top of page

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်

နေ့စဉ်သတင်းစုစည်းမှု

07-July-2024


တိုက်ပွဲသတင်း

 

၁။ သံတွဲလေဆိပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးပြီး လက်ကျန်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်

 

ဇူလိုင် ၇ ၊ Mizzima

 

ငပလီမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပါသည်။ သံတွဲဒေသတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၄၀၀ ကျော်သေဆုံးပြီး လက်ကျန်တပ်ရင်းကို ဆက်လက်ထိုးစစ် ဆင်နေကြောင်း အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သည်။ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့ကြောင်း အာရက္ခတပ်တော် (A) က ဆိုသည်။သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် သံတွဲလေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီး ဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တတိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့သော်လည်း AA ၏ ထိုးစစ်များ အောက် အရေးနိမ့်ကာ သံတွဲလေဆိပ်နှင့် တပ်စခန်းများကို လက်လွှတ်ခဲ့ရသည်။ လက်ရှိမှာ သံတွဲ၌ တခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ (၅၅) တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီ ကမ်းခြေရှိရာ သံတွဲမြို့နှင့် နခခ(၂)၊ နခခ(၅) တည်ရှိရာ မောင်တောမြို့များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

 

၂။ မောင်တော နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်သား အလောင်း ၃၅၀ ကျော်နှင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

ဇူလိုင် ၇ ၊ D Day News

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သားအလောင်း ၃၅၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း ရခိုင့်တပ်တော် - AA က ထုတ်ပြန်သည်။

ဇူလိုင်လ ၆ ရက်တွင် နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို စစ်ကောင်စီတပ်သား အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများနှင့်အတူ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ နခခ ၂ တပ်စခန်း တွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ စုပေါင်းကာ ခုခံကာကွယ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလားတူ မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ (၂) လေး မိုင် စခန်း၊ နခခ (၅) မြို့သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်း ရခိုင့်တပ်တော်မှ မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၃။ မတ္တရာမြို့နယ်၊ ရုံပင်ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရ

 

ဇူလိုင် ၇ ၊ People's Spring

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ရုံပင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဇူလိုင် ၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ရုံပင်ကျေးရွာကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက ပေါင် ၂၀၀ ဗုံးသီး ကြဲချပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ ကြောင်း Wetlelt Informational Network အဖွဲ့က ပြောသည်။ ပစ်ခတ်မှုကြောင့် အသက်(၅၀)အရွယ် အမျိုးသမီးတစ်ဦး‌ သေဆုံးပြီး၊ အသက်(၂၀)အရွယ် အမျိုးသားတစ်ဦး၊ (၃၀)အရွယ် အမျိုးသမီး တစ်ဦး၊ (၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် (၆)နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlelt Informational Network အဖွဲ့က ပြောသည်။

 

၄။ မိုးမိတ်မြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သားနှစ်ဦးသေဆုံး

 

ဇူလိုင် ၇ ၊ People's Spring

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့၊ ဇူလိုင် ၆ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၆ ရက် ညနေ ၅ နာရီခွဲခန့်နှင့် ၆ နာရီခန့်တွင် စစ်ကောင်စီက မြို့ပေါ်နေရာအချို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်သည်။ "အိမ်ခုနစ်လုံး ပျက်ဆီးတယ်။ လူနှစ်ဦး သေဆုံးတယ်။ အပြင်ထွက်လို့မရသလို ဘယ်သူဘယ်ဝါဆိုတာ မသိရေးသေးဘူး' ဟု ဒေသခံတစ်ဦးက ပြောသည်။သေဆုံးသူနှစ်ဦးအနက်တစ်ဦးသည် ကိုနိုင်ဝင်း ဟု သတင်းရရှိသည်။ ကျန်တစ်ဦးကို မသိရသေးပေ။ စစ်ကောင်စီက‌ မိုးမိတ်မြို့ ရွှေဇာလီရပ်ကွက်နှင့် မြို့ပေါ်နေရာအချို့ကို ညနေ ၅ နာရီခွဲတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးလေးလုံး၊ ည‌နေ ၆ နာရီခန့် တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးလေးလုံး ကြဲချ တိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။




 

 

 

 

 

 

 


 
 
 

1 Comment


Guest
Jul 08, 2024


Like

+14343654234

©2022 by Buy2Donate. Proudly created with Wix.com

bottom of page