိုချက်ကြောင့် အကောင်အထည် ပေါ်လာခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ သည် သူ့ကို အမြန်ဆုံးလွှတ်ပေးရန် အာဏာသိမ်း စစ်ကောင်စီကို ဆက်လက် တောင်းဆိုမည်ဟု သံရုံးက ပြောသည်။
၁၀။ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရန် စစ်ခေါင်းဆောင်ပြော
ဇူလိုင် ၅ ၊ The Irrawaddy
ရှမ်းမြောက်ဒေသ တိုက်ပွဲများ ပြန်လည် ပြင်းထန်နေချိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က ဇူလိုင်လ ၄ ရက်တွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံခဲ့ရာ တရုတ်-မြန်မာအေးအတူ ပူအမျှ အသိုက်အဝန်းထူထောင်ကြရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်သည်။ တရုတ်သံအမတ် မစ္စတာချန်ဟိုင်သည် မြန်မာနိုင်ငံတွင် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာခါနီး စစ်ခေါင်းဆောင်အား သွားရောက် နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်က သံအမတ်ကြီး တာဝန်ထမ်းဆောင်သည့်ကာလအတွင်း တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာ စေရန် ကြိုးပမ်းမှုများကို အပြုသဘောဆောင် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် အလွန်အလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်နက်ရှိုင်းလာစေရန် ဆောင်ရွက်ပြီး မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေရာတွင် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမှုများ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုစသည်တို့ကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
၁၁။ မိုးကုတ်တွင် စစ်ကောင်စီက ဘဏ်ဖောက်၍ ကျပ်သိန်းပေါင်း ၂၀,၀၀၀ ဖိုးခန့် ယူသွားဟု TNLA ဆို
ဇူလိုင် ၅ ၊ Mizzima
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မြို့အနောက်ပိုင်း၌ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်မှ ကမ္ဘောဇဘဏ်( KBZ Bank ) နှင့် CB Bank တို့ကို ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မျက်ရတနာများကို စုစုပေါင်း ကျပ်သိန်းပေါင်း ၂၀,၀၀၀ တန်ဖိုးခန့် ယူဆောင်သွားသည်ဟု တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဇူလိုင် ၅ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်သည်။ မိုးကုတ်မြို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မြို့အနောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇွန်လ ၂၇ ရက်နေ့တွင် TNLA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာ စခန်း၊ ရွှေမျက်ဝန်းစခန်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းဝင်ရောက်ကာ ကျပ်ပြင် ရဲစခန်းနှင့် ဘဏ်များ၌ ထွက်ပြေးခိုအောင်းနေခဲ့ခြင်းဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။ထို့နောက် TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့မှ လိုက်လံရှင်းလင်းရာတွင် ဘဏ်အတွင်းခိုအောင်းနေသည့် စစ်ကောင်စီတပ်သားများမှ KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မျက်ရတနာများကို ဖောက်ထွင်း ယူဆောင်သွားကြောင်း အထောက်အထားများတွေ့ရှိရ သည်ဟု ဆိုသည်။TNLA မှ သိမ်းဆည်းရရှိသည့် စစ်ကောင်စီတပ်သားရုပ်အလောင်းများတွင် တဦးချင်းစီ၏ ကျောပိုးအိတ် များ၌ ငွေသားကျပ် သိန်း ၅၀ နှင့် ကျောက်မျက်ရတနာများ တွေ့ရှိရသည်ဟု ဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၂။ ရေဦးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်၍ အမျိုးသမီး သေဆုံး
ဇူလိုင် ၅ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ခြမ်း သုံးမိုင်ခန့်အကွာရှိ လေးရွာသာစည်ရပ်ကွက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့သည်။
ဇူလိုင် ၄ ရက်၊ ညပိုင်း ၇ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။အဆိုပါ ဖြစ်စဉ်အတွင်း လေးရွာ သာစည်ရပ်ကွက်နေ မအေးစိုး(အသက် ၃၇ နှစ်)သည် လက်နက်ကြီးအစ ထိမှန်ကာ နေရာတင်သေဆုံးခဲ့ပြီး ၊ အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ကျွဲများလည်း ထိခိုက်သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade ပြန်ကြားရေးထံမှ သိရသည်။ရေဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်က ခန့်မှန်းစစ်အင်အား ၃၀၀ ခန့်ဖြင့် တိုင်းရင်းဆေးရုံနှင့် အ.ထ.က (၁) တို့တွင် တပ်စွဲနေပြီး ၊ လက်ရှိအချိန်တွင် စစ်ကြောင်း ထိုးခြင်းမရှိဘဲ ညပိုင်းအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ ညစဉ်ပြုလုပ်နေကြာင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
၁၃။ မြင်းခြံမှာ စစ်ကြောင်းထိုးစဉ် ဒေသခံ တစ်ရာခန့် ဖမ်းဆီးခံရ
ဇူလိုင် ၅ ၊ RFA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရင်းဘို့ရွာနဲ့ ကျောင်းဖြူကန်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၄ ရက်နေ့မှာ စစ်ကြောင်း ထိုးစဉ် ကျောင်းဖြူကန်ရွာ စာသင်ကျောင်းမှာ ပိတ်မိသွားတဲ့ လူတစ်ရာခန့် ဖမ်းဆီးခံထားရပါတယ်။အင်အားခြောက်ဆယ် ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တူရင်းဘို့ရွာကို ဝင်ရောက်စီးနင်းရာမှာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တူရင်းဘို့ရွာသားတွေကတော့ သူတို့ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောင်းဖြူကန်ရွာကို ထွက်ပြေးခဲ့ကြတာပါ။ စစ်ကြောင်းက ညနေပိုင်းမှာ ကျောင်းဖြူကန်ရွာကို ဆက်လက်ဝင်ရောက်စီးနင်းစဉ် ရွာနှစ်ရွာပေါင်းက လူတစ်ရာခန့် ဖမ်းဆီးခံလိုက်ရတာ လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “တူရင်းဘို့ကနေ ကျောင်းဖြူကန်ရွာက စာသင်ကျောင်းထဲ ရှောင်ကြတော့ သူတို့ (စစ်ကောင်စီတပ်) က ရှောင်တဲ့ဘက်လိုက်လာတော့ ရှောင်တဲ့သူတွေက မရှောင်နိုင်တော့ဘူး။ အကုန်လုံး တစ်ရာ လောက်က ကျောင်းဖြူကန် ကျောင်းထဲမှာပဲ မိသွားတာ။ သူတို့ကို သော့ခတ်ပြီးတော့ ပိတ်ထားတယ်”
စစ်ကြောင်းဝင်လာတာကြောင့် လူနှစ်ထောင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
၁၄။ ရေဖြူမှာ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားလေးဦး သတ်ဖြတ်ခံရ
ဇူလိုင် ၅ ၊ RFA
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံလေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ရေဖြူမြို့နယ် ခေါင်ပြန်ရွာက အသက် ၄၀ ကနေ ၆၀ ကျော်အရွယ်ရှိကြတဲ့ ဦးကျော်စိန်၊ ဦးအောင်ဇော်ဝင်း၊ ဦးသားသား (ခ) ဦးလိုင်းယားနဲ့ ဦးနိုင်နိုင်တို့ ဖြစ်ပါတယ်။ ခေါင်ပြန်ရွာကို ဇူလိုင်လ ၁ ရက် နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပြီး အလောင်းတွေကိုတော့ ခေါင်ပြန်ရွာ အနီးမှာရှိတဲ့ ချောင်းထဲမှာ ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေက ပြန်တွေ့ခဲ့တာလို့ DDMSC ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါ တယ်။ ရုပ်လောင်းတွေဟာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့အပြင် ဓားနဲ့ထိုးသွင်းဒဏ်ရာ အများအပြားလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။
Comments