top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်


နေ့စဉ်သတင်းစုစည်းမှု

11-May-2024

တိုက်ပွဲသတင်း

 

၁။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ဒုတိယအကြိမ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က အရာရှိ ၂ ဦးအပါ ၁၀ ဦး သေဆုံး

 

မေ ၁၁ ၊ PVTV

 

ပဲခူးတိုင်း၊ တောင်ငူမြို့၊ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးတယ်လို့ Mountain Knights Civilian Defense Force (MKCDF)က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။"အရာရှိ ၂ ဦး၊ စစ်သည် ၈ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၃ ဦး၊ အခြားစစ်သည် ၅ ဦး ဒဏ်ရာ အပြင်းအထန်းရရှိထားပြီး အဆောက်အဦး ၂ လုံးနဲ့ ပရိဘောကပစ္စည်း အချို့ပျက်ဆီး ဆုံးရှုံးခဲ့ တယ်"လို့ Mountain Knights Civilian Defense Force (MKCDF)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ဦးဆောင်ပြီး သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေနဲ့အတူ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ဒီကနေ့ မနက် ၄ နာရီ ၁၃ မိနစ်မှာပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးကျည်စတွေဟာ ဓာတုဗုံးတွေ အနီးကျရောက်ပေါက်ကွဲတာကြောင့် အလျှင်အမြန် ရွှေ့ပြောင်းလိုက်ရပြီး ဒီတိုက်ခိုက်ခံရမှုနဲ့ပျက်စီးမှုကို သတင်းမထွက်စေဖို့ ကန့်သတ် ထိန်းချုပ်ထားတယ်ဆိုတာနဲ့ ဗုံးသီး တွေ ပေါက်ကွဲခြင်းမရှိဘူးလို့ အထက်ဌာနချုပ်မှူးတွေက တင်ပြထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

အခုတိုက်ခိုက်မှုက တောင်ငူလေဆိပ်အတွင်းကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တောင်ငူလေဆိပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ဖို့ အဓိကအားထားရတဲ့ လေတပ်တစ်ခုလည်းဖြစ်ပါတယ်။

 

၂။ ကန့်ဘလူမြို့နယ်၊ မလည်ရွာ ပျူစခန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် PDF ရဲဘော် ၁၀ ဦးနှင့် ပြည်သူတစ်ဦးက ကျဆုံး

 

မေလ ၁၁ ၊ BBC

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်သား၊ရဲ၊ ပျူ ၆ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် PDF ရဲဘော် ၁၀ ဦးနှင့် ပြည်သူ ၁ ဦးကျဆုံးခဲ့ရကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။ မေလ ၇ ရက်နေ့က ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ အကြမ်း ဖက်စစ်သား၊ ရဲ နှင့် ပျူပူးပေါင်းကာ အခြေချတပ်စွဲထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ၊ ပျူ ၆ ဦးသေဆုံးပြီး လက်လုပ် သေနတ်အပါ လက်နက်ငယ် ၁၄ လက်၊ ကျည်မျိုးစုံ ၇၀၀ ကျော်၊ ကျည်အိမ် ၁၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၆ လုံး၊ Jammer ၁ ခု၊ Equipment ၄ ခု၊ Uniform ၃ စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် တတက - ၁၃ မှ လက်နက်ကြီးဖြင့်ဗုံးသီး အလုံး ၆၀ ကျော် ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင်မြို့ အနီးစခန်း မှ Mi-35 (၁) စီးဖြင့် လေကြောင်း ပစ်ခတ်မှု ၁၀ ကြိမ် ၊တံတား ဦးမှ Jet Fighter ၁ စီးဖြင့် ၄ ကြိမ် ၊ Y-12 ဖြင့် ဗုံးအလုံး ၆၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား ၇၀ ခန့်မှလည်း ကျောက်လုံးကြီးရွာသို ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူ ပေးခဲ့သဖြင့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း၊ ထို့အပြင် ပြည်သူ (၁) ဦး လည်း ဗုံးစထိမှန် သေဆုံးခဲ့ရပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃ ၊ ရွှေဘိုခရိုင် တပ်ရင်း - ၃၊ အမှတ် ၅၁၀ တပ်ရင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ် ပကဖ နှင့် ခင်ဦးမြို့နယ် ပလဖ တို့ ထောက်ပို့ နှင့် ဖြတ်တောက်ရေး တာဝန်ယူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

၃။ စလင်းမြို့နယ်၊ ခင်ပလူရွာတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား အများအပြားသေဆုံး

 

မေလ ၁၁ ၊ D Day News

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခင်ပလူကျေးရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်းမင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ထံမှ သိရသည်။ မေလ ၇ ရက်နံနက် ၁၁ နာရီ ခန့်က စလင်းမြို့နယ်၊ မုံရွာ - ပုသိမ်လမ်း၊ ခင်ပလူရွာ အနီးတွင် အင်အား ၁၅၀ ကျော်ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်သား၊ ရဲ နှင့် ပျုစောထီးများကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ ကင်းပုန်းရဲဘော်များက စတင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက ခင်ပလူကျေး ရွာအတွင်း ဝင်ရောက်သွားပြီး တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ခင်ပလူကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၈ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းခွဲပြီး ငါးလှိုင်တွင်း မှော်ဘက်ကို တက်လာရာ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ခင်ပလူရွာ၌ ကျန်ရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်သားများအားလုံး တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား အများအပြားသေဆုံးကာ ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ ရဲဘော် ၁ ဦးနှင့် ထောက်ပို့ပြည်သူ ၁ ဦးတို့ တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း ၊ စလင်းမြို့ နယ် ပကဖအဖွဲ့၊ မိုးကြိုး ပျောက်ကျားအဖွဲ့ ၊ သခင်ဖိုးလှကြီးလက်နက်ကြီးအဖွဲ့ ၊ ဒေါင်းစစ်အောင် Local PDF အဖွဲ့နှင့် SLN PDF အဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၄။ မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်တာဝါတိုင်စခန်းမှ ရေခပ်ရန် ဆင်းလာသော စစ်သားများကို တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

မေလ ၁၁ ၊ D Day News

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ ရေခပ်ရန် ဆင်းလာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BRAVE HEART ARMY -BHA အဖွဲ့ထံမှ သိရသည်။ မေလ ၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင် တာဝါတိုင်စခန်းမှ သောက်ရေခပ်ရန် ဆင်းလာသော အကြမ်းဖက် စစ်သား ၄ ဦးကို အသင့်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန်ဒဏ်ရာ ရရှိသော စစ်သားကို ဗောဓိတစ်ထောင်တာဝါတိုင် စခန်းသို့ ခေါ်ဆောင်သွားစဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်သားများထံမှ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် 7.62 ကျည် ၁၀ တောင့်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

၅။ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေတွင် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးထက် မနည်း သေဆုံး

 

မေလ ၁၁ ၊ D Day News

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာ၊ ပဲခူးရိုးမတောင်ခြေ၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် အင်အား ၃၀ ဝန်းကျင်ဖြင့် လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာ၊ ပဲခူးရိုးမ တောင်ခြေသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ကြိုတင်သတင်းအရ အသင့်မိုင်းထောင်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သေဆုံးစစ်သားများနှင် လက်နက်များကို ကောက်ယူပြီး ပြန်ဆုတ်ပြေးသွား ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေ ရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ၏ လက်နက်ငယ် ကျည်အချို့နှင့် ၆၀ မမ ဗုံးသီးတစ်လုံးသိမ်းဆည်းရမိကြောင်း သိရ သည်။ သေဆုံးစစ်သား အလောင်းကောက်ကာ ပြန်ဆုတ်သွားသည့် အကြမ်းဖက် စစ်သားများသည် ဆင်တလင်းရွာ အရောက်တွင် ပြည်သူ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သာယာဝတီဂဠုန် တပ်ဖွဲ့ထံမှ သိရသည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၆။ အိန္ဒိယ နဲ့ ထိုင်း သံအမတ်တွေ စစ်ကောင်စီနဲ့ တွေ့ဆုံ

 

မေလ ၁၁ ၊ BBC

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်သစ် Mr. Abhay Thakur ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါ တယ်။ စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း စစ်ခေါင်းဆောင် နဲ့ အိန္ဒိယသံအမတ်ကြီး တို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယသံအမတ်ကြီးဟာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး၊ ငွေကြေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘဏ္ဍာရေးဝန်ကြီးနဲ့ပါ ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း စစ်ကောင်စီ သတင်းမီဒီယာတွေက ရေးသားကြပါ တယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၇။ ကနက်သီရီရွာကို စစ်ကောင်စီက လေကြောင်း ရေကြောင်းဖြင့် တိုက်ခိုက်မှု၊ အရပ်သား ၃ ဦးသေဆုံး

 

မေလ ၁၁ ၊ Mizzima

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာ(နတ်ဆိရွာ)ကို စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၁၀ ရက်နေ့) နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် ရေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်မှုကြောင့် အသက် ၄၀ နှစ်ကျော်ရွယ်ရှိ အရပ်သား သုံးဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာ (နတ်ဆိရွာ) ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် နှစ်စီးနှင့် ဂျက်ဖိုက်တာ တစီးတို့ဖြင့် ဗုံးသီး အလုံး ၂၀ နီးပါး ကြဲချတိုက်ခဲ့သည့်အပြင် ရေကြောင်းကပါ စစ်သင်္ဘောဖြင့်လည်း လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“အခုဆိုရင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာ နှစ်ကြိမ် ရှိနေပြီး ဒေသခံတွေလည်း ကလေး၊ လူကြီး အပါဝင် သေဆုံးတာ ငါးဦးအထိ ရှိလာနေပြီး ဖြစ်တယ်၊ မနေ့က ဆုံးသွားတဲ့ သုံးယောက်ဆိုရင် ချက်ချင်းပဲ မီးသင်္ဂြိုဟ်လိုက်ရတယ်” ဟု ကနက်သီရီကျေးရွာနေ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။စစ်ကောင်စီတပ်၏ လေကြောင်း ရေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ သုံးဦးမှာ အသက် ၄၀ ကျော်အရွယ် ကိုနောင်ဂေါ၊ အသက် ၄၀ နှစ် အရွယ် ကိုနိုင်ကြီးနှင့် အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ကိုညီဦးတို့ ဖြစ်သည်။

 

၈။ ဒိုက်ဦးအကျဥ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရလို့ နိုင်ငံရေးအကျဥ်းသား တဦးကျဆုံး

 

မေ ၁၁ ၊ The Irrawaddy

 

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရလို့ နိုင်ငံရေး အကျဥ်းသား တဦးကျဆုံးခဲ့တယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ‌ရေးအကျဥ်းသားများကွန်ရက် (PPNM)က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒိုက်ဦးအကျဥ်းထောင်အတွင်း ကျဆုံးခဲ့ရတဲ့ အသက် (၃၂) အရွယ် ကိုလင်းလင်းထွန်းဟာ မေ ၇ ရက်က ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ခဲ့ပြီး၊ ထောင်အာဏာပိုင်များမှ အချိန်နဲ့ တပြေးညီ ထောင်ပြင်ပ ဆေရုံသို့ လွှဲပြောင်းကုသခွင့် မရ တဲ့အတွက် မေ ၈ ရက်မှာကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကြောရေး စခန်းမှ ရိုက်နှက်ခဲ့တဲ့ ပြင်းထန်ဒဏ်ရာများနဲ့ ထောင်ပြင်ပဆေးရုံသို့ လွှဲပြောင်းကုသခွင့်ပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး၊ ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးမရှိဘူးလို့လည်းဆိုပါတယ်။ ကျဆုံး နိုင်ကျဥ်း ကိုလင်းလင်းထွန်းမှာ လယ်ဝေးမြို့ နေသူ ဖြစ်ပြီး၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် မတရား ချခံထားရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဌာနတခုဖြစ်တဲ့ အကျဥ်းဦးစီးဌာနရဲ့ ဒိုက်ဦးထောင်အတွင်း ဆေးဝါး မလုံလောက်မှုနဲ့ ကျန်းမားရေး စောင့်ရှောက်မှု ကောင်းစွာ မရခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ တဦး၊ မတ် ၆ ရက်မှာ တဦး စုစုပေါင်း သုံးဦး ကျဆုံးခဲ့တယ်လို့ အသိပေး ဖော်ပြထားပါတယ်။

 

၉။ လက်ထုတ္တောကျေးရွာက ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက်စစ်တပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်

 

မေ ၁၁ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ ပုန်းနေတဲ့ စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားတယ်လို့ ဒေသခံတစ်ဦးက PVTV ကို ပြောပါတယ်။ လက်ထုတ္တောရွာကို ဒီနေ့မနက် ၅ နာရီမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ခုနဲ့ အင်အား ၁၀၀ ကျော်အသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။"လက်ထုတ္တောရွာကို ချောင်းဦးမြို့ နတ်ရေကန်အထိုင်စစ်ကြောင်းနဲ့ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲအထိုင် စစ်ကြောင်းနှစ်ခုပေါင်းပြီး ပူးပေါင်းအင်အား ၁၀၀ ကျော်နဲ့ ရွာကို ဒရုန်းဗုံးသီးချတာ လက်နတ်ကြီး ငယ်တွေနဲ့မဲမဲမြင်ရာ ပစ်ခတ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာ" လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က လက်ထုတ္တော ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ပြီး ပြည်သူ ၃၂ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူနဲ့ ဖမ်းဆီးခေါ်ဆောင် သွားသူတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အဲ့ဒီလက်ထုတ္တောရွာဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေ ၆ ရက်ကလည်း အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့အနက် ၅၀၀ ကျော် မီးရှို့ဖျက်ဆီး ခံထားရတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

 

၁၀။ ဒီပဲယင်းတွင် လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

 

မေ ၁၁ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့တောင်ခြမ်းရှိ မန်ကျီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးနှင့် အရပ်သား တဦးသေဆုံးပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ယနေ့ (မေလ ၁၁ ရက်) မွန်းလွဲ ၂ နာရီခန့်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်က ဆိုသည်။ “ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ လို့ယူဆရတဲ့ ဗုံးသုံးလုံး ကြဲချသွားတာပါ။ ရွာအဝင်ဇရပ်နဲ့ ရွာဘေးကို ကြဲချသွားတာ ဖြစ်ပါတယ်။ ဗုံးကြဲပြီးနောက် စက်သေနတ်တွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်။ သေဆုံးတာ ကတော့ ရဲဘော်လေးဦးနဲ့ အရပ်သားတဦးပါ၊ ဒဏ်ရာရသူတွေကတော့ အရပ်သားတွေရော ရဲဘော်တွေ ရောပါ” ဟု ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရွာကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ရွာကဒေသခံတွေအကုန် ကြောက်လန့်တကြား ဖြစ်သွားတယ်။ သေဆုံးသူတွေရော၊ လက်ပြတ်ခြေပြတ်တွေရော၊ ဟိုဘက် ဒီဘက် ပေါက်ထွက်သွားသူတွေရော အတော်များပါတယ်။ ဗုံးကွဲခဲ့တဲ့နေရာက လူကြီး တရပ်မြုပ်တယ်။ အတောင် ၅၀ ပတ်လည်က နေအိမ်တွေ၊ အပင်တွေ အကုန်ပြတ်ထွက်သွားတယ်” ဟု ဒေသခံအမျိုးသားတဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် လက်ရှိအချိန်ထိ သေဆုံးသူငါးဦးရှိပြီး အရေးပေါ် ဆေးရုံတင်ထားရသူ ၁၅ ဦးရှိကြောင်း ကူညီဆောင်ရွက်ပေးနေသော ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

 

၁၁။ ကလေးမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

 

မေ ၁၁ ၊ RFA

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်တော်ဦးရွာမှာ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါ တယ်။ သေဆုံးခဲ့သူတွေဟာ အသက် ၆၀ ကျော်အရွယ် Pa Ci Luai နဲ့ အသက် ၄၀ အရွယ် Pa Pa Mawng တို့ဖြစ်ပြီး အမည်မသိရသေးတဲ့ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ သေဆုံးခဲ့သူနှစ်ဦးဟာ ဦးခေါင်းနဲ့ ရင်ဘတ် ပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ "သေဆုံးခဲ့တဲ့နှစ်ဦးက နေရာမှာတင် ပွဲချင်းပြီးဆုံးတာ၊ ဆေးရုံတောင်မရောက်ဘူးလို့ သိရပါတယ်။ နောက်ထပ် တစ်ဦးကတော့ ဗိုက်တို့၊ ခေါင်းတို့၊ လက်ဖျံတို့ကို ထိတာ။ ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ ကြားတယ်"

ဆည်တော်ဦးရွာနဲ့ သုံးမိုင်အကွာ ကမ္ဘာနီတံတားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာတောင်ဘက်ကို တစ်လုံး ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။

 

၁၂။ မကွေးနှင့်ပခုက္ကူတွင် Mask တပ်၊ အိတ်လွယ်ခွင့် ပိတ်ပင်

 

မေ ၁၁ ၊ The Irrawaddy

 

မကွေးတိုင်းရှိ မကွေးမြို့နယ်၊ ပခုက္ကူမြို့နယ်များအတွင်း Mask တပ်ခြင်း၊ လက်နက်ခဲယမ်းထည့်သည့်အိတ်များ စလွယ် သိုင်းသွားလာခြင်းကို တားမြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးများက လက်မှတ်ရေးထိုး၍ ဒေသန္တရအရေးပေါ်အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အမိန့်ကြေညာချက်တွင် သင်္ကြန်ကာလနှင့် သင်္ကြန်အပြီးကာလများ၌ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သူများ မကြာခဏ သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်နေရာ PDF အကြမ်းဖက်သူများ သည် Mask တပ်ဆင်ခြင်း၊ လက်နက်ခဲယမ်းထည့်သည့်အိတ်များ စလွယ်သိုင်း၍ သွားလာလုပ်ကြံနေသည်ကို တွေ့ရှိရ သဖြင့် အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မေ ၉ ရက်မှ စတင်ကာ Mask တပ်ခြင်း၊ လွယ်အိတ်များ စလွယ်သိုင်း သွားလာခြင်းကို တားမြစ်ကြောင်း ဖော်ပြထားသည်။

မကွေးမြို့ခံတဦးက “မနေ့ညပိုင်းက လော်စပီကာတွေနဲ့ မြို့ထဲကိုလှည့်ပြီး ကြေညာသွားတာ။ Mask မတပ်ရဘူး၊ ဘေးလွယ်အိတ် မလွယ်ရဘူးတဲ့။ အဲဒီလိုလုပ်တာကိုတွေ့ရင် PDF အဖြစ်သတ်မှတ်ပြီး အရေးယူမယ်လို့ အော်သွားတာပဲ။ အမှန်အတိုင်းပြောရမယ်ဆိုရင် သိပ်ပြီးမကြိုက်ပေမယ့်လည်း သူတို့တွေက သတ်မှတ်ထားပြီးလို့ မလိုက်နာရင် တကယ် ဖမ်းတာဆိုတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မစဉ်းစားရဲဘူး” ဟု ပြောသည်။ အဆိုပါ ထုတ်ပြန်ချက်အမိန့်ကို လိုက်နာ ခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်သလို ကြေညာသည့် နေ့ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အကျုံးဝင်ကြောင်း ဆိုထားသည်။

 

၁၃။ နောင်ချိုတွင် စစ်တပ် ရမ်းပစ်သည့် လက်နက်ကြီးထိမှန်ကာ အဖေနှင့်သမီး ပွဲချင်းပြီး သေဆုံး

 

မေ ၁၁ ၊ Myanmar Pressphoto Agency

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အဖေဖြစ်သူနှင့်သမီးတို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ မေလ ၁၀ ရက်၊ ညရှစ်နာရီ ဝန်းကျင်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် သုံးဆယ်ရွာ နေအိမ်တစ်လုံးပေါ် တည့်တည့် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ငါးဦးဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံ က သိရသည်။ "မနေ့ည(မေလ ၁၀ ရက်ည)က လက်နက်ကြီးလေးချက်ပစ်တယ်။ သုံးချက်ကွဲတာ။ တစ်လုံးကတော့ မကွဲ ဘူး။ ကွဲတဲ့သုံးလုံးထဲကတစ်လုံးက နေအိမ်တည့်တည့်ကျတာ" ဟု မျက်မြင်အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

သေဆုံးသွားသူများမှာ အသက် ၆၀ အရွယ် အမျိုးသားနှင့် အသက် ၂၃ နှစ်အရွယ်ရှိ ၎င်း၏ သမီးတို့ဖြစ်ပြီး ဒဏ်ရာရသော တစ်အိမ်တည်းနေ မိသားစုဝင် လေးဦးတို့မှာလည်း အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

လက်နက်ကြီးတည့်တည့်ကျသောအိမ်မှ အသက်၂၀ အရွယ် လင်မယားနှစ်ဦး၊ အသက် လေးနှစ်အရွယ်ရှိ ၎င်းတို့၏သားနှင့် သေဆုံးသွားသော အမျိုးသမီး၏ ခင်ပွန်းတို့မှာ စိုးရိမ်ရ ဒဏ်ရရခဲ့ပြီး ဘေးအိမ်ရှိ အသက် ၆၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လည်း မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူများကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။



 

 

 

 

 

 

 

54 views0 comments

Comments


bottom of page