နေ့စဉ်သတင်းစုစည်းမှု
10-May-2024
တိုက်ပွဲသတင်း
၁။ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်နေ
မေ ၁၀ ၊ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF တပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ နောင်ချို ဒေသခံတွေက RFA ကို ပြောပါတယ်။ မေလ ၁၀ ရက် ဒီနေ့ဒီမနက်ပိုင်းအထိ သရက်ကုန်းကျေးရွာအနီး လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ နောင်ချိုဒေသခံ တစ်ဦးက ပြောပါတယ်။ “သုံးရက်ရှိပြီ ညနေတိုင်း လေယာဉ်နဲ့ လာပစ်နေတာ။ ညနေ တိုင်းပဲ။ ဒီမနက်လည်း အကြီးအကျယ်ပဲ ပစ်နေတာ။ ရွာသားတွေကတော့ ဘယ်သူမှ မရှိတော့ဘူး။ အဲနားက ဇာလီ၊ ပါဟပ် ရွာတွေလည်း လူမရှိတော့ဘူး”။ တိုက်ပွဲကြောင့် အဲဒီကျေးရွာက ဒေသခံ သုံးထောင်ကျော်ဟာ နောင်ချို၊ ပြင်ဦးလွင်မြို့ပေါ် နဲ့ ဘန့်ဘွေး၊ သုံးဆယ်၊ ဆမ္မဆယ်စတဲ့ ကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး PDF ပြောခွင့်ရ ကိုအော်စမွန်လည်း သရက်ကုန်းရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ မေလ ၈ ရက် နေ့လယ်ပိုင်းတိုက်ပွဲမှာ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
၂။ တောင်တံငါတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး
မေ ၁၀ ၊ The Irrawaddy
မန္တလေးတိုင်း၊ မတ္တရာမြို့မြောက်ဘက်ရှိ တောင်တံငါကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ အထိုင်စခန်းငယ်အား သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(MDY-PDF)က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ စခန်းသည် မတ္တရာမြို့မှ စဉ့်ကူးအထွက် တည်ရှိကာ မတ္တရာမြို့နှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ ငွေကြေးကောက်ခံနေသော စစ်ကောင်စီစခန်းတခုဖြစ်ပြီး ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၄၅ မိနစ်အကြာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း Drone Jammer ၁ လက်၊ လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကောင်စတပ်ဖွဲ့ဝင်၏ ရုပ်အလောင်း ၁၂ လောင်း သိမ်းဆည်းရမိကြောင်း MDY-PDF က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ ထွက်ပြေး လွတ်မြောက်သွားသူများရှိပြီး အဆိုပါ တိုက်ပွဲအတွင်း MDY-PDFရဲ ဘော်တဦး ကျဆုံးခဲ့ကြောင်း သိရသည်။
၃။ သံတွဲတိုက်ပွဲ ပြင်းထန်
မေ ၁၀ ၊ The Irrawaddy
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မြောက်ဘက် ဆယ်မိုင်ကျော်အကွာ လင်းသီရွာအနားမှာ မေလ ၉ ရက် မနေ့ညက စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက်မှာလည်း သံတွဲမြို့ပေါ်က စစ်ကောင်စီတပ်ရင်းတွေနဲ့ စစ်ရေယာဥ်တွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က လေးနာရီကစဖြစ်တာ ညဆယ်နာရီအထိဖြစ်တယ်။ လင်းသီရွာတံတားဦးမှာ စစ်တပ်ချထားတာရှိတယ်။ AA ကတော့ နတ်တောင်မော်မှာ အထိုင်ချထားတယ်။ နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ ဒီနေ့မနက်လည်း တပ်ရင်းတွေနဲ့ နေဗီက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်”။ လက်ရှိမှာတော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။ သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ရေကောက်၊ ပုရစ်၊ ဒေါ်မြ စတဲ့ရွာတွေအပါအဝင် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာပေါင်း တစ်ဆယ်ကျော်က ဒေသခံတစ်သောင်းနီးပါးလည်း သံတွဲ၊ တောင်ကုတ် မြို့ပေါ်တွေနဲ့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
၄။ ကော့ကရိတ်အနီး ဒေါနတောင်ပေါ် တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က အများအပြား ထိခိုက်ကျဆုံး
မေ ၁၀ ၊ DVB
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ပေါ်မှာ မေ ၉ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်ကျဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက DVB ကို ပြောပါ တယ်။ ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာ ကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက “ရန်သူနဲ့ ဒေါနတောင်ပေါ်မှာ တိုက်ပွဲဖြစ်တာ ရန်သူဘက်က အကျအဆုံးများတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဒေါနတောင်ကို ဖြတ်ဝင်လာတာ ကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူတွေ၊ ဒရုန်းတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့ပြီး KNLA ပူးပေါင်းစစ်ကြောင်းတွေဘက်က အတတ်နိုင်ဆုံး ခုခံနေတယ်လို့ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
၅။ မိုးမောက် ခမရ ၄၃၇ ကို စီးနင်းပြီး တင့်ကားတစီး ဖျက်ဆီးနိုင်ခဲ့ဟု KIA ပြော
မေ ၁၀ ၊ The Irrawaddy
ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း-ခမရ ၄၃၇ထဲသို့ ယမန်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး တင့်ကားတစီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက"သူတို့စခန်းက တင့်ကားတစီးလည်း မီးလောင်တယ်လို့ ကျနော်တို့ ကြားပါတယ်။ ကျနော်တို့ဘက်က ဖျက်ဆီးလိုက်တယ်လို့တော့ ကြားရပါတယ်။ အတိအကျကိုတော့ ကျနော်တို့ လည်း စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု ပြောသည်။ အဆိုပါ တပ်ရင်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း တပ်ရင်း တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု အတည်မပြုနိုင်သေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ပြင် ယမန်နေ့တွင် စစ်ကောင်စီက ခမရ ၄၃၇ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီအဖွဲ့ဝင်များ ဒဏ်ရာရရှိသူများပြားခဲ့ပြီး လူနာများကို ကားဖြင့်သယ်ဆောင်လာစဉ် လမ်းခုလတ်၌ KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အဆိုပါကားမှာ မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။ ၎င်းက "၄၃၇ ကနေဒဏ်ရာရလူနာတွေကို ဗန်းမော်ဘက် သယ်လာတဲ့ကားလား ကျနော်တို့မသိရသေးဘူး။ ကျနော်တို့ဘက်နဲ့ ပြန်ပြီးတိုက်ပွဲဖြစ်တယ်လို့ ကြားရပါတယ်။ ကားတွေအကုန်လုံး မီးလောင်သွားတယ်လို့ ကြားပါတယ်။ လူနာတွေလည်း အကုန်လုံးသေသွားတယ်လို့လည်း ကြားပါတယ်။ တိတိကျကျ ပြည့်ပြည့်စုံစုံတော့ မကြားရသေးပါဘူး။ရှေ့တန်းသမားတွေ အကြောင်းကြားတဲ့ သတင်းလောက်ပဲ ကျနော်တို့ ကြားရပါတယ်"ဟု ပြောသည်။
၆။ မုံရွာ-ချောင်းဦးလမ်းပေါ်ရှိ စစ်တပ်ဂိတ်ကို PDFတို့ ဝင်ပစ်၊ ဗိုလ်တစ်ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို
မေ ၁၀ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပုံရွာအနီးရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ရှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊တပ်ခွဲ သုံး (လျှပ်စီးတပ်ခွဲ) က သတင်းထုတ်ပြန်သည်။
မေလ ကိုးရက်၊ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မုံရွာ - ချောင်းဦးလမ်းမပေါ် တောင်ပုံရွာထိပ် အခြေစိုက် စစ်တပ်စစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောပုပျူစောထီးကျေးရွာက ပျူစောထီးတစ်ဦး လည်း ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။ “ကျတော်တို့က ကားပေါ်ကနေ ရုတ်တရက် ပစ်တာ။ပစ်ပစ်ချင်း သုံး ယောက်သေတယ်။ ကျန်တဲ့ကောင်တွေက ထွက်ပြေးတယ်။ကျတော်တို့က ကားပေါ်ကနေဆင်းပြီး လိုက်ပစ်တာမှာ ငါးယောက်ထပ်သေတယ်။နှစ်ပွင့်ဗိုလ်လည်း သေတဲ့အထဲပါတယ်။ သေနတ်က ကောက်လို့မရဘူး။ကျန်နေတဲ့ စစ်သားတချို့က လက်ပစ်ဗုံးနဲ့ပစ်တော့ ကောက်လို့မရဘူး” ဟု မုံရွာခရိုင် အမှတ်၁၂ တပ်ရင်းက တပ်ခွဲမှူး ကိုမိုးကြိုးက MPAသို့ ပြောသည်။ယင်းဂိတ်မှာ တောင်ပုံရွာထိပ်ရှိ ကွမ်းယာဆိုင်ကို ဂိတ်စခန်းအဖြစ် အသုံးပြုထားခြင်းဖြစ်ပြီး စစ်သား၂၀ ခန့် ရှိကာ ခရီးသွားကားများထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်လျက်ရှိ ကြောင်းသိရသည်။
“ကျတော်တို့ တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ စစ်ကူမလာသလို လက်နက်ကြီးပစ်ကူလည်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းဂိတ်ကို PDFတို့က Fawကားတစ်စီးနှင့် ဆိုင်ကယ်တို့ဖြင့် ဝင်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။
၇။ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၃၀ ကျော်သေဆုံး
မေ ၁၀ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာအုပ်စုရှိ ဆုံကျေးရွာ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃၀ ကျော် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၉ ရက်၊ မနက် ၅ နာရီခန့်တွင် ဆုံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အထိုင်ချထား သော ကျေးရွာကို အင်အား ၂၀၀ ခန့် ပါရှိသည့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ "ဆုံရွာက ပျူရွာအကြီးစား၊ စစ်ကောင်စီက ဆုံရွာကို စံပြရွာအဖြစ် သက်မှတ်ပေးထားပြီး လက်နက်တပ်ဆင် ပေးထားတယ်။ မြင်းခြံက ပျူစောထီး သီတာယုမွန်နဲ့ စစ်ကောင်စီဘက်က ဗိုလ်တွေက ဆုံရွာ ဥက္ကဌကို MA2 တစ်လက်၊ MA3 တစ်လက် ပေးထားတယ်။ လက်နက်ကတော့ မရခဲ့ဘူးဗျာ၊ လက်နက်တွေကောက်ပီးပြေးကြတယ်၊ သူတို့ပြေးရင်း ကျန်ခဲ့တဲ့ ကာဘိုင်ဘောက်တစ်ခုပဲရခဲ့တာ"ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ တာဝန်ရှိသူ ကိုနွေဦးက MPA သို့ ပြောသည်။ တိုက်ပွဲမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဆုံကျေးရွာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် ဆီမီးခုံရေနက်ဆိပ်ကမ်းနှင့် ဆီမီးခုံရဲစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကူ လာနိုင်ခြင်း မရှိတော့ဘဲ လက်နက်ကြီးများဖြင့်သာ ဆုံကျေးရွာသို့ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၈။ လွိုင်ကော်တက္ကသိုလ် ပါချုပ်အပါ ၅ ဦးကို IEC လွတ်ငြိမ်းဖြင့် ပြန်လွှတ်
မေ ၁၀ ၊ The Irrawaddy
လွိုင်ကော်မြို့ တိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသော လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ၅ ဦးကို မေလ ၈ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မေလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နှင့် ဒုပါမောက္ခချုပ် ဒေါ်သီတာအပါအဝင် ၅ ဦး ကို လူသားချင်း စာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၂၃၊ နိုဝင်ဘာလ ၁၃ ရက်က ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် လွိုင်ကော် တက္ကသိုလ်ဝင်းအတွင်း အခြေချထားသော စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၎င်းတို့ ၅ ဦးအပါအဝင် ဝန်ထမ်းနှင့် မိသားစု ၂၀၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ခေါ်ထုတ် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၉၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ယင်းတို့ ၅ ဦးကို IEC က မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် ထောင်ဒဏ် ၂နှစ် အပြင် ငွေဒဏ် ကျပ်၉ သိန်း ပြစ်ဒဏ် ချမှတ်ခဲ့ သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ မလယ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့နေ၊ အိမ် ၇ လုံးမီးလောင်
မေ ၁၀ ၊ PVTV
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသော မလယ်ကျေးရွာကို စစ်ကောင်စီက ယနေ့နံနက် ၆ နာရီမှ စတင်ကာ မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ မလယ်ကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် မေလ ၇ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ သောကြောင့် ပြည်သူများ စစ်ရှောင်နေရခြင်းဖြစ်ပြီး လတ်တလောအချိန်ထိ ထိခိုက်ပျက်စီးမှုများကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။ အဆိုပါကျေးရွာအနီးတဝိုက်တွင် သပိတ်ကျင်းမြို့အခြေစိုက် တန်းမြင့်သင်တန်းလေ့ကျင့်ရေး ကျောင်း (တတက-၁၃) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသောကြောင့် အဆိုပါ သင်တန်းကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။ ဒေသခံတဦးက "ရွာထဲမှာက စစ်တပ်နဲ့ရဲပဲရှိတော့တာ၊ ပြည်သူတွေက မရှိကြတော့ဘူး။ ပြည်သူတွေက တိုက်ပွဲမဖြစ်ခင် ၆ ရက်နေ့ ညကတည်းက ကြိုရှောင်ကြတာရှိတယ်။ လေကြောင်းနဲ့ တိုက်ခိုက်ခံရတော့ တရွာလုံးနီးပါး ရှောင်သွားကြတယ်။ အိမ်ပျက်စီးတာကတော့ အမှတ် ၅ ရပ်ကွက် ဘက်က ပိုများမယ်ထင်တယ်။ အဲဒီရပ်ကွက်က ရဲစခန်းနဲ့ နီးတော့"ဟု ဧရာဝတီကို ပြောသည်။
မလယ်ရွာ တိုက်ပွဲကြောင့် မလယ်ရွာနှင့် အနီးရှိ မြေမှုန်၊ ကံပြား၊ ပဇီကြီး၊ ပဇီလေး၊ ရွှေဘိုချောင်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံထောင်ချီ စစ်ရှောင်နေရကြောင်း သိရသည်။
၁၀။ ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း စစ်ကြောရေးတွင် သေဆုံး
မေ ၁၀ ၊ Mizzima
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း ဦးသန်းထွန်း သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ညှဥ်းပန်းမှုကြောင့် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ပြောသည်။ ဦးသန်းထွန်း (အသက် ၅၀ ) ကျော်သည် ၎င်းနေထိုင်သည့် မရမ်းကွင်းကျေးရွာတွင် ၎င်း၏ တူမဖြစ်သူ CDM ကျောင်းဆရာမ နှင့်အတူ မေ ၇ ရက်၌ ဖမ်းဆီးခံခဲ့ရပြီး မေ ၉ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ ၎င်းတို့ကို PDF များနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးပြီးနောက် ဟိုင်းကြီးရေတပ် (ပမ္မဝတီရေတပ်စခန်းဌာနချုပ် အမှတ် ၂၃ အုပ်ချုပ်ရေးတပ်)သို့ ခေါ်ဆောင် ရိုက်နှက်စစ်ဆေးရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များက ပြောသည်။ စစ်ကြောရေးတွင် သေဆုံးပြီးနောက် ၎င်း၏ အလောင်းအား ဟိုင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဦးသန်းထွန်း သေဆုံးပြီဖြစ်၍ မိသားစုများ လာကြည့်နိုင်ကြောင်း စစ်ကောင်စီတပ်က အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောသည်။ဟိုင်းကြီးရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဦးသန်းထွန်းသည် ဆွဲကြိုးချကာ ကိုယ့်ကိုကိုယ် သတ်သေခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ဟိုင်းကြီးကျွန်းမြို့အတွင်း အမျိုးသား ငါးဦးကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသား ငါးဦးနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဦးသန်းထွန်းနှင့် ၎င်း၏ တူမဖြစ်သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မေလ ၂ ရက်၌ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ငါးဦး နှင့် မေလ ၇ ရက်တွင် ဦးသန်းထွန်းနှင့်အတူ ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမအား မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးကြောင်း၊ ၎င်းတို့အနေဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြော သည်။
၁၁။ ဆီဆိုင်မြို့နယ်မှာ ရွာသူကြီးနဲ့ညီဖြစ်သူ နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က ဖမ်းဆီးသတ်ဖြတ်
မေ ၁၀ ၊ PVTV
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာရဲ့ ရွာသူကြီးနဲ့ ညီဖြစ်သူကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေက မေလ ၁၀ ရက် မနက်မှာ ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီနေ့ ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ဘေးရှောင်နေတဲ့ ရွာသူကြီး ဝေးဇာခွန် နဲ့ ညီဖြစ်သူ ဝေးပလွန်တို့ နှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပြောဆို တိုင်ပင်စရာရှိတဲ့အတွက် ရွာကို ခဏပြန်လာခဲ့ဖို့ လိမ်ညာခေါ်ပြီးနောက် ရွာထဲပြန်ရောက်တဲ့အချိန် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ တယ်လို့ ဆိုပါတယ်။ ရွာသူကြီး ဝေးဇာခွန်မျာ ရပ်ရွာအကျိုးကို သယ်ပိုးနေသူဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကူညီစောင့်ရှောက်ပေးနေတဲ့ ဒေသခံလူထုအားကိုးရတဲ့သူတစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၂။ မုံရွာမှာ နေအိမ် သုံးဆယ်ကျော် မီးရှို့ခံရ
မေ ၁၀ ၊ RFA
မုံရွာမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပုရစ်ကုန်းရွာ (တောင်) က နေအိမ် နှစ်ဆယ်ခန့်၊ ကြေးမုံရွာက နေအိမ် ဆယ်လုံးကျော်နဲ့ မုံရွေးစျေးကိုမီးရှို့ခဲ့တာလို့ မုံရွာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။ “ဒီဘက်က မိုင်းဆွဲတော့ ပုရစ်ကုန်းတောင်ရွာနားမှာ ကားပျက်တာ။ ပုရစ်ကုန်းကို အရင်ရှို့တာ၊ ပြီးမှ နောက်ပြန်ခေါက်ပြီး ရှို့တာ။ ကြေးမုံဘက်က လမ်းဘေးအိမ်တွေ ရှို့တာ။ အတွင်းထဲက နှစ်အိမ်လား၊ သုံးအိမ်လာပဲ ရှို့တာ။ မုံရွေးစျေးလည်း ရှို့သွားတာ။ စျေးကတော့ အကုန်လုံးနီးပါးပဲ”လက်ရှိအချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရှိနေသေး တာကြောင့် ပုရစ်ကုန်း (တောင်)၊ ကြေးမုံနဲ့ မုံရွေးရွာတွေက ဒေသခံအများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီပြောဆိုချက်တွေနဲ့ ဖြစ်စဥ်အသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
Comentários