top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်

Updated: Jul 13

နေ့စဉ်သတင်းစုစည်းမှု

09-July-2024



တိုက်ပွဲသတင်း

 

၁။ မိုးကုတ်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

 

ဇူလိုင် ၉ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ငါးမိုင်ခန့်ဝေးသော အုပ်ဆောင်းတောင်အနီးတစ်ဝိုက်တွင် ဇူလိုင် ၈ ရက်က TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ပစ်ကူပေးခဲ့ကြောင်းလည်း သိရ သည်။ ညပိုင်းတွင်လည်း မိုးကုတ်မြို့ပေါ်သို့ Y12 လေယာဥ် ပျံဝဲခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားရာနေရာနှင့် အနောက်ပိုင်းရွှေလိပ်ပြာ အနီးသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။

 

၂။ မြိုင်မြို့ပေါ် မီးသတ်ရုံး အထိုင်ချ စစ်တပ်ကို PDF ဝင်တိုက်၊ စစ်သားနှစ်ဦး သေဆုံးဟုဆို

 

ဇူလိုင် ၉ ၊ Myanmar Pressphoto Agency

 

ဇူလိုင် ၈ ရက်တွင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်၊အမှတ် ၁ ရပ်ကွက်၊မြိုင်-မန္တလေးလမ်းမပေါ်ရှိ မီးသတ်ရုံးတွင် အင်အား ၂၅ ဦး ဖြင့် တပ်စွဲထားသည့် စစ်သားများကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တစ်နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်သားများက အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ မြိုင်မြို့အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ တောထဲ၌ နေထိုင်သော မောင်မင်းခန့်မောင် (၁၅နှစ်)နှင့် ဒေါ်အေးတင်(၄၂နှစ်) တို့ ကျည်သင့် သေဆုံး ခဲ့ပြီး ပြည်သူသုံးဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

၃။ သံတွဲမြို့နယ်၊ လင်းသာကမ်းခြေတွင် ဆုတ်ခွာလာသော စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲ ပြင်းထန်လျက်ရှိ

 

ဇူလိုင် ၉ ၊ Khit Thit Media

 

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသာကမ်းခြေတွင် ဆုတ်ခွာလာသော စစ်ကောင်စီတပ်နှင့် AA တို့အကြား ဇူလိုင် ၉ ရက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပါအဝင် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ ရပ်ကွက်များကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေပြီး အရပ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေး ကြောင်း၊ AA ၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် ပြည်သူ့စစ် များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ဖြင့် တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေလျက်ရှိသည်။

 

၄။ မြင်းမူမြို့နယ်၊ စစ်တပ်စစ်ကြောင်းနှင့် အထိုင်စခန်းကို ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲမှုတို့ကြောင့် စစ်တပ် ဘက်မှ ၂၃ ထက်မနည်းသေဆုံးဟုဆို

 

ဇူလိုင် ၉ ၊ Khit Thit Media

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဇူလိုင် ၈ ရက်နေ့က စစ်တပ်စစ်ကြောင်းနှင့် အထိုင်စခန်းကို ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ကြောင့် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ သံပြားကာကားမှ စစ်ကူရောက်လာ သဖြင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ဘဲ တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။စစ်ဆင်ရေးဆောင်ရွက် နေစဥ်အချိန် တပြိုင်တည်းတွင်ပင် ဒို့မြန်မာကျော်ဆီဆိုင်ရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့်ဗုံး ၈ ကျဲချ တိုက်ခိုက်ရာ စစ်သား ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

 

၅။ မတ္တရာနှင့် စဉ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်ပြီး စကစတပ်ဖွဲ့ဝင် ၉ ဦးသေ၊ အရာရှိအပါ ၄ ဦး ထပ်မံဖမ်းဆီးခံရ

 

ဇူလိုင် ၉ ၊ Mizzima

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်မှာ ဇူလိုင် ၉ ရက်တွင် MDY – PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးကာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ မတ္တရာမြို့နယ်မှ ရေနံ့သာတိုးဂိတ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့သည်။ အလားတူ စဉ့်ကူးမြို့နယ်ရှိ ပင်လယ်ကြီး တပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ဖမ်းဆီးခဲ့ရာ ဗိုလ်ကြီးတဦး အပါအဝင် လေးဦးကို အရှင် ဖမ်းမိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း MDY – PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

၅။ မိုးမိတ်နှင့် မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်း လေးခု TNLA ထပ်မံသိမ်းပိုက် / စစ်ဆင်ရေးလဝက်အတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ ထိ သိမ်းပိုက်နိုင်ဟု TNLA ပြော

 

ဇူလိုင် ၉ ၊ People’s Spring

မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းလေးခုကို တအာင်းတပ်မတော်(TNLA)က ဇူလိုင် ၉ ရက်တွင် ထပ်မံ သိမ်းပိုက်ရရှိခဲ့သည်။ မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် သရက်တောစခန်းနှင့် မိုင်တိုင်(၆)တပ်စခန်း တို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းပိုက်ရရှိခဲ့သည့် နေ့ရက်ကို ဖော်ပြမထားသော်လည်း လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးသည်။ မိုးကုတ်မြို့နယ်ရှိ မိုင်တိုင်(၅) စစ်ကောင်စီတပ်စခန်းနှင့် ယောမူးစခန်းတို့ကိုလည်း ဇူလိုင် ၉ ရက်တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။စစ်ဆင်ရေးစတင်ချိန်မှ ဇူလိုင် ၉ ရက်အထိ စစ်ကောင်စီ တပ် စခန်း ၄၀ ခုထိ သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၆။ TNLA နှင့် တိုက်ပွဲဖြစ်ပွားမှုထိန်းကြောင်းပေးရန် ‘၀’ တပ်ဖွဲ့ထံ SSPP အကူအညီတောင်း

 

ဇူလိုင် ၉ ၊ People’s Spring

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် ကျောက်မဲမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) အနေဖြင့် ထိန်းကြောင်းပေးရန် SSPP က စာပို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ ဇူလိုင် ၅ ရက်တွင် သီပေါ၊ ကျောက်မဲ မြို့နယ်များအတွင်း၌ မဟာမိတ်အချင်းချင်းအကြားပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး တအာင်းတပ်မတော် (TNLA) ဘက်ကလည်း ၀တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC) က ကြားဝင်ထိန်းကြောင်းညှိနှိုင်းပေးရန် TNLAက တောင်းဆိုထားသည့် နည်းတူ SSPP ကလည်း ၀တပ်ဖွဲ့ UWSA စစ်ဦးစီးချုပ် ထံ စာပို့အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။FPNCC အဖွဲ့ဝင်များလည်းဖြစ်သည့် TNLA နှင့် SSPP တို့သည် တိုက်ပွဲဖြစ်ပွား ခဲ့မှု အကြောင်းအရင်းနှင့်ပတ်သက်ပြီး အပြန်အလှန်အပြစ်တင် စွပ်စွဲမှုများ ပြုလုပ်ထားပြီး ဒေသတွင်း၌ စစ်ရေးတင်းမာ နေဆဲဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၅ ရက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲတွင် TNLA ဘက်က စစ်ဦးစီးမှူးနှင့် တပ်ရင်းမှူး နှစ်ဦး အပါအဝင်ခြောက်ဦး ကျဆုံးခဲ့သည်။

 

၇။ ကချင်နဲ့ ရိုဟင်ဂျာ နိုင်ငံရေးပါတီတည်ထောင်ခွင့် ကော်မရှင်ငြင်းပယ်

 

ဇူလိုင် ၉ ၊ RFA

 

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင်လ ၉ ရက်နေ့ ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် သိရပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ ပုဒ်မ-၅ နဲ့ ပုဒ်မ-၆ မှာပါဝင်တဲ့ ပြဌာန်းချက်တွေနဲ့ မညီညွတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်ခဲ့တာပါ။ ပုဒ်မ-၅ ပြဋ္ဌာန်းချက်ထဲမှာ ပါတီတည်ထောင်ရတဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်တွေ၊ ပါတီအမှတ် တံဆိပ်အလံတွေနဲ့ ပါတီစည်းမျဉ်းဖွဲ့စည်းပုံတွေကို တိတိကျကျ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ-၆ မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြော စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ ဆိုပြီး ရေးသားထားပါတယ်။ အခုငြင်းပယ်ခံရတဲ့ နိုင်ငံရေးပါတီနှစ်ခုဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကတည်းက နိုင်ငံရေးပါတီတွေ အဖြစ်မှတ်ပုံတင်ထားခဲ့တဲ့ ပါတီတွေ ဖြစ်ပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၈။ ဖောင်းပြင်မှာ ဒရုန်းဗုံးကြောင့် သုံးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

 

ဇူလိုင် ၉ ၊ RFA

 

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ အင်းသာရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၅ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး၊ နောက်ထပ် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၅၀ အရွယ် ဇနီးမောင်နှံနှစ်ဦးနဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူတွေထဲမှာတော့ ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးငါးဦး ပါဝင်ပါတယ်။ ရွာထဲမှာ ထမင်း၊ ဟင်း ချက်ပြုတ်နေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

၉။ မတ္တရာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၂ ဦး သေဆုံး

 

ဇူလိုင် ၉ ၊ Mizzima

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံငါ(တောင်)ရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်က အနီး ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။

ဇူလိုင်လ ၇ ရက်တွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မတ္တရာ-ဆည်တော်ကားလမ်းအနီးရှိ ကင်းကျေးရွာအတွင်းမှ ထောင်ပြည့်ဘုရားအနီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားတဦး သေဆုံးကာ သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင် ၈ ရက်တွင် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ကင်းရွာမြောက်ဘက်ရှိ အောင်ကံသာကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး အရပ်သားတဦး ထပ်မံသေဆုံးခဲ့ရသည်။

 

၁၀။ စဉ့်ကူးမြို့ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ၊ပြည်သူတစ်ဦးနှင့် အိမ်အချို့ ထိခိုက်

 

ဇူလိုင် ၉ ၊ Myanmar Pressphoto Agency

 

ဇူလိုင် ၉ ရက်နှင့် ဇူလိုင် ၈ ရက် တို့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးနှင့် လူနေအိမ်ခြေများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှု ကြောင့် လမ်းလေးခွ၊ ရပ်ကွက် (၁) နှင့် ရပ်ကွက်(၂) တို့မှ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး ပျက်စီးသွားသည့် အိမ်အရေအတွက် ကိုမူ မသိရသေးပေ။

 

၁၁။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကဗုံးကြဲလို့ ကလေးတွေအပါအဝင် သုံးဦး သေဆုံး

 

ဇူလိုင် ၉ ၊ RFA

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်ကို စစ်ကောင်စီတပ်က ဇူလိုင် ၉ ရက်နေ့မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

“ပထမတစ်ကြိမ်မှာ ကလေးငယ် ယောက်ျားလေးတစ်ဦး သေတယ်။ နောက် ဒုတိယတစ်ကြိမ်မှာ သားအမိ အမျိုးသမီးနှစ်ဦး သေသွားတယ်ဗျ။ နေအိမ် သုံးလုံးလည်း မီးလောင်ပျက်စီးသွားတယ်။ လေကြောင်းက ဒီတစ်ခေါက် တော်တော်ကြမ်း တယ်ဗျ၊ ရှောင်ချိန်တောင် မရလိုက်ဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ လေကြောင်းကနေ ပစ်ခတ်ခံရပြီး နောက်ပိုင်း အုတ်ဖိုလေးရွာသစ်အပါအဝင် ရွာလေးရွာက ဒေသခံနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရှိရပါတယ်။



 

 

 

 

 

 

 

 

 

 

8 views0 comments

Comentarios


bottom of page