နေ့စဉ်သတင်းစုစည်းမှု
08-July-2024
တိုက်ပွဲသတင်း
၁။ လားရှိုးမြို့ ၏ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်း မဟာမိတ်တပ်များက သိမ်းပိုက်ရရှိ
ဇူလိုင် ၇ ၊ Khit Thit Media
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၏ ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက် ရရှိခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားအများအပြား ထွက်ပြေးကုန်ကြကြောင်း၊ နယ်မြေရှင်းလင်းလုပ်ဆောင် နေပြီး အခြေအနေ အသေးစိတ် မသိရှိရသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။ အဆိုပါ တပ်ရင်းစခန်း ဌာနချုပ်ကို ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ MNDAA ဦးဆောင်သော တပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၅ ရက် အကြာ တွင် တိုက်ခိုက်သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
၂။ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ဇူလိုင် ၇ ၊ Khit Thit Media
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်။ ဇူလိုင် ၇ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပိုင်းရှိ ခင်မွန်ရွာအနီးတွင် ကြေးနီကားများကို လုံခြုံရေးယူပေးပြီး ခရီးသွား ပြည်သူများထံမှ ခြိမ်းခြောက် ငွေတောင်းနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး MA-1 သေနတ် ၁ လက်နှင့် MA-11 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိ ရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ၁၉၆၂ ခုနစ်၊ ၇ ဇူလိုင် ကျောင်းသားအရေးအခင်း၌ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် စစ်အာဏာရှင်များကို လက်စားချေ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၃။ ပုလဲမြို့ထွေအုပ်ရုံးနှင့် ရဲစခန်း စီးနင်းတိုက်ခိုက်ခံရ
ဇူလိုင် ၈ ၊ The Irrawaddy
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဇူလိုင် ၇ ရက်နေ့ တွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က တပြိုင်တည်း ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ခိုက် မှုကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက်- နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် ရပ်ရွာ တော်လှန်ရေးတပ်ပူးပေါင်းတပ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ တိုက်ပွဲ မှာ ၃ နာရီခန့် ကြာမြင့်ခဲ့ကာ၊ တိုက်ခိုက်မှုအတွင်း အမျိုးသမီး ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်၂ ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ကိုပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ အပ်နှံလိုက်သည်။
၄။ လွိုင်ကော်တကျော့ပြန်တိုက်ပွဲ ဆက်ပြင်းထန်
ဇူလိုင် ၈ ၊ Mizzima
ကရင်နီပြည်၊လွိုင်ကော်မြို့တွင် KNDFနှင့် စစ်ကောင်စီတို့ တကျော့ပြန်ဖြစ်ပွားနေသည့်တိုက်ပွဲ ရက်သတ္တပတ်ခန့် ကြာမြင့် ခဲ့ပြီး ဇူလိုင်လ ၈ ရက် အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေခဲ့သည်။ လွိုင်ကော်မြို့တောင်ဘက်ရှိ နန့်ဘော်ဝမ်ရပ်ကွက်၊ နောင်ယားရပ်ကွက်နှင့်မိုင်းလုံးရပ်ကွက်တို့တွင် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၈ ရက်တွင် လွိုင်ကော်မြို့၊မိုင်းလုံရပ်ကွက်၌ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။“စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းတွေကတော့ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရှိနေသေးတယ်။ လောလောဆယ် တိုက်ပွဲကလည်း ဖြစ်နေတဲ့အတွက် ရှောင်နေတာမျိုးလည်း ရှိပါတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက မဇ္ဈိမကို ပြောသည်။
၅။ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်
ဇူလိုင် ၈ ၊ RFA
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင်လ ၈ ရက်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အုန်းပင်ရေထွက်ရပ်ကွက်နဲ့ ကောက် ကောက်ရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်နေပါတယ်။ တိုက်ပွဲအတွင်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ နေထိုင်သူတွေလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။
၆။ သံတောင်မှ ဆင်းလာသည့် စစ်ယာဥ်တန်း ဖြတ်တိုက်ခံရပြီး စစ်သား ၂၀ ထက်မနည်း သေဆုံးဟုဆို
ဇူလိုင် ၈ ၊ Myanmar Pressphoto Agency
ကရင်ပြည်နယ်၊သံတောင်မြို့မှ တောင်ငူမြို့သို့ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို KNLA ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့သည်။ ဇူလိုင် ၈ ရက်တွင် သံတောင် ၁၃ မိုင်မှ တောင်ငူမြို့ဘက်သို့ ဆင်းလာသည့် အင်အား ၆၀ ခန့်ပါ စစ်ကား သုံးစီးကို ငါးမိုင်နှင့် ခြောက်မိုင်ကြား သစ်ပုံအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကားများ တောင်ငူဘက်သို့ ဆက်ဆင်းသွားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၇။ ပေါက် စစ်ရေးပစ်မှတ်များကို PDFပူးပေါင်းတပ် အင်အားအလုံးအရင်းဖြင့် ဝင်တိုက်၊ အညာဒေသစစ်ဆင်ရေး ဆင်နွှဲခြင်း ဟုဆို
ဇူလိုင် ၈ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို PDF ပူးပေါင်းတပ်ဖွဲ့က အညာဒေသစစ်ဆင်ရေးအဖြစ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ ရက်၊ ညနေငါးနာရီဝန်းကျင်မှစ၍ ည ၁၀ နာရီအထိ ပေါက်မြို့နယ် ကပစ ၂၄ ကို ဒရုန်းဖြင့်ဗုံးသီး ၁၀၀ ကျော်နှင့် ရော့ကက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါက်မြို့ နယ်၊ ပျဉ်းမကျေးရွာရှိ စက်လက်နက်ပစ္စည်းများ ထုတ်လုပ်နေသည့် ကပစ ၂၄၊၂၃ နှင့် အခြား ကပစ များအတွက် လျှပ်စစ် ပေးပို့နေသော အထိုင်လျှပ်စစ် ထရမ်စဖော်မာများကိုလည်း Drop ဗုံးသီးများ၊ ရော့ကက်များနှင့် တိုက်ခိုက်ခဲ့သည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် ထရမ်စဖာများ ပျက်စီးပြီး လျှပ်စစ်မီး ဆက်လက်ပေးပို့နိုင်ခြင်းမရှိတော့ကြောင်း မြိုင် ပကဖ ကဆိုသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်က ပေါက်မြို့နယ်၊ ကျွန်းတိုင်းကျေးရွာကို လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
၈။ မန္တလေး PDF က စဥ့်ကူးမြို့နယ်အတွင်းစစ်ကောင်စီစခန်း ၅ ခုကိုထပ်မံသိမ်းပိုက်၊ ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင် အပါ အဝင် စစ်သား ၁၅ ဦးကိုဖမ်းဆီး
ဇူလိုင် ၈ ၊ PVTV
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်မှ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်လိုက် သည်။ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်းနှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်း (၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ ရှိခဲ့ပြီဖြစ်သည်ဟု မန္တလေး PDF က ဇူလိုင် ၈ တွင် ထုတ်ပြန်သည်။
စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရရှိပြီး လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိကြောင်း အသိပေးထားသည်။ ထို့အပြင် စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များ အပါ အဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိကြောင်း ဓါတ်ပုံနှင့်တကွဖော်ပြသည်။
၉။ ရမခ စစ်တိုင်းအတွင်း စစ်ရဟတ်ယာဉ်ပေါ် လူတင်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးရှိ
ဇူလိုင် ၈ ၊ People’s Spring
လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း၊ လားရှိုး ရမခ စစ်တိုင်းရှိ အရာရှိ ကတော်များနှင့် တပ်မိသားစုဝင်များကို ရဟတ် ယာဉ်ဖြင့် သယ်ထုတ်စဉ် ကိုးကန့်တပ်(MNDAA)က ဒရုန်းဖြင့် ဗုံးကြဲချ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များ ထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကိုလည်း ဇူလိုင် ၈ ရက် တွင် လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။ ရုပ်သံတွင် စစ်ရဟတ်ယာဉ်တစ်စီး မြေပေါ် ဆင်းသက်စဉ် အနီးဝန်းကျင်ရှိ ခန့်မှန်း လူဦး ရေ ၃၀ ကျော်က ရဟတ်ယာဉ်ပေါ် တက်ရောက်နေသည်ကို တွေ့ရပြီး ရဟတ်ယာဉ်အနီး အဆိုပါလူများ စုစည်းရောက်ရှိစဉ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုသို့ ပေါက်ကွဲထိခိုက်သူအချို့ရှိခဲ့ပြီး ထွက်ပြေးသူများကိုလည်းတွေ့ရသည်။ စက်နှိုး ထားသည့် စစ်ရဟတ်ယာဉ်သည်လည်း ချက်ချင်းပျံတက်သွားသည်ကိုလည်း တွေ့ရသည်။
၁၀။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
ဇူလိုင် ၈ ၊ D Day News
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်း ၃ ခုကို သိမ်းပိုက်ရရှိပြီး နောင်ချို၊ သီပေါ၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထံက သိရသည်။ ဇူလိုင်လ ၈ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ ၊ ၁၄ ရက်မြောက်နေ့ နံနက် ၄ နာရီ ၄၄ မိနစ် အချိန်တွင် တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီ ဒုံးတပ် ၆၀၆ တပ်စခန်းကို ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား လျက်ရှိသော စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ သီပေါမြို့နယ်၊ သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မ တော် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ မိုးကုတ်မြို့နယ် မိုင်တိုင် (၅) နှင့်အိုက်ဆောင်တောင်အနီးတဝိုက်တွင်တအာင်းတပ်မတော်-TNLA နှင့် စစ်ကောင် စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားရာ (၅)မိုင်တွင် စစ်ကောင်စီ တပ်မှ လေကြောင်းပစ်ကူ Jet Fighter ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
၁၁။ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ ပျူစောထီး အထိုင်စခန်းကို PDF ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်မှု ၆ ဦး သေ
ဇူလိုင် ၈ ၊ PVTV
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ၊ညောင်ကိုင်းပျူစောထီးရွာမှ အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ ပျူစောထီးအထိုင်စခန်းအား ဇူလိုင် ၆ ရက်တွင် Fix Wing ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ရန်သူ ၆ ဦးသေဆုံးခဲ့သည်။ ညောင်ကိုင်း ရန်သူပျူစောထီး စခန်းအား ဇူလိုင် ၆ ရက် ၊ မနက် ၉ နာရီအချိန်မှာ Fix Wing ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အနောက်ကင်းမှာ ကင်းစောင့် နေတဲ့ ရန်သူ ၆ ဦး သေဆုံးနိုင်ပြီး၊အသေးစိတ် သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးပါတယ်။ ဒီတိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား ဒေသကာကွယ်ရေးတပ်၊ ဒေါင်းမာန် (Daung Man ) ပကဖ၊ Zay Ya Thwe ပကဖ၊ ကြောင်ရိုင်း ပကဖ ၊ ဗိုလ်မဟာ ပကဖ၊ Snake Eye [B4-c3] ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။\
၁၂။ မတ္တရာမှာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း NUG ပြော
ဇူလိုင် ၈ ၊ RFA
မန္တလေးတိုင်း မတ္တရာမြို့နယ်က ဇူလိုင်လ ၆ ရက်နေ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာယာဉ်တစ်စီးကို တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မန္တလေးမြို့ကလာတဲ့ သံချပ်ကာယာဉ် နှစ်စီးအနက် တစ်စီးကို RPG-7 သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ရာမှာ ကားဘီးတွေ ပျက်စီးသွားတာကြောင့် ကျန်တစ်စီးနဲ့ ဆွဲခေါ်ပြီး နောက်ပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ မတ္တရာမြို့နယ် တိုက်နယ် (၂) ပကဖ၊ ပြင်ဦးလွင် ခရိုင် အမှတ် (၁) တပ်ဖွဲ့ တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်တာ တိုက်ခိုက်မှုအတွင်းမှတော့ လက်နက် ကိုးလက် သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သားတချို့ကိုလည်း ဖမ်းဆီးရမိတယ် လို့ ဆိုပါတယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၁၃။ နယ်စပ်တည်ငြိမ်ရေး ဒုစစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ရက် ဥက္ကဋ္ဌတို့ ဆွေးနွေး
ဇူလိုင် ၈ ၊ The Irrawaddy
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်ပြည်သူ့ နိုင်ငံ ရေး အတိုင်ပင်ခံ ကွန်ဂရက် အမျိုးသားကော်မတီ ဥက္ကဋ္ဌတို့ ဇူလိုင် ၇ ရက်က တရုတ်နိုင်ငံ ချင်းတောင်မြို့၌တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းနေမှုအခြေအနေများ ဆွေးနွေးခဲ့ကြောင်း ယနေ့ ထုတ်ပြန် ထားသည်။ ဇူလိုင် ၈ ရက်တွင် ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ် (SCO) တက်ရောက်ရန် ရောက်ရှိနေသည့် ဒုစစ်ခေါင်းဆောင်နှင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ မစ္စရှန်ယွဲယွဲတို့ တွေ့ဆုံပြီး မြန်မာ နိုင်ငံ၌ ဖြစ်ပေါ်နေသည့်အခြေအနေများအပါအဝင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို အခြေခံ၍ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်သည့် အခြေအနေ၊ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာ ဗျူဟာမြောက်ပူးပေါင်းမှုတိုးမြှင့်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်း လောင်းကစားများပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ သတင်းအချက်အလက် ဖလှယ်ရယူရေးဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ တရုတ်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။
၁၄။ မတူပီတွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား တိုက်ခိုက်မှုဖြစ်ပွား
ဇူလိုင် ၈ ၊ Mizzima
ချင်းပြည်နယ်၊ မတူပီမြို့မှ စစ်ကောင်စီတပ်စခန်းများသိမ်းပြီးနောက် ချင်းလဲန်းကောင်စီ(CC) ပူးပေါင်းတပ်နှင့် ချင်းညီ နောင်(CB)မဟာမိတ်တပ်ဖွဲ့အကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းညီနောင်အဖွဲ့က ဇူလိုင် ၇ ရက်က ထုတ်ပြန်သည်။ မတူပီမြို့တွင် CC တပ်များနှင့် ဇွန်လ ၁၈ ရက်နေ့က တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့ အထိဖြစ်ပွားနေသည်ဟု ချင်းညီနောင်အဖွဲ့ကဆိုသည်။ “လှမ်းပစ်တာကို ကျနော်တို့ဘက်က ပြန်ကာပစ်ရုံပါ။ ဒရုန်းနဲ့ချတာ တော့ ကာပစ်လို့လည်းမရတော့ ကတုတ်ကျင်းထဲ အကာအကွယ်ယူနေရတဲ့ အနေအထားပါ။ CNA နဲ့ပူးပေါင်းတပ်တွေက ဆက်တိုက်ပစ်နေတာ ပြေလည်မယ့်လမ်းတော့မဟုတ်ဘူးဗျ။ CB ဘက်က တန်ပြန်ထိုးစစ်ပြန်လုပ်ရင် တိုက်ပွဲက ဒီထက် များလာနိုင်တယ်” ဟု CB အဖွဲ့ဝင် CDF – Matupi တပ်မဟာ(၁) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။
တိုက်ခိုက်မှုများအတွင်း ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များဘက်မှ ၁၀ ဦးထက် မနည်းကျဆုံးခဲ့ပြီး CDF – Matupi တပ်မဟာ(၁)မှ ရဲဘော်နှစ်ဦးအပါအဝင် ဒဏ်ရာရသူများရှိနေသည်ဟု ဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၅။ ခမရ (၅၀၇) တပ်ရင်းအနီးရှိ လားရှိုးမြို့၊ ရပ်ကွက် (၅) ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်
ဇူလိုင် ၈ ၊ Mizzima
ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်လာရှိုးရှိ မြို့ပေါ် ရပ်ကွက် (၅) ကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်မှ စတင်ကာ လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ ရပ်ကွက် (၅) နှင့် နီးကပ်သည့် စစ်ကောင်စီတပ်ဖွဲ့ ၏ ခမရ (၅၀၇) တပ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်သော မဟာမိတ်တပ်များက ဇူလိုင်လ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက် လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် မဟာမိတ်တပ်ဖွဲ့ဝင် များသည် ခမရ (၅၀၇) တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ရပ်ကွက် (၅) အတွင်းသို့ ဝင်ရောက်နေရာယူထားသည်ဟုဆိုပြီး စစ်ကောင်စီတပ်ဖွဲ့က ရပ်ကွက် (၅) တခုလုံးကို လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
၁၆။ PNLA စစ်ဦးစီးချုပ်ဇာတိရွာ မီးရှို့ခံရပြီး လူသုံးဦး သတ်ဖြတ်ခံရ
ဇူလိုင် ၈ ၊ RFA
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ရွာကို ဇူလိုင်လ ၆ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် (PNO) တပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သလို ရွာခံသုံးဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ PNO တပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ်အပါအဝင် နေအိမ်ရှစ်လုံးကို မီးရှို့ခဲ့ပြီးနောက် ဒေသခံသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ရွာအနီးတိုက်ပွဲမရှိဘဲ အင်အားတစ်ရာခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ်တွေဖြစ်တဲ့ ခွန်တမျို့၊ ခွန်ခင်နဲ့ နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
၁၇။ ပေါက်တောမြို့နယ်မှ ကျေးရွာ ၄ ရွာကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၈ ၊ Narinjara
စစ်တွေမြို့ အရှေ့ဘက် (၁၅ ) မိုင် ခန့် အကွာမှာ တည်ရှိတဲ့ ပေါက်တောမြို့နယ်က ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရှိပါတယ်။
ဇူလိုင်လ ၆ ရက်၊ ညနေ ၅ နာရီကျော်က ပေါက်တောမြို့နယ်က သဝင်ချောင်း၊ ပြိုင်းတောင်၊ သဲခုံ၊ မင်းတဲ စတဲ့ ကျေးရွာတွေ ကို ဒရုန်းတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ သဝင်ချောင်းကျေးရွာကို ဗုံး ၅ လုံး၊ ပြိုင်းတောင်ကျေးရွာကို ဗုံး ၁၀ လုံး၊ မင်းတဲ နဲ့ သဲခုံကျေးရွာကို ဗုံး ၈ လုံးစီ ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ လူတွေထိခိုက်တာ မရှိပေမယ့် လူနေအိမ်တွေတော့ အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
၁၈။ မန္တလေး - မတ္တရာလမ်းပေါ်တွင် ခရီးသွားယာဉ်များကို စစ်တပ် ဖမ်းဆီး
ဇူလိုင် ၈ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း ၊ မန္တလေး - မတ္တရာလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဇူလိုင် ၈ ရက်တွင် ခရီးသွားယာဉ်များနှင့် ပြည်သူအချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။"ဒီလမ်းပိုင်းမှာ တံတားက လေးစင်းလောက်ရှိတယ်။ ခုက ခရီးသည်ကားတွေရော ၊ ကားပေါ်မှာပါတဲ့ပြည်သူတွေလည်း ဖမ်းထားတယ်။ နောက်ပြီး ကားအလွတ်တွေပေါ့။ ဒါတွေကိုလည်း ဖမ်းထားတယ်။ ဘယ်လောက်များများ ဖမ်းထားတယ်ဆိုတာတော့မသိသေးဘူး " ဟု ၎င်းက MPA သို့ ပြောသည်။ဖမ်းဆီးခံထားရသော ကားနှင့် လူအရေအတွက်ကို မသိသော်လည်း ယနေ့မွန်းလွဲ တစ်နာရီကျော်အထိ ဖမ်းဆီးဆဲဖြစ်သလို အဖမ်းခံရသူများ ကိုလည်း ပြန်မလွှတ်သေးကြောင်း သိရသည်။
၁၉။ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်နေ
ဇူလိုင် ၈ ၊ People's Spring
မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက ဇူလိုင် ၇ ရက်ကစ၍ လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု တိုက်ခိုက်နေပြီး ဇူလိုင် ၈ ရက်တွင်လည်း ပန်းမထိပ်ရပ်ကွက်အပါအဝင် အရပ်သားများရှိနေသည့်နေရာများကို လေကြောင်းနှင့်လက်နက် ကြီး ၉ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုတွင် မြို့လယ် ရပ်ကွက် လမ်းလေးဆုံအနီးရှိ လူနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းရရှိသည်။ဇူလိုင် ၇ ရက် ညက ပစ်ခတ်သော လက်နက်ကြီးသည် ပန်းမထိပ်ရပ်ကွက် နိမ္မိတာရုံကျောင်းကျောင်းတိုက်ထိမှန်ခဲ့ပြီး ဘုရားဆင်းတုတော် အချို့နှင့် အဆောက်အအုံ အစိတ်အပိုင်းအချို့လည်း ပျက်စီးခဲ့သည်။
Comments