နေ့စဉ်သတင်းစုစည်းမှု
06-July-2024
တိုက်ပွဲသတင်း
၁။ လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချ
ဇူလိုင် ၆ ၊ The Irrawaddy/ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ နမ့်ပေါင်တိုက်နယ်ရှိ ခလရ-၂၉၁ တပ်ရင်းဌာန ချုပ်ကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက ယမန်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း သိရသည်။ဇူလိုင် ၃ ရက်မှ စတင်ပြီး ခလရ-၂၉၁ တပ်စခန်းကို မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၃ ရက်တွင် စစ်ကောင်စီ တပ်များက လားရှိုးမြို့သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သောကြောင့် တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဗျူယာတပ် စခန်းသိမ်းပိုက်စဥ် စကစတပ်ဘက်မှအင်းအား ၃၀၀ ကျော် MNDAA ထံလက်နက်ချသွားတယ်။ခလရ-၂၉၁ ၌ စစ်ကောင်စီ အင်အားရာချီ တပ်စွဲထားပြီး တိုက်ပွဲအတွင်း စခန်းမကျစေရေး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့သည်။
၂။ ကျောက်တံခါးတွင် စစ်ကောင်စီထောက်ပို့ရထား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
ဇူလိုင် ၆ ၊ Mizzima
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် မန္တလေးမှ ရန်ကုန်ဘက်သို့ လာသည့် ရထားတစင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပါသည်။ ဇူလိုင်လ ၅ ရက်၊ နံနက် ၇ နာရီ ၁၈ မိနစ်အချိန်တွင် မန္တလေးမှ ရန်ကုန်ဘက်သို့ လာသည့် ရထားကို ပိန်းဇလုပ်ဘူတာနှင့် သူဌေးကုန်းဘူတာအကြားရှိ တံတားအမှတ် (၁၄၈) တွင် RPG၊ သေနတ်များ အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရထားသည် စစ်ကောင်စီထောက်ပို့ရထားတစင်းဖြစ်ပြီး ရထားပေါ်တွင် ထောက်ပို့ပစ္စည်းများ တင်လာ ကြောင်းနှင့် ပြည်သူများ လိုက်ပါစီးနင်းမှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ ရဲဘော်တင်ဦးက ပြောသည်။
၃။ လွိုင်ကော်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
ဇူလိုင် ၆ ၊ Mizzima
ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင် ၆ ရက်ထိ တိုက်ပွဲ တကျော့ပြန် ပြန်လည်ဖြစ်ပွား နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လွိုင်ကော်မြို့ တောင်ဘက် မြို့စွန်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲကတော့ ဒီ ဇူလိုင် ၃ ရက်နေ့မှာ စဖြစ်တာပါ။ စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေကတော့ ရှိနေတုန်းပဲ ဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့ပေါ်ရှိ နန့်ဘော်ဝမ်ရပ်ကွက်၊ နောင်ယားရပ်ကွက်၊ မိုင်းလုံးရပ်ကွက်နှင့် GTC ကျောင်းများတွင် တပ်စွဲထားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ဇူလိုင်လ ၃ ရက်နေ့မှ စတင် ကာ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။
၄။ မတ္တရာမြို့နယ်စစ်ဆင်ရေး စစ်ကောင်စီတပ် စခန်း ၂၅ ခုအထိ မန္တလေး PDFပူးပေါင်းတပ် သိမ်းပိုက်
ဇူလိုင် ၆ ၊ People’s Spring
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – မန္တလေး PDF က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း၊ ကျောက်မဏ္ဍပ် တပ်စခန်း၊ စပါးကျည်တောင် တပ်စခန်း၊ ကျောက်ကြမ်းတောင် တပ်စခန်း၊ ငွေပုထိုး တပ်စခန်း၊ ရှင်မတောင် တပ်စခန်း၊ နဂါးပတ် တပ်စခန်း၊ နွားခြံကုန်း တပ်စခန်း၊ ဝန်တင်ကုန်း တပ်စခန်း၊ လက်သန်းတောင် တပ်စခန်း၊ ခြေတော်ရာ တပ်စခန်း၊ ကိုရင်လေးတောင် တပ်စခန်း၊ ကင်းရွာ တပ်စခန်း၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာ ရဲစခန်းနှင့် ပတ်လည်အင်း တပ်စခန်းတို့ အပါအဝင် ရန်သူ့တပ်စခန်း ၂၅ ခုထိ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ မန္တလေး PDF သည် စဉ့်ကူးမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်းများနှင့် လက်နက် ခဲယမ်းများ သိမ်းပိုက်ရရှိထားသည်။
၅။ SSPP ပစ်ခတ်၍ TNLA ဗိုလ်ကြီးတဦး သေဆုံး
ဇူလိုင် ၆ ၊ The Irrawaddy
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း သီပေါမြို့နယ်တိုက်ပွဲများ၌ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို သယ်ယူပို့ဆောင် စဉ် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခြင်းခံရပြီး တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA)သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် သေဆုံးခဲ့ရသည်ဟု TNLA က သတင်းထုတ် ပြန်သည်။ ဇူလိုင်၅ ရက်တွင် သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ဦးဆောင်ပြီး TNLA တပ်ဖွဲ့ဝင် ၃ ဦးသည် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၀င် စစ်သုံ့ပန်းများအား ခေါ်ဆောင်လာစဉ် သီပေါမြို့ ကြံခင်း (ရေပူ)ရွာအနီး လမ်းဘေး ဘုန်းကြီးကျောင်းဝင်း၌ အသင့်စောင့်ဆိုင်းနေသည့် SSPP/SSA တပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ ရသည်။ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် ကားပေါ် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန် တပ်ဖွဲ့ဝင် ၃ ဦးတို့ မှာ လက်နှင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
၆။ လားရှိုးမြို့ထဲ တိုက်ပွဲပြင်းထန်နေ
ဇူလိုင် ၆ ၊ BBC
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ထဲက ရပ်ကွက် (၅) တဝိုက်မှာ ဇူလိုင် ၆ ရက်ကစပြီး စစ်တပ်နဲ့ ကိုးကန့်တပ် (MNDAA) တို့ကြား တိုက်ပွဲပြင်းထန်နေပါသည်။ ရပ်ကွက် (၅) အကျော် မန်အိုင်ကုန်းပေါ်က စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၅၀၇) တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကနေ တိုက်ပွဲဖြစ်နေတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေပါတယ်။ရပ်ကွက် (၅) တဝိုက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ စစ်ရှောင်မရဘဲ ပိတ်မိနေခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးအပြင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်နေကြတာကြောင့် မြို့ပေါ်က လူနေအိမ်တွေအပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရုတ်ကို သွားရောက်
ဇူလိုင် ၆ ၊ BBC
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဟာ ဇူလိုင် ၆ ရက် မနက်မှာပဲ နေပြည်တော်လေဆိပ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီ လို့ သိရပါတယ်။ဒုတိယ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို တက်ရောက်မယ်လို့ သိရပါတယ်။ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီး ၃ နှစ်ခွဲကာလ အတွင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။မနှစ်က ဘေဂျင်းမှာလုပ်တဲ့ တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့တာက စစ်ကောင်စီရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအနေနဲ့ဖိတ်တာလို့ နားလည်ရပါတယ်။မြန်မာနိုင်ငံမှာ ဇူလိုင် လကုန်မှာ အရေးပေါ်ကာလ ကြေညာချက် သက်တမ်းပြည့်မှာဖြစ်သလို တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကာလမျိုးမှာ ကြည်းတပ် ခေါင်းဆောင်ရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။
၈။ INGO ၊ NGO တွေကို ပြန်စိစစ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ပြော
ဇူလိုင် ၆ ၊ BBC
မြန်မာပြည်တွင်းက စည်းကမ်းဖောက်ဖျက်မှုတွေရှိနေလို့ ပြည်တွင်း၊ပြည်ပ အရပ်ဖက် အဖွဲ့အစည်း (INGO ၊ NGO) တွေကို ပြန်စိစစ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့ကလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ လူမှုအဖွဲ့အစည်းဆိုတဲ့ အကြောင်းပြချက်နဲ့ စည်းကမ်းဖောက်နေတဲ့ INGO ၊ NGO တွေကို အသင်းအဖွဲ့များစည်းကမ်းတွေနဲ့အညီ ပြန်စိစစ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဟာ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာက အသစ်ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေ သစ်အရ ပြည်တွင်း၊ ပြည်ပ အရပ်ဖက် အဖွဲ့အစည်း (NGO၊ INGO) တွေအားလုံး မဖြစ်မနေမှတ်ပုံပြန်တင်ခိုင်းခဲ့ပါတယ်။ မှတ်ပုံမတင်နေတဲ့ အဖွဲ့အစည်းတွေကို စိစစ်တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၁၀ သိန်းအထိ ချမှတ်မယ် လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ စစ်တပ် ကြဲချသည့်ဗုံး မိုးကုတ်နေအိမ်တစ်လုံးပေါ်ကျ၊ မောင်နှမနှစ်ဦး ပွဲချင်းပြီး သေဆုံး
ဇူလိုင် ၆ ၊ Myanmar Pressphoto Agency
မိုးကုတ်မြို့အနောက်ပိုင်း၊ ဘော်လုံးကြီးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီတပ် ဒရုန်းဖြင့် ကြဲချသည့်ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ မောင်နှမနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ဇူလိုင် ၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဘော်လုံးကြီးကျေးရွာ၊ ရွာအလယ်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီးကျခဲ့ရာ မီးဖိုချောင်၌ ထမင်းစားနေသည့်မောင်နှမနှစ်ဦး ဗုံးထိမှန် သေဆုံးခဲ့သည်။ သေဆုံးသွားသူမှာအသက်၆၀ အရွယ်ရှိ ဦးမောင်မောင်နှင့် အသက် ၄၀ အရွယ်ရှိ ဒေါ်ယာအိတို့ ဖြစ်ကြောင်း သိရသည်။ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA ပူးပေါင်းတပ်က ထိန်းချုပ် ထားနိုင်ပြီဖြစ်သော်လည်း မြို့ပြင်စစ်တပ်အထိုင်စခန်းဖြစ်သည့် ဂွေးပင်ကျေးရွာစစ်တပ်စခန်း ကျန်နေသေးကြောင်း သိရ သည်။
၁၀။ မြိုင်တွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အမျိုးသမီး သေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာရ
ဇူလိုင် ၆ ၊ RFA
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ခဲ့ရာ အမျိုးသမီး သေဆုံးပြီး သုံဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် ၅ တွင် မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာမှ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အိုရင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။“တွင်းမရွာကနေပစ်တာ ည ရှစ်ခွဲ လောက်မှာ သုံးချက်ပစ်တာ။နှစ်လုံးက ရွာကို ကျော်ကျသွားတယ် ။တစ်လုံးကတော့ အိမ်ရှေ့မှာ ထွက်ထိုင်ပြီး စကားပြော နေတဲ့ မိသားစု လေးဦးရှေ့ ကျရောက်ပေါက်ကွဲသွားတယ်။ အမျိုးသမီးက သေတယ်။သူ့အမျိုးသား တစ်ဦးနဲ့ သား၊သမီးတွေ လားတော့ မသိဘူး။ နှစ်ဦးဒဏ်ရာရတယ်။စိုးရိမ်ရတဲ့အခြေအနေပါ” ဟု မြိုင်ပကဖ၊ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြော သည်။
၁၁။ ကျောက်မဲမြို့တွင်းသို့ အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် CDM ပြုလုပ်ထားသည့် လားရှိုးခရိုင် ကျန်းမာရေးမှူး ဒေါ်နန်းမွေလင်းစံနှင့် မိခင်ဖြစ်သူသေဆုံး
ဇူလိုင် ၆ ၊ D Day News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ CDM ပြုလုပ်ထား သည့် လားရှိုးခရိုင် ကျန်းမာရေးမှူး ဒေါ်နန်းမွေလင်းစံနှင့် မိခင်ဖြစ်သူတို့နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း NUG၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဇွန်လ ၂၉ ရက်နေ့က ကျောက်မဲမြို့တွင်းသို့ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်တစ်လုံးသည် လားရှိုးမြို့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ထားသော မြို့နယ် သူနာပြု ဆရာမကြီး ဒေါ်နန်းမွေလင်းစံ၊ အသက် (၅၁) နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်နန်းခင်ဖုန်း၊ အသက် (၇၃) နှစ်တို့၏ နေအိမ်ကို ထိမှန် ပေါက်ကွဲခဲ့ပြီး သားအမိ (၂) ဦးစလုံး ကွယ်လွန်သွားကြောင်း သိရသည်။
၁၂။ ကလေး၊ နန်းချောင်းရွာထဲ စစ်တပ် ဒရုန်းဖြင့် ကြဲချသည့် ဗုံးထိမှန်ကာ အမျိုးသားတစ်ဦးသေဆုံး
ဇူလိုင် ၆ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်းရှိ နန်းချောင်းရွာထဲသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၆ ရက်တွင် ကလေးမြို့ အောင်မြင်သာရွာ(ခ)သဲကုန်းတန်းရွာ၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်က နန်းချောင်းရွာ ကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဦးဇော်မင်းထွန်း(ခ)ဦးမောင်ဇော်(၃၈နှစ်)မှာ ဗုံးသီးထိမှန်ကာ သေဆုံးခဲ့သည်။ "စကစက နန်းချောင်းရွာကို ဒီမနက် ဗုံးနဲ့လာချသွားတာမှာ ကိုမောင်ဇော်ဗုံးထိသွားတယ်။
ဦးဇော်မင်းထွန်း(ခ)ဦးမောင်ဇော်သည် ဆည်တော်ဦးရွာဇာတိဖြစ်ပြီး ဇနီးနှင့်သားသမီး သုံးယောက်ရှိကာ နန်းချောင်းရွာ၌ အခြေချနေထိုင်နေသူဖြစ်ကြောင်း သိရသည်။
၁၃။ ဆီဆိုင်မြို့နယ်ရှိ နားခိုက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး
ဇူလိုင် ၆ ၊ PVTV
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ က ဇူလိုက် ၆ ရက်၊ မနက် ၉ နာရီမှာ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ်အဖွဲ့က ကျေးရွာကို မီးရှို့ခြင်းကြောင့် နေအိမ် ၆ အိမ် ထက်မနည်း မီးလောင်ခဲ့ပြီး နေအိမ်အချို့ကို သံဃာတော်တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့တာကြောင့် မီးမကူးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့ စစ်မှ အင်အား ၁၅၀ ခန့်က ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် ပြည်သူ ပိုင် ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ PNO ပြည်သူ့စစ်အဖွဲ့က နားခိုက်ကျေးရွာကို ဝင်ရောက်မီးမရှို့ခင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာ အတွင်းကို ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၁၄။ တီးတိန်တွင် ၁၂ နှစ်အရွယ်မိန်းကလေးငယ်ကို စစ်သား ၂ ဦးက မုဒိမ်းကျင့်
ဇူလိုင် ၆ ၊ DVB
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ မွောလ်ပီးရွာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီ တပ်သား ၂ ယောက်က မုဒိမ်းကျင့်ခဲ့ပြီး နောက်ထပ် မိန်းကလေး ၂ ယောက်ကိုလည်း မုဒိမ်းကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဇူလိုင် ၅ ရက်နေ့ မနက် ၆ နာရီအချိန်က မွောလ်ပီးရွာကအိမ်ထဲမှာ ထမင်းချက်နေတဲ့ မိန်းကလေးငယ်ကို စစ်ကောင်စီတပ်သား ၂ ယောက်က မုဒိမ်းကျင့်မှုဖြစ်ခဲ့တာပါ။ ကျူးလွန်ခဲ့တဲ့ စစ်သား ၂ ယောက်ဟာ ကလေးမြို့ကနေ ချင်းတောင်ကို ကား ၆ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့အထဲက စစ်သားတွေဖြစ်ပြီး သူတို့မှာ ဘက်တံဆိပ်တွေ မပါတဲ့အတွက် ဘယ်တပ်ကဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။ ဖြစ်စဉ်ကို ရွာလူကြီးတွေက စစ်ကောင်စီစစ်ကြောင်းမှူး ကို တိုင်ကြားခဲ့ပြီး စစ်သားတွေဘက်က ငွေကြေးနဲ့ညှိနှိုင်းပြီးနောက် စစ်ကြောင်းကလည်း ကလေးမြို့ဘက်ကို ပြန်လှည့် သွားတယ်လို့ သိရပါတယ်။
댓글